မောင်မင်းမော်၊ စက်တင်ဘာ-၄
မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ် မင်းကြီးကုန်းကျေးရွာတွင် မူလတန်းကျောင်းအုပ်ဆရာက လေးတန်းကျောင်းသူ သုံးဦးကို ကျောင်းစာသင်ခန်းအတွင်း စာသင်ချိန် အခြားကျောင်းသား၊ ကျောင်းသူများ ရှေ့မှောက်တွင် မဖွယ်မရာ ပြုလုပ်သည်ဟုဆိုကာ ကျောင်းသူတစ်ဦး၏ မိခင်က ရဲစခန်းတွင် အမူဖွင့်တိုင်တန်းမူ ယနေ့ (စက်တင်ဘာ၄)တွင် ဖြစ်ပွားခဲ့သည်။
အသက်(၅၆)နှစ်အရွယ် မူလတန်းကျောင်းအုပ်ဆရာသည် စက်တင်ဘာ(၂)ရက် နေ့လည်ပိုင်းက မင်းကြီးကုန်းကျေးရွာ မူလတန်းကျောင်းတွင် ပညာသင်ကြားနေသည့် အသက်(၁၀)နှစ်နှင့် (၁၁)နှစ်အရွယ် လေးတန်းကျောင်းသူ သုံးဦးကို လက်နမ်းခြင်း၊ ပါးနမ်းခြင်း၊ ပါးစပ်နမ်းခြင်းနှင့် မိန်းမကိုယ်အင်္ဂါကို လက်ဖြင့် ကိုယ်တွင်ခြင်းများ ပြုလုပ်ခဲ့သည်ဟုဆိုကာ အမူဖွင့်ခံရခြင်းဖြစ်သည်။
လက်ရှိတွင် အဆိုပါ ကျောင်းအုပ်ဆရာကို ဖမ်းဆီးစစ်ဆေးလျှက်ရှိပြီး စဉ့်ကူးမြို့မရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၇/၃၅၄ (ဓမ္မတာနှင့်ဆန့်ကျင်သော ပြုလုပ်မူ၊ ကာယိန္ဒြေပျက်အောင် ပြုလုပ်မူ) တို့ဖြင့် အမူဖွင့်ထားသည်ဟု အဆိုပါရဲစခန်းမှ စခန်းမှူးက ပြောသည်။
“ကျွန်တော်တို့ စစ်ဆေးနေဆဲဖြစ်ပါတယ်။ အရက်မူးပြီး ဖြစ်သွားတဲ့ပုံစံမျိုးပါ၊ ကျောင်းချိန် စာသင်ဆောင်ထဲမှာ အကုန်လုံး ကျောင်းသားတွေရှိတဲ့ အချိန်မှာ ဖြစ်တယ်လို့ သိရပါတယ်”ဟု စဉ့်ကူးမြို့မရဲစခန်းမှူးက ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မျက်မြင်သက်သေ ကျောင်းသား၊ကျောင်းသူများကို ဆက်လက်စစ်ဆေးရဦးမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“သူက ပထမ ကျောင်းသူ နှစ်ယောက်ကို လက်နမ်းတယ်၊ ပါးနမ်းတယ်၊ ပါးစပ်ကို နမ်းတယ်ပေါ့။ နောက်ဆုံး တစ်ယောက်ကိုတော့ မိန်းမကိုယ်အင်္ဂါကို အပြင်ကနေ လက်နဲ့ကိုင်တယ်ဆိုပြီး အမူဖွင့်ခံရတာဖြစ်ပါတယ်”ဟု စဉ့်ကူးမြို့မရဲစခန်းမှူးက ပြောသည်။
အဆိုပါ ကျောင်းအုပ်ဆရာသည် နေ့ခင်းအချိန် စာသင်ခန်းအတွင်း ကျောင်းသူသုံးဦးအပေါ် အထက်ပါအတိုင်း ကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံထားရပြီး အခင်းဖြစ်ရပ်ကို စာသင်ခန်းအတွင်း အတူရှိနေသည့် လေးတန်းကျောင်းသား၊ကျောင်းသူ အချို့မှလည်း မြင်တွေ့ခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
၎င်း ကျောင်းအုပ်ဆရာသည် အရက်သေစာ သောက်စားသည့်အတွက် ယခင်ကတည်းက ကျောင်းသားမိဘအချို့က ကြိုက်နှစ်သက်ခြင်း မရှိဘဲ ပြောင်းရွှေ့ပေးရန် တောင်းဆိုမူများ ရှိခဲ့ဖူးကြောင်း စဉ့်ကူးမြို့နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“”ဒီဆရာကြီးက အရက်သောက်တတ်တော့ မိဘတော်တော်များများက မလိုချင်ကြဘူး။ အရည်အချင်းကတော့ ရှိတယ်။ အခုလို ဖြစ်သွားတာဆိုတော့ ရွာဓလေ့အရ သုံးသပ်ရရင် မလိုချင်ဘူးဆိုရင် ဆရာမနဲ့သော်လည်းကောင်း၊ ကလေးနဲ့သော်လည်းကောင်း ဒါပဲရှိတယ်။ ဒါပေမယ့် ဘယ်အရာမှ မသေချာသေးဘူး။ သွားစစ်တယ် ဆရာမတွေကတော့ မမြင်ဘူးလို့ပြောတယ်”ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။

လက်ရှိတွင်မူ အမူဖွင့်ခံထားရသည့်အတွက် ယာယီအနေဖြင့် ရာထူးရပ်၊ လစာဖြတ် အရေးယူထားပြီး တရားရုံး၏ စစ်ဆေးဆုံဖြတ်ချက်အပေါ် မူတည်ကာ ပြစ်ဒဏ်ချမှတ်ခံရပါက ဝန်ထမ်းစည်းမျဉ်းစည်းကမ်းအရ ဆက်လက်အရေးယူမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အဆိုပါ ကျောင်းအုပ်ဆရာသည် စဉ့်ကူးမြို့နယ် ဇာတိဖြစ်ပြီး ဇနီးနှင့် သား၊သမီးများလည်း ရှိကြောင်း မြို့နယ်ရဲစခန်းမှ သတင်းရရှိသည်။