မန္တလေးတွင် AA အဖွဲ့ဝင်ဟုယူဆရသော အမျိုးသားလေးဦးကို ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းမိ

ဖောက်ခွဲရေးပစ္စည်းများတွင် ဒီတိုနေတာ တစ်ထောင်၊ ယမ်းများနှင့် ရှရှားနိုင်ငံလုပ် မှန်ဘီလူးများ ပါဝင်

Mandalay In-depth News၊ စက်တင်ဘာ-၁၀

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အမှတ်(၁၁)ရဲစခန်းအပိုင်နယ်မြေအတွင်းရှိ နေအိမ်တစ်လုံးတွင် AA(ရခိုင်လက်နက်ကိုင်အဖွဲ့) အဖွဲ့ဝင်ဟု ယူဆရသည့် အမျိုးသားလေးဦးကို ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ယနေ့နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖမ်းဆီးရမိသည့် အမျိုးသားလေးဦးကို မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးတွင် စစ်ဆေးနေပြီး အမူဖွင့်အရေးယူရန် ဆက်လက်ဆောင်ရွက်နေကြောင်း ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးဇော်ဝင်းနိုင်က ပြောသည်။

“လူလေးယောက် ဖမ်းမိထားတယ်။ ယမ်းတွေ၊ ဒီတိုနေတာတွေ၊ မှန်ဘီလူးတွေပါ ပါတယ်။ အခုတော့ အမူဖွင့်ဖို့ တိုင်းရုံးမှာ စစ်ဆေးနေပါတယ်”ဟု ၎င်းက ဆိုသည်။

မန္တလေး ချမ်းမြသာစည်မြို့နယ် မြို့သစ်(၅)ရပ်ကွက်၊ လမ်း(၇၀)ရှိ နေအိမ်တစ်အိမ်သို့ သတင်းအရ ဝင်ရောက်ရှာဖွေရာ AA လက်နက်ကိုင်အဖွဲ့ဝင်များဟု ယူဆရသူ အမျိုးသားလေးဦးနှင့်အတူ ဖောက်ကွဲဖျက်ဆီးရာတွင် အသုံးပြုသော ပစ္စည်းများ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါနေအိမ် အပေါ်ထပ်ရှိ အခန်းအတွင်းမှ ယမ်းတုံးဟု ယူဆရသော အထုပ်(၂၈)ထုပ်၊ ဒီတိုနီတာ ၁၀၀ထုပ်ပါ (၁၀)ခု၊ ဖယောင်းချောင်း (၃၅)ချောင်း၊ စက္ကူဖြူ(၁၅)လိပ်ပါ (၃)ထုပ်၊ ယမ်းဖြူဟု ယူဆရသော(ဆာလာအိတ်ဖြင့် ထည့်လျက်) (၅)အိတ်နှင့် စက္ကူညို (၁)ထုပ်၊ THLIRAYA XT-ITTE. Satellite Phone (အသစ်) လုံးရေ(၄၀)၊ မှန်ပြောင်း (BAIGISH) made in RUSSIA(၃၀)ခုနှင့် GARMIN (GPS+GLONASS)(၂၅)လုံး တို့ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖမ်းဆီးရမိသည့် အမျိုးသားများမှာ ရန်ကုန်မြို့ အင်းစိန်မြို့နယ်တွင် နေထိုင်သူတစ်ဦး၊ ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် နေထိုင်သူတစ်ဦးနှင့် ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် နေထိုင်သူနှစ်ဦးတို့ ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ ဖမ်းဆီးရမိမူနှင့် ပတ်သက်၍ မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးတွင် ဆက်လက်စစ်ဆေးနေသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်