ရတနာပုံတံတားပေါ်တွင် သူငယ်ချင်းကို ဓါတ်ပုံရိုက်ပေးသည့် အမျိုးသားတစ်ဦး မြစ်အတွင်း ပြုတ်ကျ ပျောက်ဆုံး

ဘုံကမ္ဘာထွန်း၊ အောက်တိုဘာ-၂၉

မန္တလေးမြို့ ရတနာပုံတံတားပေါ်တွင် ဓါတ်ပုံရိုက်ကူးနေသည့် လူငယ်တစ်ဦး ခြေချော်ကာ ဧရာဝတီမြစ်အတွင်း ပြုတ်ကျပျောက်ဆုံးမှု အောက်တိုဘာ(၂၈)ရက်က ဖြစ်ပွားခဲ့ကြောင်း အမရပူရမြို့နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက Mandalay In-depth News သို့ ပြောသည်။

အသက်(၂၀)အရွယ် နိုင်းနိုင်းထွန်း ဆိုသူနှင့် (၂၃)နှစ်အရွယ် ရှိုင်းမောင်မောင် ဆိုသူတို့သည် အောက်တိုဘာ(၂၈)ရက် (၂)နာရီခွဲအချိန်က ရတနာပုံတံတားသို့ လာရောက်ခဲ့ပြီး ရှိုင်းမောင်မောင်ကို ဓါတ်ပုံရိုက်ပေးမည်ဟုဆိုကာ နိုင်းနိုင်းထွန်းမှာ နောက်သို့ တဖြေးဖြေးဆုတ်သွားစဉ် တံတားဘောင်ပေါ်ကို ကျော်ကာ ခြေချော်၍ ဧရာဝတီမြစ်အတွင်း ပြုတ်ကျခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

တံတားပေါ်မှ ခြေချော်ကာ မြစ်အတွင်း ပြုတ်ကျပျောက်ဆုံးခဲ့သူမှာ စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ်တွင် နေထိုင်ပြီး မန္တလေးမြို့ရှိ လျှပ်စစ်ပစ္စည်း အရောင်းဆိုင်တစ်ဆိုင်တွင် အရောင်းဝန်ထမ်းအဖြစ် လုပ်ကိုင်နေသူဖြစ်သည်ဟု ဆိုသည်။

“လာတာက နှစ်ယောက်လာတာ။ တစ်ယောက်က ဓါတ်ပုံရိုက်မယ်ဆိုပြီး တံတားဘောင်ပေါ် တက်ရိုက်တဲ့အချိန် ပြုတ်ကျတာ”ဟု အမရပူရမြို့မ ရဲစခန်းမှူး ဒု-ရဲမှူးစန်းဝင်းက Mandalay In-depth News က ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မြစ်အတွင်း ပြုတ်ကျပျောက်ဆုံးသူ၏ မိဘများနှင့် အမရပူရ မြို့မရဲစခန်းသို့ ဆက်သွယ်အကြောင်းကြား ခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့နှင့် ရွှေကြက်ယက်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ ပူးပေါင်းကာ ရှာဖွေလျှက်ရှိသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

စစ်ကိုင်း (အင်းဝ) တံတားဟောင်း။ Photo – Sagaing Images

တံတားပေါ်မှ ပြုတ်ကျပျောက်ဆုံးနေသူကို ယနေ့ နေ့လည်ပိုင်းအထိ ရှာဖွေနေဆဲဖြစ်ပြီး ပြန်လည်တွေ့ရှိခြင်း မရှိသေးကြောင်း အမရပူရမြို့မရဲစခန်းမှူးက ပြောသည်။

ဧရာဝတီမြစ်ကို ဖြတ်ကာ မန္တလေးမြို့နှင့် စစ်ကိုင်းမြို့အကြား သွယ်တန်းထားသည့် တံတားနှစ်စင်းရှိပြီး ယခုနှစ်အတွင်း အဆိုပါ တံတားများပေါ်မှ မြစ်အတွင်း ခုန်ချသတ်သေမူများ မကြာခနဖြစ်ပွားလျှက်ရှိသည်။

Photo – Mg Min Maw (Mandalay In-depth news)

အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း)မှ ပြုစုထားသော မှတ်တမ်းများအရ ယခုနှစ်အတွင်း တံတားနှစ်စင်းပေါ်မှ ဧရာဝတီမြစ်အတွင်း ခုန်ချသတ်သေရန် ကြံစည်သည်ဟု ယူဆရသူ (၇)ဦး ရှိခဲ့ပြီး တစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ကာ တစ်ဦးအလောင်းတွေ့ပြီး (၅)ဦး ပျောက်ဆုံးခဲ့ကြောင်း  ယင်းအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

တံတားပေါ်တွင် သတိပေးစာများ တပ်ဆင်ထားသလို ရဲတပ်ဖွဲ့ဝင်များမှ နေ့၊ည လုံခြုံရေး ဆောင်ရွက်ပေးနေသော်လည်း အများပြည်သူမှ စည်းကမ်းလိုက်နာမှု အားနည်းခြင်းနှင့် အချို့က တံတားပေါ်မှ မြစ်အတွင်း ခုတ်ချကာ သေကြောင်းကြံစည်မူများကြောင့် ယခုကဲ့သို့ တံတားပေါ်မှ ခုန်ချ၊ ပြုတ်ကျသည့် ဖြစ်စဉ်များ မကြာခန ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်