တေဇ၊ အောက်တိုဘာ -၃၀
မိုဘိုင်း X- Ray ရိုက်စက် တပ်ဆင်ထားသည့် ပြင်ဦးလွင်မြို့နယ် ရေငယ်ကျေးရွာအနီးရှိ မော်တော်ယာဉ် စစ်ဆေးရေးဂိတ်တွင် အောက်တိုဘာ (၂၉)ရက်က ခြောက်ဘီးကားတစ်စီးပေါ်မှ ဖောက်ခွဲရေးပစ္စည်း ဒီတိုနေတာ (၁၄၅၀၀)ချောင်း သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
အဆိုပါ ပြင်ဦးလွင် စစ်ဆေးရေးဂိတ်တွင် အောက်တိုဘာ(၂၉)ရက် နံနက်အစောပိုင်းက နောင်ချိုမြို့မှ မန္တလေးဘက်သို့ မောင်းနှင်လာသည့် ခြောက်ဘီးကားတစ်စီးကို ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးခဲ့ရာ မော်တော်ယာဉ် ရှေ့ခန်းအတွင်း ဆာလာအိတ်များဖြင့် ထည့်သွင်းသယ်ဆောင်လာသည့် စနက်တံပါ ဒီတိုနေတာများ ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု ဆိုသည်။

မော်တော်ယာဉ် ရှေ့ခန်းအတွင်းရှိ ဆာလာအိတ် (၅)အိတ်အတွင်းမှ အရှည် (၂ဒသမ၅) လက်မခန့်ရှိ စနက်တံနှင့် အရှည်(၆)ပေခန့်ရှိ ဝါယာနှစ်ပင် ဆက်သွယ်ထားသည့် ဒီတိုနေတာ (၁၄၅၀၀)ချောင်း တွေ့ရှိခဲ့သည်ဟု ဆိုသည်။
အဆိုပါ ဒီတိုနေတာများ တွေ့ရှိမှုနှင့်ပတ်သက်၍ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်ဖြစ်သည့် မန္တလေးမြို့နေ အသက်(၂၈)နှင့် (၂၁)နှစ်အရွယ် အမျိုးသားနှစ်ဦးကို စစ်ဆေးရာ ယင်းပစ္စည်းများကို အမရပူရမြို့နယ်၊ တောတွင်းကျေးရွာအနီး သရက်ခြံ၌ နေထိုင်သူ အသက်(၄၂)နှစ်အရွယ် အမျိုးသားတစ်ဦး၏ ဆက်သွယ်ပေးမှုဖြင့် လားရှိုးမြို့ရှောင်လမ်း၊ ဘုရားကြီးကုန်းဆင်းအနီး၌ အမျိုးသားသုံးဦးမှ ဖိုးဝှီးကားတစ်စီးဖြင့် လာရောက် တင်ဆောင်ပေးခြင်း ဖြစ်ကြောင်း၊ သယ်ဆောင်ခ ကျပ်ရှစ်သောင်းဖြင့် တင်ဆောင်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ထွက်ဆိုသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့နောက် အဆိုပါ ဒီတိုနေတာများ တင်ဆောင်ရန် ချိတ်ဆက်ပေးသည့် အသက်(၄၂)နှစ်အရွယ် အမျိုးသားကို ထပ်မံဖမ်းဆီးစစ်ဆေးရာ ဒီတိုနေတာများနှင့် ယာဉ်ပိုင်ရှင်မှာ လားရှိုးမြို့နေသူ အားစိန် ဆိုသူဖြစ်ပြီး မည်သည့်နေရာ၌ အသုံးချမည်ကိုမူ မသိရှိဟု ဆိုသည်။
ဒီတိုနေတာများ သယ်ဆောင်လာမှုနှင့်ပတ်သက်၍ ဖမ်းဆီးထားသည့် ချိတ်ဆက်ပေးသူ၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ သုံးဦးအပါအဝင် ပစ္စည်းများ တင်ဆောင်ပေးလိုက်သည့် ဖမ်းဆီးရမိခြင်း မရှိသေးသော အမျိုးသား သုံးဦးတို့ကို ပြင်ဦးလွင်မြို့နယ် ပိတ်ချင်းမြောင် နယ်မြေရဲစခန်းတွင် ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ ဥပဒေပုဒ်မ ၅/၆ ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိသည်ဟု ပြည်ထဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
၎င်းဖမ်းမိမူနှင့်ပတ်သက်၍ Mandalay In-depth News မှ ပြင်ဦးလွင်မြို့နယ် ပိတ်ချင်းမြောင်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း အသေးစိတ် စစ်ဆေးနေဆဲသာဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြန်လည်ဖြေဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းကလည်း မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ နေအိမ်တစ်အိမ်တွင် AA (ရခိုင်လက်နက်ကိုင်အဖွဲ့) အဖွဲ့ဝင်အချို့အပါအဝင် အမျိုးသားလေးဦးကို ဒီတိုနေတာနှင့် ဖောက်ခွဲရေးပစ္စည်းများ နှင့်အတူ ဖမ်းဆီးရမိခဲ့သေးသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဖောက်ခွဲရေးပစ္စည်းများ လက်ဝယ်တွေ့ရှိသည့် AA အဖွဲ့ဝင်များအပါအဝင် ဆက်စပ်သူ (၆)ဦးကို ဖမ်းဆီးထားပြီး (၃)ဦးကို ဝရမ်းထုတ်ကာ စုစုပေါင်း (၉)ဦးကို မန္တလေးခရိုင်တရားရုံးတွင် တရားစွဲဆိုထားသည်။
မန္တလေးမြို့သည် လမ်းပန်းဆက်သွယ်ရေးအရ အချက်အခြာကျသည့်မြို့ (Logistic Hub) ဖြစ်ပြီး ဖောက်ခွဲရေး ပစ္စည်းများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ မည်သည့်ဒေသမှ သယ်ဆောင်လာပြီး မည်သည့်နေရာတွင် အသုံးပြုမည်ဆိုသည်ကို ဆက်လက်စစ်ဆေးနေဆဲဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားထားသည်။
ပြင်ဦးလွင် X-Ray စစ်ဆေးရေးဂိတ်တွင် ဖမ်းမိခဲ့သည့် ဒီတိုနေတာများ။ ဓါတ်ပုံ – ပြည်ထဲရေးဝန်ကြီးဌာန