မန္တလေးကျုံးဘေး မီးပွိုင့်တွင် ဆိုင်ကယ်စီးလူငယ်နှစ်ဦး ပြိုင်ကားဖြင့် တိုက်ခံရကာ သေဆုံးမှု အပြီးသတ် အမိန့်ချမည်

ဘုံကမ္ဘာထွန်း၊ အောက်တိုဘာ-၂၉

မန္တလေးကျုံးဘေးမီးပွိုင့်တွင် ဆိုင်ကယ်စက်သပ်ကာ မီးနီစောင့်ဆိုင်းနေသည့် လူငယ်နှစ်ဦး ပြိုင်ကားဖြင့် နောက်မှဝင်တိုက်ခံရပြီး သေဆုံးခဲ့မူနှင့်ပတ်သက်၍  ပြိုင်ကားမောင်းသူကို လာမည့်ကြာသပတေးနေ့ အောက်တိုဘာ(၃၁)ရက်တွင် အပြီးသတ် အမိန့်ချမည်ဖြစ်ကြောင်း အောင်မြေသာစံမြို့နယ် တရားရုံးမှ သတင်းရရှိသည်။

၂၀၁၈ နိုဝင်ဘာလဆန်းပိုင်းက ဖြစ်ပွားခဲ့သော အထက်ပါ ယာဉ်တိုက်မှုနှင့်ပတ်သက်၍ ပြိုင်ကားမောင်သူဟု ဆိုသည့် အသက်(၂၆)နှစ်အရွယ် ဖုန်းဆိုင်အရောင်းဝန်ထမ်း အမျိုးသားကို ဖမ်းဆီးထားပြီး အောင်မြေသာစံမြို့နယ် တရားရုံးတွင် ပုဒ်မနှစ်ခုဖြင့် စွဲချက်တင်ထားသည်။

အဆိုပါအမှုကို အချိန်တနှစ်နီးပါးကြာ ရုံးချိန်း(၃၀)ကျော် ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် အောက်တိုဘာ(၃၁)ရက်တွင် အပြီးသတ်အမိန့်ချမည်ဟု တရားသူကြီးက သတ်မှတ်ကြေညာလိုက်ကြောင်း ပြိုင်ကားမောင်းသူဘက်မှ လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးရဲမင်းအောင်က Mandalay In-depth News သို့ ပြောသည်။

”စစ်ဆေးရတဲ့ သက်သေတွေက များလို့ ခုလောက်ကြာသွားတယ်လို့ ထင်ပါတယ်၊ ပြီးခဲ့တဲ့ရုံးချိန်းတုန်းက တရားလိုဘက်က လျှောက်လဲချက် တင်းပြီးသွားပြီး။ ဒီနေ့ရုံးချိန်းမှာ ကျွန်တော်တို့ဘက်က လျှောက်လဲချက်တင်တာ၊ နှစ်ဖက်လုံးပြီးသွားလို့ နောက်ရုံးချိန်းမှာ အမိန့်ချမှာပါ”ဟု ဦးရဲမင်းအောင်က ပြောသည်။

ပြိုင်ကာမောင်းသူကို ဇူလိုင်(၃၁)ရက်က အောင်မြေသာစံမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးစဉ်။ ဓါတ်ပုံ - မင်းမော် (Mandalay Indepth News)
ပြိုင်ကာမောင်းသူကို ဇူလိုင်(၃၁)ရက်က အောင်မြေသာစံမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးစဉ်။ ဓါတ်ပုံ – မင်းမော် (Mandalay Indepth News)

၂၀၁၈ နိုဝင်ဘာ(၈)ရက် ညပိုင်းက မန္တလေးမြို့ ကျုံးတောင်ဘက်ခြမ်း (၇၈)လမ်းနှင့် (၂၆)လမ်းထောင့် လမ်းဆုံမီးပွိုင့်တွင် မီးနီနေချိန် ဆိုင်ကယ်စက်သပ်ကာ စောင့်နေသည့် လူငယ်နှစ်ဦးကို (၇၈)လမ်းအတိုင်း မောင်းနှင်လာသည့် အနီရောင်ပြိုင်ကားတစ်စီးမှ နောက်မှဝင်တိုက်ခဲ့သည်။ အဆိုပါ ယာဉ်တိုက်မှုကြောင့်  ဆိုင်ကယ်စီး လူငယ်နှစ်ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သလို ပြိုင်ကား၏ အရှိန်ကြောင့် ယင်းမီးပွိုင့်ရှိ ယာဉ်ထိန်းရဲ အဆောက်အဦးလည်း ပျက်စီးခဲ့သည်။

သေဆုံးသူနှစ်ဦးမှာ မန္တလေးမြို့ အောင်မြေသာစံမြို့နယ်နေ အသက်(၂၃)နှစ်အရွယ် တက္ကသိုလ်ကျောင်းသားနှင့် အသက်(၂၆)နှစ်အရွယ် အမျိုးသားတို့ဖြစ်သည်။ ပြိုင်ကားဝင်တိုက်မှုကြောင့် ယာဉ်ထိန်းရဲ အဆောက်အဦး ထိခိုက်ပျက်စီးကာ ကျပ်(၂၆)သိန်းကျော်ဖိုး ပျက်စီးဆုံးရှုံးခဲ့ကြောင်း အာင်မြေသာစံမြို့နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ပြိုင်ကာမောင်းသူကို ဇူလိုင်(၃၁)ရက်က အောင်မြေသာစံမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးစဉ်။ ဓါတ်ပုံ - မင်းမော် (Mandalay Indepth News)
ပြိုင်ကာမောင်းသူကို ဇူလိုင်(၃၁)ရက်က အောင်မြေသာစံမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးစဉ်။ ဓါတ်ပုံ – မင်းမော် (Mandalay Indepth News)

အဆိုပါ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည့် ပြိုင်ကားကို မောင်းနှင်သူမှာ မန္တလေးမြို့ရှိ ဖုန်းအရောင်းဆိုင်တစ်ဆိုင်တွင် အရောင်းဝန်ထမ်းအဖြစ် လုပ်ကိုင်နေသည့် အသက်(၂၆)နှစ်အရွယ် သန်းထက်အောင် ဖြစ်ပြီး ၎င်းမှာ သူငယ်ချင်း၏ ကားကို ခေတ္တငှားရမ်းကာ မောင်းနှင်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုထားသည်ဟု သိရှိရကြောင်း သေဆုံးသူ၏ ဖခင် ဦးအောင်စိုးမိုးက ပြောသည်။

ယင်းအမှုနှင့်ပတ်သက်၍  ပြိုင်ကားမောင်းသူ သန်းထက်အောင်ကို အောင်မြေသာစံမြို့နယ် အမှတ်(၂)နယ်မြေရဲစခန်းတွင် အမှုဖွင့်ခဲ့ပြီး တရားစွဲဆိုခဲ့ရာ အောင်မြေသာစံမြို့နယ် တရားရုံးမှ ပြစ်မူဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄(က)၊ ၂၇၉ တို့ဖြင့် စွဲချက်တင်ထားသည်။

ပြစ်မူဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄(က)မှာ ပေါ့လျှော့ခြင်းကြောင်း သေစေမူဖြစ်ပြီး အမြင့်ဆုံးပြစ်ဒဏ် ထောင်(၇)နှစ်ဖြစ်စေ၊ သေစေလိုသော ရည်ရွယ်ချက်ပါလျှင် ထောင်(၁၀)နှစ်အထိဖြစ်စေ ချမှတ်နိုင်ကြောင်းနှင့် ပြစ်မူဆိုင်ရာ ဥပဒေပုဒ်မ ၂၇၉ သည် အများပြည်သူဆိုင်ရာ လမ်းတွင် အန္တရာယ်ဖြစ်စေနိုင်သည့် ယာဉ်မောင်းနှင်မှုဖြစ်ပြီး အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် နှစ်နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြစ်မူဆိုင်ရာ ဥပဒေတွင် ဖော်ပြထားသည်။

မန္တလေးမြို့တွင် ယာဉ်တိုက်မှုကြောင့် လူသေဆုံး၊ ထိခိုက်ဒဏ်ရာရမှုများ မကြာခနဖြစ်ပွားနေပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ မန္တလေးခရိုင် (၇)မြို့နယ်အတွင်း ယာဉ်တိုက်မှုကြောင့် လစဉ် လူဆယ်ဦးခန့် သေဆုံးလျှက် ရှိသည်။

ပြိုင်ကာမောင်းသူကို ဇူလိုင်(၃၁)ရက်က အောင်မြေသာစံမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးစဉ်။ ဓါတ်ပုံ – မင်းမော် (Mandalay Indepth News)

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်