မန္တလေးတွင် မူးဆူရမ်းကားသူကို အိမ်ပြန်ရန်ပြောသည့် ရာအိမ်မှူး နေအိမ်အတွင်း ဝင်ရောက်ကာ ဓါးခြင့်ခုတ်၊ လေးခွဖြင့် အပစ်ခံရ

အမ်တီ၊ စက်တင်ဘာ-၆

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ညောင်ကွဲရပ်ကွက်တွင် အရက်သောက်စား မူးယစ်နေသူကို အိမ်ပြန်ရန်ပြောသည့် ရာအိမ်မှူးတစ်ဦး အဆိုပါ မူးယစ်နေသူနှင့် အပေါင်းအပါများမှ နေအိမ်အတွင်း ဝင်ရောက်ကာ ဓါးဖြင့်ခုတ်၊ လေးခွဖြင့် ဝိုင်းဝန်းပစ်ခတ်မူ စက်တင်ဘာ(၅)ရက်ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

စက်တင်ဘာ(၅)ရက် ည(၁၁)နာရီကျော်အချိန်က ညောင်ကွဲရပ်ကွက်တွင် နေထိုင်သူ ရာအိမ်မှူး ဦးကျော်ဆန်းဦးနှင့် အမဖြစ်သူတို့သည် မိသားစုဝင်များနှင့်အတူ နေအိမ်တွင် ရှိနေစဉ် ဂူကြီးကုန်းရပ်နေ ရန်ဖြိုးဆိုသူ ရောက်ရှိလာရာ အရက်သောက်စားမူးယစ်နေသဖြင့် ရာအိမ်မှူးမှ အိမ်ပြန်ရန် ပြောဆိုခဲ့သည်။ ထိုသို့ ပြောဆိုသည်ကို မကျေနပ်သဖြင့် ရန်ဖြိုးက နေအိမ်သို့ ပြန်သွားခဲ့ပြီး ဆယ်မိနစ်ခန့်အကြာတွင် အမျိုးသား(၅)ဦးခန့်ဖြင့် ပြန်လည်ရောက်ရှိလာကာ ဝန်းခြံအား ကျော်နင်း၍ ဓါးဖြင့်ခုတ်၊ လေးခွ၊ ခဲလုံးများဖြင့် ပစ်ပေါက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ခြံဝန်းကို ကျော်နင်းကာ ဓား၊ လေးခွ၊ ခဲလုံးများဖြင့် ဝိုင်းဝန်းပစ်ပေါက်ခံရသဖြင့် ရာအိမ်မှူး ဦးကျော်ဆန်းဦးတွင် ဝဲဘက်ချိုစောင်း ပြတ်ရှဒဏ်ရာ၊ ဝဲဘက်ခြေသလုံးပြတ်ရှဒဏ်ရာနှင့် ယာဘက်ပါးပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သလို ရာအိမ်မှူး၏ တူတော်စပ်သူ သန့်ဇင်ဝင်းတွင် ဝဲဘက်ခြေထောက် ပွန်းပဲ့ဒဏ်ရာနှင့် အိမ်နီးချင်းဖြစ်သူ ဒေါ်ဝင်းရီတွင် နဖူးပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့ပြီး မန္တလေးပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူခဲ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထိုသို့ နေအိမ်အတွင်း ဝင်ရောက်ကာ ဝိုင်းဝန်း ရန်ပြုခဲ့သည့် ဂူကြီးကုန်းရပ်နေ ရန်ဖြိုးနှင့် အပေါင်းပါးများကို အရေးယူပေးရန် ရာအိမ်မှူး၏ အမဖြစ်သူမှ အောင်မြေသာစံမြို့နယ် အမှတ်(၄)နယ်မြေရဲစခန်းတွင် အမူဖွင့်တိုင်တန်းခဲ့သည်။

လက်ရှိတွင် ခြံဝန်းကျော်နင်းကာ ရာအိမ်မှူးကို ရန်ပြုတိုက်ခိုက်ခဲ့သူများအနက် ဂူကြီးကုန်းရပ်နေ ရန်ဖြိုး၊ မိုးဒီနှင့် ညောင်ကွဲရပ်ကွက်နေ ပေါက်စ ဆိုသူတို့ကို ဖမ်းဆီးထားပြီး အခြား အမည်မသိ လူ(၃)ဦးကို ဖမ်းဆီးနိုင်ရန် ဆောင်ရွက်လျှက်ရှိကြောင်း အောင်မြေသာစံမြို့နယ် အမှတ်(၄)ရဲစခန်းမှ သတင်းရရှိသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်