မန္တလေးတက္ကသိုလ်အတွင်း Food Court ဆောက်လုပ်ငှားရမ်းခဲ့မှုကိစ္စ ဒု-ဝန်ကြီး ဦးဆောင်ကာ စုံစမ်းမည်

သပိတ်စခန်း ဆက်ဖွင့်ထားမည်ဖြစ်ပြီး အမြန်ဆုံးဖြေရှင်းပေးရန် ကျောင်းသားများ တောင်းဆို

Mandalay In-depth News၊ စက်တင်ဘာ-၆

မန္တလေးတက္ကသိုလ်အတွင်း Food Court ခေါ် ဈေးဆိုင်အဆောက်အဦး ဆောက်လုပ်ငှားရမ်းခဲ့မူနှင့်ပတ်သက်၍ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းကို ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်သည့် ဌာနဆိုင်ရာ စစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက စက်တင်ဘာ(၆)ရက်တွင် သတင်းထုတ်ပြန်သည်။

အထက်ပါ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ပညာရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးဝင်းမော်ထွန်းက ဥက္ကဌအဖြစ် တာဝန်ယူမည်ဖြစ်ကာ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့်နှင့် မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်မြတ်ကျော်စိန်တို့က အဖွဲ့ဝင်များအဖြစ် ပါဝင်မည်ဖြစ်သည်။

၎င်း ဌာနဆိုင်ရာ စစ်ဆေးရေးအဖွဲ့သည် မန္တလေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ တင်ပြထားသည့် “မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းမှ နိုင်ငံတော် သမ္မတ ညွှန်ကြားချက်အား ချိုးဖောက်ပြီး ၎င်းနှင့် ရင်းနှီးကျွမ်းဝင်သည့် လုပ်ငန်းရှင်အား Food Court လုပ်ပိုင်ခွင့် ပေးထားသည့် ကိစ္စအား ပြင်ထန်စွာ အရေးယူပေးရန်” ဆိုသည့် တိုင်ကြားချက်အပေါ် စုံစမ်းစိစစ်ရမည်ဖြစ်သည်။ အဖွဲ့၏ စစ်ဆေးတွေ့ရှိချက်၊ သုံးသပ်ချက်နှင့် သဘောထားဖော်ပြချက်များ ပါရှိသည့် အစီရင်ခံစာအမူတွဲကို စက်တင်ဘာ(၁၆)ရက်ထက် နောက်မကျဘဲ ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးသို့ တင်ပြရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး လက်မှတ်ရေးထိုးထုတ်ပြန်သည့် စာတွင် ဖော်ပြထားသည်။  

တချိန်တည်းမှာပင် မန္တလေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ သပိတ် ဦးဆောင်ကော်မတီမှလည်း စက်တင်ဘာ(၅)ရက်ညပိုင်းတွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ၎င်းတို့ သပိတ်မှောက် တောင်းဆိုနေမူများနှင့် ပတ်သက်၍ ပညာရေးဝန်ကြီးမှ (၄၈)နာရီအတွင်း လာရောက်ဖြေရှင်းဆောင်ရွက်ပေးရန် တောင်းဆိုထားသည်။

မန္တလေးတက္ကသိုလ်အတွင်းရှိ မြေဧရိယာ ပေ(၅၅×၁၄၀)တွင် Food Court ခေါ် ဈေးဆိုင်အဆောက်အဦး ဆောက်လုပ်ခဲ့ရာတွင် နိုင်ငံတော်သမ္မတရုံး ညွန်ကြားချက် ၁/၂၀၁၇ အား ချိုးဖောက်ကာ တင်ဒါ ခေါ်ယူခြင်း မရှိဘဲ ဆောက်လုပ်ခဲ့ကြောင်း၊ အဆိုပါ အဆောက်အဦးအား အဆင့်မြင့်ပညာ ဦးစီးဌာန၏ ခွင့်ပြုချက် မပါရှိဘဲ ဆောက်လုပ်ခဲ့ကြောင်းနှင့် ယင်းအဆောက်အဦးအား ဆောက်လုပ်ငှားရမ်းရာတွင်လည်း ပွင့်လင်းမြင်သာမူ မရှိကြောင်း မန္တလေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂက စွပ်စွဲထားသည်။

အဆိုပါ Food Court ဆောက်လုပ်ငှားရမ်းခဲ့မှုနှင့် ပတ်သက်၍  ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကို စိစစ်အရေးယူပေးရန်၊ ပညာရေးဝန်ကြီးဌာနမှ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ကာ စိစစ်အရေးယူပေးရန်၊ ကျောင်းတွင်းစီမံကိန်းများ ပွင့်လင်းစွာ ချပြပေးရန်နှင့် မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် အလိုမရှိကြောင်း စသည့် အချက်(၅)ချက်ကို တောင်းဆိုကာ မန္တလေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ကျောင်းသား၊ကျောင်းသူ (၇)ဦးက စက်တင်ဘာ(၂)ရက်တွင် စတင်သပိတ်မှောက်တောင်းဆိုခဲ့သည်။

စက်တင်ဘာ(၄)ရက်ညပိုင်းက သပိတ်မှောက်ဆန္ဒပြ တောင်းဆိုနေသည့် ကျောင်းသားများထံ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများ လာရောက်ညှိနှိုင်းခဲ့သော်လည်း ပြေလည်မူ မရခဲ့ဘဲ ကျောင်းသားများက ငါးရက်မြောက်အဖြစ် ဆက်လက်သပိတ်မှောက် တောင်းဆိုနေခြင်းဖြစ်သည်။

မန္တလေးတက္ကသိုလ်အတွင်း ကျောင်းသားများ သပိတ်မှောက် တောင်းဆိုနေစဉ်။ ဓါတ်ပုံ – Mandalay In-depth News။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်