ပါတီပိုင်မြေအဖြစ် ဂရံရရှိထားပြီးဟု ပြည်ခိုင်ဖြိုးပါတီ တိုင်းအတွင်းရေးမှုးပြော
ကိုနေကို၊ စက်တင်ဘာ-၂၆
မတ္တရာမြို့နယ် သမဝါယမအသင်းပိုင် မြေနေရာပေါ်တွင် ခွင့်ပြုချက် မရှိဘဲ ကျုးကျော် ဆောက်လုပ်ထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး) မြို့နယ်ရုံးကို ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဖယ်ရှားရှင်းလင်းမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ စိုးသန်းက တိုင်းလွှတ်တော်တွင် ပြောသည်။
“မြို့နယ် သမဝါယ အသင်းပိုင် မြေပေါ်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံံ့ဖြိုးရေး ပါတီက ရုံးဆောက်လုပ်၍ အသုံးပြခြင်းနှင့် ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြသွားပါမည်။ ၎င်းအပြင် မြို့နယ် သမဝါယမ အသင်းပိုင် မြေပေါ်မှာ ခွင့်ပြုချက် မရှိဘဲ ကျုးကျော်ဆောက်လုပ်ထားသည့် မတ္တရာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံးကို ဖယ်ရှားနိုင်ရန် ဥပဒေ အကြံဉာဏ်တောင်းခံ၍ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆက်လက် ဆောင်ရွက်သွားမည်”ဟု ဝန်ကြီးဒေါက်တာ စိုးသန်းက ပြောသည်။
ယနေ့ (စက်တင်ဘာ၂၆) ကျင်းပသည့် တိုင်းလွှတ်တော် အစည်းအဝေးတွင် မတ္တရာမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းက မတ္တရာမြို့နယ် သမဝါယမ အသင်းပိုင် မြေနေရာပေါ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ရုံး ဖွင့်လှစ်အသုံးပြုခြင်းနှင့် ပတ်သက်၍ သိရှိလိုကြောင်း မေးမြန်းခဲ့ရာ ဝန်ကြီးဒေါက်တာစိုးသန်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခြင်းဖြစ်သည်။
မတ္တရာမြို့နယ် ပြည်သူ့ကောင်စီ သည် လယ်မြေ၊ မွေးမြူရေးခြံ၊ ငါးကန်၊ ဧည့်ရိပ်သာ၊ လူနေဆောင်နှင့် သီးနှံပင်များ ပါဝင်သည့် စုစုပေါင်း မြေဧရိယာ(၄၇)ဧကကို ၁၉၈၇ ခုနှစ်တွင် သမဝါယမအသင်းသို့ တရားဝင် လွှဲပြောင်းပေးအပ်ခဲ့ပြီး ထိုသု့ လွှဲပြောင်းပေးအပ်စဉ်က ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီရုံး အတွက် မြေနေရာ မပါဝင်ခဲ့ကြောင်း ဝန်ကြီးဒေါက်တာစိုးသန်းက ဖြေကြားသည်။
မတ္တရာမြို့နယ် သမဝါယမအသင်း အနေဖြင့်လည်း လက်ခံရယူထားသည့် မြေနေရာအား မည့်သည့် အဖွဲ့အစည်းကိုမှ လွှဲပြောင်းပေးအပ်ခြင်း၊ ဌားရမ်းခြင်း မရှိခဲ့ကြောင်းနှင့် ပြည်ခိုင်ဖြိုးပါတီ၏ ရုံးအဆောက်အဦးသည် သ/မ အသင်း မြေဧရိယာ အတွင်းသာမက ဆည်မြောင်းဧရိယာနှင့် ကျေးရွာချင်းဆက် လမ်းဧရိယာ တို့အပေါ် ဆောက်လုပ်ထားသည်ကို တွေ့ရှိရကြောင်း ၎င်းက ဆိုသည်။
“နိုင်ငံရေးပါတီတစ်ခုသည် နိုင်ငံပိုင် ပစ္စည်းများကို ရယူသုံးစွဲခြင်း မရှိစေရလို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥပဒေမှာ ပြဌာန်းပြီး ဖြစ်ပါတယ်။ ဆောက်လုပ်ခဲ့စဉ်ကလည်း သမဝါယမ ဦးစီးဌာနနှင့် မြို့နယ်သမဝါယမ အသင်းစုကို တရားဝင်၊ အကြောင်းကြား ခွင့်ပြုချက်တောင်းခံခဲ့တာ မရှိပါဘူး။ သမဝါယအသင်းပိုင် မြေပေါ်မှာ ကြံ့ခိုင်ရေးပါတီက ရုံးဆောက်လုပ် အသုံးပြုခြင်းနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြသွားမည်” ဟု ဝန်ကြီးဒေါက်တာစိုးသန်းက ပြောသည်။

သို့သော် ပြည်ခိုင်ဖြိုးပါတီ မန္တလေးတိုင်းဒေသကြီး အတွင်းရေးမှူး ဦးအောင်ကျော်မိုးကမူ မတ္တရာမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၏ အဆောက်အဦး မြေနေရာသည် မြေဂရံ ရရှိထားပြီးဖြစ်ကြောင်း Mandalay In-depth news သို့ ပြောသည်။
“သူတို့ ဘာကြောင့် ဒီလို မေးသလဲတော့ မပြောတက်ဘူး။ ဂရံ ရှိထားပြီး မြေပဲ။ အမှန်ဆို ဒီမြေ က ဂရန် ရှိ၊ မရှိ ဆိုတာ စိစစ် စုံစမ်းသင့်တာပေါ့။ လွှတ်တော်ထဲ မေးတာဆိုတော့လည်း ဖြေတဲ့သူလည်း ဖြေတာ ဖြစ်မှာပေါ့လေ” ဟု မိတ္ထီလာမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းလွှတ်တော်ကိုယ်စားလှယ်၊ မန္တလေးတိုင်း လုံ၊နယ်ဝန်ကြီးဟောင်းလည်း ဖြစ်သည့် ဦးအောင်ကျော်မိုးက ဆိုသည်။

လွန်ခဲ့သည့် ၂၀၁၆ စက်တင်ဘာလအတွင်းက ကျင်းပခဲ့သည့် မန္တလေးတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင်လည်း မန္တလေးမြို့ပေါ်ရှိ သမဝါယမပိုင်မြေ တစ်ဧကနီးပါးကို ရယူထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မန္တလေးတိုင်းဒေသကြီး တိုင်းရုံးမြေနေရာနှင့် အဆောက်အအုံကို နိုင်ငံတော်ပိုင်မြေအဖြစ် ပြန်လည် သိမ်းယူရန် အစီအစဉ်ရှိ၊ မရှိ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက တိုင်းလွှတ်တော်တွင် မေးခွန်းမေးမြန်းခဲ့ဖူးသည်။
ပြည်ခိုင်ဖြိုးပါတီက မန္တလေး တိုင်းရုံးအဖြစ် အသုံးပြုနေသော မန္တလေးမြို့ ချမ်းအေးသာစံမြို့ နယ်၊ ၇၃ လမ်း၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြားရှိ ဧရိယာ တစ်ဧကခန့် ကျယ်ဝန်းသော မြေနေရာသည် ယခင်က သမဝါယမပိုင် မြေနေ ရာဖြစ်ခဲ့ပြီး ၂၀၀၂ တွင် ပြည်ခိုင်ဖြိုးအသင်းပိုင် မြေနေရာ အဖြစ် လွှဲပြောင်းရယူခဲ့ကြောင်း၊ အဆိုပါ မြေနေရာသည် ကာလပေါက်ဈေးအရ ကျပ်သိန်းပေါင်း သိန်းချီတန်ဖိုးရှိပြီး မူလပိုင်ရှင်မှာ ပြည်ထောင်စုမြန်မာနိုင်ငံ လက်ကားသမဝါယမအသင်း အဖွဲ့ချုပ်ဖြစ်ကြောင်း ချမ်းအေးသာစံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ရွှေ (ဒီမိုကရက်တစ်ပါတီ(မြန်မာ))က တိုင်းလွှတ်တော်တွင် ပြောကြားခဲ့သည်။
သို့သော် ပြည်ခိုင်ဖြိုးပါတီ၏ မန္တလေး တိုင်းရုံးအဖြစ် အသုံးပြုနေသော မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၇၃ လမ်းနှင့် ၂၈ လမ်းကြား ပတ်ကုန်းဝန်းကျင် ရပ်ကွက် အကွက်အမှတ် ၇၃၂၊ ဦးပိုင်အမှတ် ၅(ဃ)၊ ဧရိယာ ဝ.၀၂၁၃ ဧကနှင့် ဦးပိုင်အမှတ် ၈(ဇ)၊ ဧရိယာ ဝ.၉၁၁၉၈ စုစုပေါင်း ဝ.၉၄၁၁ ဧက (တစ်ဧက နီးပါး) ရှိ မြေကွက်သည် ဘိုးဘပိုင်မြေအမျိုးအစား မြေကွက်ဖြစ်ပြီး မန္တလေး တိုင်းသမဝါယမ ဦးစီးဌာနက အသုံးပြုခဲ့ကာ ဘိုးဘအမှုတွဲ အမှတ် ၀၃၆/ဘ-၆/၂၀၀၂- ၂၀၀၃ ဖြင့် မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အမည်ပေါက်သို့ ပြောင်းလဲခဲ့ခြင်းဖြစ်သည်ဟု မန္တလေး တိုင်းဒေသကြီး စည်ပင်သာယာ ရေးဝန်ကြီး မန္တလေးမြို့တော်ဝန် ဦးရဲလွင်က ပြန်လည်ဖြေကြားခဲ့သည်။