ကိုနေကို၊ အောက်တိုဘာ-၁
အများပြည်သူများ ချက်ချင်းလက်ငင်း အကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များတွင် အသုံးပြုရန်အတွက်ဟုဆိုကာ ပြည်ထောင်စု ဘဏ္ဍာရေးကော်မရှင်မှ မန္တလေးတိုင်းအတွက် ထပ်မံချထားပေးခဲ့သည့် ဘဏ္ဍာငွေ ကျပ်သန်း(၂၇၀၀၀)ကျော်အနက် ထက်ဝက်ကျော်ဖြစ်သည့် ကျပ်သန်း(၁၅၀၀၀)ကို ကျေးလက်လမ်းလုပ်ငန်းများတွင် သုံးစွဲမည်ဖြစ်ကြောင်း တိုင်းလွှတ်တော်မှ သတင်းရရှိသည်။
ရွေးကောက်ပွဲနှစ်ဖြစ်သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း ဒေသဖွံဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် တိုင်းလွှတ်တော်မှ အတည်ပြုထားသည့် မန္တလေးတိုင်းဒေသကြီး အရအသုံး ခန့်မှန်းခြေငွေစာရင်းကို ဘဏ္ဍာရေးကော်မရှင်မှ ကျပ်သန်း(၂၇၀၀၀)ကျော် ထပ်တိုးချထားပေးကာ အများပြည်သူ ချက်ချင်းလက်ငင်း တိုက်ရိုက် အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းများတွင် အသုံးပြုရန် ညွှန်ကြားခဲ့သည်ဟု ဆိုသည်။

ထိုသို့ ထပ်တိုး ချထားပေးသည့် ဘဏ္ဍာငွေများအနက် ငွေကျပ်သန်း(၁၅၀၀၀)ကို ကျေးလက်လမ်း လုပ်ငန်းများအတွက် အသုံးပြုမည်ဖြစ်ပြီး ကျေးလက်မီးလင်းရေး ကျပ်သန်း(၆၅၀၀)၊ ပညာရေးအတွက် ကျပ်သန်း(၁၀၀၀)၊ ကျန်းမာရေးအတွက် ကျပ်သန်း(၅၀၀)၊ စိုက်ပျိုးရေး နှင့် သောက်သုံးရေ ရရှိရေး အတွက် ကျပ်သန်း(၂၀၀၀)နှင့် အခြား လုပ်ငန်းများအတွက် ကျပ်သန်း(၂၁၀၀)ကျော် သုံးစွဲမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ ဒေသန္တရ စီမံကိန်း၊ အရအသုံးငွေစာရင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ကော်မတီ အဖွဲ့ဝင်၊ နွားထိုးကြီး မဲဆန္ဒနယ် အမှတ်(၂) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးစိန်ကျော်မိုးက လွှတ်တော်တွင် ပြောသည်။
မန္တလေးတိုင်းဒေသကြီး၏ ဘဏ္ဍာရန်ပုံငွေ အစီအစဉ်တွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၁၉-၂၀၂၀ခု ဏ္ဍာရေးနှစ်၊ ဘဏ္ဍာငွေ အရအသုံးမှန်းခြေ ငွေစာရင်းအရ ရငွေသည် ကျပ်သန်း (၂၂၅၆၀၀)ကျော် ဖြစ်ပြီး သုံးငွေသည် ကျပ်သန်း (၃၆၂၇၀၀)ကျော် ဖြစ်သည်။ ထို့အတွက် လိုငွေ ကျပ်သန်း(၁၃၇၀၀၀)ကျော် ရှိမည်ဖြစ်ပြီး ယင်းလိုငွေကို ပြည်ထောင်စုက ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ ဒေသန္တရ စီမံကိန်း၊ အရအသုံးငွေစာရင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ကော်မတီမှ လွှတ်တော်သို့ တင်သွင်းသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

အများပြည်သူ ချက်ချင်းလက်ငင်း အကျိုးပြုမည့် ကိစ္စရပ်များတွင် အသုံးပြုရန်ဟုဆိုကာ ပြည်ထောင်စု ဘဏ္ဍာရေးကော်မရှင်မှ ထပ်တိုးချထားပေးခဲ့သည့် ဘဏ္ဍာငွေများကို မန္တလေးတိုင်းအတွင်းရှိ (၂၈)မြို့နယ်အတွင်း သုံးစွဲနိုင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပါတီတာဝန်ရှိသူများအနေဖြင့် ဒေသခံပြည်သူများ၏ လိုအပ်ချက်၊ လိုလားချက်များကို လေ့လာကာ သက်ဆိုင်ရာမြို့နယ်အလိုက် မည်သည့်ကိစ္စရပ်များ လုပ်ဆောင်သင့်သည်ကို ပူးပေါင်းတင်ပြရန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပါတီတာဝန်ရှိသူများကို မှားကြားခဲ့သည်။
ဇူလိုင်(၅)ရက်က မန္တလေးမြို့တွင် ပြုလုပ်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မန္တလေးတိုင်းဒေသကြီး ပါတီ၊ အစိုးရ၊ လွှတ်တော် တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ်က ညအထက်ပါအတိုင်း မှာကြားခဲ့ခြင်းဖြစ်ပြီး “ယခုဘဏ္ဍာနှစ်အတွင်း အပြီးလုပ်ဆောင်နိုင်မည့် ဒေသခံပြည်သူလူထုအတွက် ချက်ချင်းလက်ငင်း အကျိုးရှိစေမည့် လုပ်ငန်းများကို တင်ပြရန်”ဟု ပြောကြားခဲ့သည်။

၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်သည် ယခု အောက်တိုဘာမှ ၂၀၂၀ခုနှစ် စက်တင်ဘာအထိ အကျုံးဝင်ပြီး ၂၀၂၀ နှစ်ကုန်ပိုင်းတွင် ရွေးကောက်ပွဲကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန် ကြေငြာထားသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာငွေ အရအသုံးမှန်းခြေငွေစာရင်းနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် စက်တင်ဘာ(၃၀)ရက်က လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးနေစဉ်။ ဓါတ်ပုံ – ကိုနေကို၊ Mandalay Region Hluttaw FB.