မြန်မာ့ ကျန်းမာရေးဝန်ထမ်းများကို မျက်စိရောဂါ ကုသမူဆိုင်ရာ ပညာရပ်များ ရက်နှစ်ပတ်ကြာ သင်ကြားပေးမည်
မောင်မင်းမော်၊ စက်တင်ဘာ-၂၅
အမေရိကန်နိုင်ငံ အခြေစိုက် Orbis ကမ္ဘာလှည့် မျက်စိကုလေယာဉ်ဆေးရုံ (Flying Eye Hospital) သည် ပြီးခဲ့သည့် ရက်ပိုင်းက မန္တလေးမြို့ တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသည်။
အဆိုပါ မျက်စိကုလေယာဉ်ဆေးရုံ Orbis သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကမ်းလှမ်းချက်အရ မန္တလေးမြို့သို့ (၄)ကြိမ်မြောက် လာရောက်ခြင်းဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းများကို မျက်စိရောဂါ ကုသမူဆိုင်ရာ ပညာရပ်များ သင်ကြားပေးခြင်းနှင့် ကြိုတင်စာရင်းပေးထားသူများထဲမှ အချို့ကို နမူနာပြ လက်တွေ့ခွဲစိတ် ကုသပေးခြင်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

မျက်စိကုလေယဉ်ဆေးရုံပေါ်တွင် မျက်စိကုဆေးခန်းများ၊ စက်ကိရိယာများနှင့်အတူ ပညာရှင် (၄၀)ဦးခန့် ပါဝင်ပြီး ၎င်းတို့က စက်တင်ဘာ(၂၃)ရက်မှ အောက်တိုဘာ(၄)ရက်အထိ မြန်မာနိုင်ငံမှ မျက်စိဆရာဝန်များ၊ ဆေးပညာဆိုင်ရာ အင်ဂျင်နီယာများနှင့် သူနာပြုများစသည့် မျက်စိရောဂါဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများကို မျက်စိရောဂါ ကုသမူဆိုင်ရာ ပညာရပ်များ သင်ကြားပေးခြင်း၊ ခေတ်မီစက်ကိရိယာများဖြင့် ကုသခြင်းနှင့် စက်ကိရိယာ ကိုင်တွယ်အသုံးပြုနည်းများ သင်ကြားပေးမည်ဖြစ်သည်။

“လေယာဉ်နဲ့ ကမ္ဘာအနှံ့ကို သွားပြီးတော့ မျက်စိရောဂါ ကုသမူတွေကို လိုအပ်တဲ့နေရာတွေမှာ လိုက်ပြီးတော့ လုပ်ပေးနေတာပါ။ ကျွန်မတို့ဆီက မျက်စိဆရာဝန်တွေကို Teaching (သင်ကြား) လုပ်ပေးမှာပါ” ဟု ရန်ကုန်မျက်စိဆေးရုံကြီး၊ ပါမောက္ခဌာနမှူး ဒေါက်တာရီရီအောင်က ပြောသည်။

ကလေးသူငယ်ဆိုင်ရာ မျက်စိစွေစောင်းခြင်းနှင့် တိမ်စွဲခြင်းဆိုင်ရာ ရောဂါများ၊ ရေတိမ်ရောဂါ၊ မျက်ခွံနှင့် မျက်ရည်လမ်းကြောင်းဆိုင်ရာ ရောဂါများ၊ မျက်စိအမြင်လွှာဆိုင်ရာ ရောဂါများစသည့် မျက်စိအထူးပြု ဘာသာရပ်များ ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ လာရောက်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

အဆိုပါ မျက်စိကုလေယာဉ်ဆေးရုံကြီးသည် မန္တလေးမြို့သို့ လာရောက်သည့် ခရီးစဉ်အတွင်း အခမဲ့ မျက်စိကုသပေးမည် ဖြစ်သော်လည်း အချိန်နှစ်ပတ်အတွင်း ကြိုတင် စာရင်းပေးသွင်းထားသည့် မျက်စိလူနာအားလုံးကို ခွဲစိတ်ကုသပေးရန် မဖြစ်နိုင်သည့်အတွက် မန္တလေးမြို့ မျက်စိ၊နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံနှင့် ပူးပေါင်းကာ ကြိုတင်စာရင်းပေးထားသော လူနာများထဲမှ နမူနာပြ လက်တွေ့သင်ကြား ကုသနိုင်မည့် မျက်စိရောဂါအချို့ကို ရွေးချယ်ကုသပေးမည် ဖြစ်သည်ဟု ဆိုသည်။ ကျန်ရှိသည့် လူနာများကို အဆိုပါ သင်တန်းတက်ရောက်ထားသည့် မြန်မာနိုင်ငံမှ မျက်စိကုဆရာဝန်များမှ အခမဲ့ ဆက်လက်ကုသပေးမည် ဖြစ်ကြောင်း မျက်စိကုလေယာဉ်ဆေးရုံ Orbis က သတင်းထုတ်ပြန်ထားသည်။

Orbis မျက်စိကု လေယာဉ်ဆေးရုံသည် Alcon ဖောင်ဒေးရှင်းနှင့် ပူးပေါင်းကာ ကမ္ဘာတစ်ဝန်းရှိ ပြည်သူများ အမြင်အာရုံ တိုးတက်စေရန် လုပ်ဆောင်ခဲ့သည်မှာ နှစ်ပေါင်း(၄၀)ရှိပြီဟု ဆိုသည်။ Orbis သည် ၁၉၉၁ ခုနှစ်တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ပထမဆုံးအကြိမ် လာရောက်ခဲ့ကာ ယင်းနောက် မန္တလေးမြို့သို့ (၄)ကြိမ်အပါအဝင် မြန်မာနိုင်ငံသို့ (၁၀)ကြိမ်အထိ လာရောက်ခဲ့ကြောင်း ၎င်းတို့၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံအတွင်း အမြင်အာရုံဆုံးရှုံးမှု ဖြစ်ပေါ်စေသော အကြောင်းအရင်းများ၏ (၆၀)ရာခိုင်းနှုန်းသည် အတွင်းတိမ်ရောဂါကြောင့် ဖြစ်ကြောင်း Orbis ၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။