ပါရမီဆန်း၊ အောက်တိုဘာ-၂
မန္တလေးမြို့ ကွန်ဗင်းရှင်းစင်တာတွင် ကျင်းမည့် ပထမအကြိမ် မန္တလေး ကျောက်မျက်ပြပွဲကို မူလသတ်မှတ်ထားသည်ထက် သုံးရက်နောက်ကျကာ အောက်တိုဘာ(၂၃)မှ (၂၉)ရက်အထိ ခုနှစ်ရက်ကြာ ကျင်းပမည်ဖြစ်သည်။
အဆိုပါ ကျောက်မျက်ပြပွဲကို အောက်တိုဘာ(၂၀)ရက်တွင် စတင်ကျင်းပရန် စီစဉ်ခဲ့သော်လည်း ပြပွဲနေရာ အခက်အခဲကြောင်း အောက်တိုဘာ(၂၃)ရက်သို့ ရက်ရွှေ့ပြောင်းခဲ့ခြင်း ဖြစ်သည်ဟု ပြပွဲဖြစ်မြောက်ရေး ကော်မတီ အဖွဲ့ဝင်၊ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (မန္တလေး)၊ အတွင်းရေးမှူး ဦးမျိုးမြင့်နိုင်က ပြောသည်။
မန္တလေးကျောက်မျက်ပြပွဲတွင် ကျောက်စိမ်း အရိုင်းနှင့် အချောထည် အတွဲအရေအတွက် (၃၅၀၀)ခန့် ပြသရောင်းချမည်ဖြစ်ပြီး လက်ရှိတွင် ပြပွဲကျင်းပရေးကော်မတီက ကျောက်စိမ်းတွဲများ စတင်လက်ခံနေပြီဟု ဦးမျိုးမြင့်နိုင်က ပြောသည်။

“နေပြည်တော်ပြပွဲလိုပဲ တင်ဒါစနစ်နဲ့ ရောင်မှာပါ။ လောလောဆယ် ကျောက်စိမ်းတွဲ (၂၀၀၀)လောက်တော့ လက်ခံထားပြီးပါပြီ”ဟု ၎င်းက ဆိုသည်။
ကျောက်စိမ်း အသားကျောက်၊ အရိုင်းများကို တစ်တွဲလျှင် အလေးချိန် ကီလို(၁၀၀၀) အထိ လက်ခံမည်ဖြစ်ပြီး ပြပွဲတွင် ပြသရောင်းချမည့် ကျောက်စိမ်း၊ကျောက်မျက်များ အားလုံးအတွက် ကြမ်းခင်းဈေး ကျပ်ဆယ်သိန်း သတ်မှတ်ထားကြောင်း ကျောက်စိမ်းလုပ်ငန်း ကော်မတီမှ သတင်းရရှိသည်။

ကျောက်မျက်အရောင်းအဝယ် လိုင်စင်ရရှိထားသူများ၊ ဥပဒေနှင့်အညီ ကျောက်မျက်ရတနာ တရားဝင် တူးဖော်ထုတ်လုပ်နေသူများ၊ ကျောက်မျက်ရတနာ အရောင်းဆိုင်လိုင်စင် ရှိသူများနှင့် ကျောက်စိမ်းအချောထည်၊ ရုပ်ထု တရားဝင် ထုလုပ်ရောင်းချခွင့် ရှိသူများသည် ကျောက်စိမ်းအချောထည်နှင့် ကျောက်စိမ်းအရိုင်းတုံးများ ပြသရောင်းချနိုင်ပြီး အောက်တိုဘာ(၁၀)ရက်အထိ လက်ခံမည်ဟု ကျောက်စိမ်းလုပ်ငန်းကော်မတီမှ သတင်းထုတ်ပြန်ထားသည်။
ပြပွဲအတွင်း တင်ဒါအောင်ကာ ဝယ်ယူသော ကျောက်စိမ်းများကို ပြပွဲကျင်းပပြီး တစ်လအတွင်း ထုတ်ယူရမည်ဖြစ်ပြီး မန္တလေးကျောက်မျက်ပြပွဲ၏ စည်းကမ်းချက်အများစုမှာ နေပြည်တော်ကျောက်မျက်ပြပွဲ စည်းကမ်းချက်များအပေါ် အခြေခံထားကြောင်း ဦးမျိုးမြင့်နိုင်က ပြောသည်။

ပထမအကြိမ် မန္တလေးကျောက်မျက်ပြပွဲကို မန္တလေးတိုင်းအစိုးရအဖွဲ့မှ ကြီးမှူး၍ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းချုပ်၏ လမ်းညွှန်မူဖြင့် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (မန္တလေး)မှ ဦးဆောင် ကျင်းပခြင်း ဖြစ်သည်။ ပြပွဲတွင် ကျောက်စိမ်း အဆင့်သတ်မှတ်ချက် (A) အဆင့်ရှိ ကျောက်များ ပါဝင်မည်မဟုတ်ဘဲ B၊ C၊ D အဆင့် အရည်အသွေးကောင်း ကျောက်စိမ်းအရိုင်းများနှင့် ကျောက်စိမ်းအချောထည်များ ပြသ ရောင်းချမည် ဖြစ်သည်။