Covid-19 ကာကွယ်ရေး ပြည်ပမှ ပြန်လာသူများ ကျန်းမာရေး စစ်ဆေးရန်နှင့် သတ်မှတ်နေရာတွင် (၁၄)ရက် နေထိုင်ရန် မန္တလေးတိုင်းအစိုးရ အမိန့်ထုတ်

Mandalay In-depth News၊ မတ်-၂၃

Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများ အနေဖြင့် နီးစပ်ရာ ကျန်းမာရေး ဌာနတွင် ကျန်းမာရေးစစ်ဆေးမှု ခံယူရန်နှင့် သတ်မှတ်နေရာတွင် (၁၄)ရက် စောင့်ကြည့်ခံ နေထိုင်ရန် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဒေသန္တရအမိန့် ထုတ်ပြန်သည်။

မတ်လ(၂၁)ရက်စွဲဖြင့် တိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် လက်မှတ်ရေးထိုး ထုတ်ပြန်သည့် ဒေသန္တရအမိန့် ကြေညာချက်တွင် ပြည်ပနိုင်ငံများမှ ပြန်လာသူများ ကျန်းမာရေး စစ်ဆေးမှု ခံယူရန်နှင့် သတ်မှတ်နေရာတွင် (၁၄)ရက်ကြာ စောင့်ကြည့်မှု ခံယူရန် ဖော်ပြထားသည်။

ယင်း ဒေသန္တရ အမိန့်ကြေညာချက်သည် ထုတ်ပြန်သည့်နေ့မှ ဧပြီ(၃၀)ရက်အထိ အတည်ဖြစ်ကြောင်းနှင့် မန္တလေးတိုင်းအတွင်း Covid-19 ရောဂါ မဖြစ်ပွားစေရေးအတွက် ဒေသန္တရအမိန့် ထုတ်ပြန်ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ပြည်ပနိုင်ငံများသို့ ရက်တို၊ရက်ရှည်၊ အစည်းအဝေး၊ သင်တန်း၊ လေ့လာရေးခရီး သွားရောက်ပြီး ပြန်လည်ရောက်ရှိလာသူများ၊ ပြည်ပနိုင်ငံများတွင် အလုပ်သွားရောက် လုပ်ကိုင်ပြီး ပြန်လည်ရောက်ရှိလာသူများ အနေဖြင့် နီးစပ်ရာ ကျန်းမာရေးဌာနသို့ သွားရောက်သတင်းပို့ပြီး ကျန်းမာရေး စစ်ဆေးမှု ခံယူရန်၊ စစ်ဆေးမှု ခံယူပြီးနောက် သံသယဖြစ်ဖွယ် ရောဂါ လက္ခဏာများ တွေ့ရှိပါက ကျန်းမာရေးဌာနက သတ်မှတ်ထားသော ဆေးရုံတစ်ခုခုတွင်လည်းကောင်း၊ ရောဂါ လက္ခဏာ မတွေ့ရှိပါက သတ်မှတ်ထားသော အခြားနေရာ တစ်ခုခုတွင်လည်းကောင်း (၁၄)ရက် Quarantine (စောင့်ကြည့်စစ်ဆေးမှု) ခံယူရန်”ဟု မန္တလေးတိုင်းအစိုးရက ထုတ်ပြန်သည့် ဒေသန္တရ အမိန့်တွင် ဖော်ပြထားသည်။

မန္တလေးတိုင်း ရမည်းသင်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာ၌ Covid-19 ရောဂါ ကာကွယ်ရေး အသိပညာပေးနေစဉ်/ Photo – MDY Region Gov FB.

မန္တလေးတိုင်း အစိုးရအဖွဲ့အနေဖြင့် Covid-19 ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံ Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်လျှက်ရှိပြီး မန္တလေးတိုင်းအတွင်း Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီများကို တိုင်း၊ခရိုင်၊ မြို့နယ်အဆင့်များအထိ ဖွဲ့စည်းပြီး ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ လုပ်ဆောင်နေသည်ဟု ဆိုသည်။

မန္တလေးတိုင်း မြို့နယ်အချို့၌ ဇန်နဝါရီလကုန်ပိုင်းမှ မတ်လ(၂၀)ရက် ဝန်းကျင်အထိ ပြည်ပသို့ သွားရောက်လုပ်ကိုင်ပြီး ပြန်လည်ရောက်ရှိလာသူ ထောင်နှင့်ချီ ရှိနေသည်ဟု သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များထံမှ သတင်းရရှိသည်။

ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများ အနေဖြင့် သတ်မှတ်နေရာတွင်ပင် (၁၄)ရက်ကြာ အသွားအလာ ကန့်သတ်နေထိုင်ခြင်း (facility quarantine) သို့မဟုတ် (home quarantine) ပြုလုပ်ကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တိုက်တွန်းထားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း မတ်လ(၂၂)ရက်အထိ Covid-19 စောင့်ကြည့်လူနာ (၃၆)ဦးရှိခဲ့ပြီး အဆိုပါ စောင့်ကြည့်လူနာများအနက် အသက်(၆၀)ကျော်နှင့် (၂၀)ကျော်အရွယ် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့သည်။ သို့သော် ဓါတ်ခွဲစစ်ဆေးမှုများအရ သေဆုံးသူ နှစ်ဦးအပါအဝင် စောင့်ကြည့်လူနာများမှာ Covid-19 ရောဂါပိုး မတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည်။

လွန်ခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းက တရုတ်နိုင်ငံ ဝူဟန်မြို့တွင် စတင်ဖြစ်ပွားခဲ့သည့် Covid-19 ရောဂါသည် လက်ရှိအချိန်ထိ ကမ္ဘာ့နိုင်ငံ (၁၈၀)ကျော်သို့ ကူးစက်ပျံ့နှံ့ ဖြစ်ပွားလျှက်ရှိပြီး ကမ္ဘာတဝှမ်း ရောဂါကူးစက်ခံရသူ နှစ်သိန်းကျော်နှင့် သေဆုံးသူ တစ်သောင်းခွဲဝန်းကျင်အထိ ရှိနေသည်။

မြန်မာနိုင်ငံတွင်း Covid-19 ရောဂါ ကူးစက်ခံရသည့် ဓါတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း ရောဂါ ကာကွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ အလေးထားလိုက်နာကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တိုက်တွန်းထားသည်။

မန္တလေးတိုင်း ရမည်းသင်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာ၌ Covid-19 ရောဂါ ကာကွယ်ရေး အသိပညာပေးနေစဉ်/ Photo – MDY Region Gov FB.

မန္တလေးတိုင်း ရမည်းသင်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာ၌ Covid-19 ရောဂါ ကာကွယ်ရေး အသိပညာပေးနေစဉ်/ Photo – MDY Region Gov FB.

#Mandalay_Indepth_News

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်