မြစ်သားမြို့တွင် မျက်နှာဖုံးစွပ် လူသုံးဦးက စက်ရုံအတွင်း ဝင်ရောက်ကာ ရိုက်နှက်လုယက်

ဘုံကမ္ဘာထွန်း၊ အောက်တိုဘာ-၆

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် မျက်နှာဖုံးစွပ်ထားသည့် အမည်မသိ အမျိုးသားသုံးဦးမှ ငရုပ်သီးစက်ရုံဝင်း အတွင်း နေထိုင်သည့် အမျိုးသမီးတစ်ဦးကို ရိုက်နှက်၍ ကြိုးဖြင့်တုပ်ကာ ငွေနှင့် ရွှေထည်ပစ္စည်းများ ယူဆောင်သွားမှု အောက်တိုဘာ (၄)ရက် နံနက်သုံးနာရီက ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

မြစ်သားမြို့နယ် ရွာသာအနောက်ကျေးရွာရှိ  အေဝမ်းငရုတ်သီးမှုန့် စက်ရုံဝင်းအတွင်း နေထိုင်သူ အသက်(၄၉)နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် စက်ရုံအတွင်း တစ်ဦးတည်း အိပ်ပျော်နေစဉ် ခွေးဟောင်သံကြား၍ ဓါတ်မီးဖြင့် သွားရောက်ကြည့်ရှုရာ မျက်နှာဖုံးစွပ်ထားသည့် အမည်မသိ အမျိုးသားတစ်ဦးကို တွေ့ရှိရသဖြင့် ဓါတ်မီးဖြင့်ရိုက်ခဲ့ရာ ၎င်းအမျိုးသားက ဓါတ်မီးလုယူ၍ အမျိုးသမီး၏ ဦးခေါင်းအား ပြန်လည်ရိုက်နှက်ခဲ့ကြောင်း၊ ထို့နောက် အမည်မသိ မျက်နှာဖုံးစွပ် အမျိုးသားနှစ်ဦး ထပ်မံရောက်ရှိလာကာ အဆိုပါ အမျိုးသမီးကို  ကြိုးတုပ်၍ စက်ရုံ အဆောက်အဦအတွင်းရှိ သေတ္တာအတွင်းမှ ရွှေဆွဲကြိုး နှစ်ကုံး၊ ဟမ်းချိန်း နှစ်ခု၊ လက်ကောက် ငါးကွင်း၊ လက်စွပ် လေးကွင်း၊ ဆွဲပြား နှစ်ခု၊ ရွှေစကုတ် သုံးခုနှင့် ငွေကျပ် (၂၃)သိန်းတို့ကို ယူဆောင်သွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ Mandalay In-depth News မှ ကူမဲနယ်မြေရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ “တရားခံ သုံးယောက်လို့တော့ ယူဆရပါတယ်ခင်ဗျ။ ဖမ်းဆီးရမိခြင်းတော့ မရှိသေးပါဘူး စုံစမ်းနေတုန်းပဲ ရှိပါသေးတယ်” ဟု တာဝန်ကျရဲအရာရှိက ပြောသည်။

စက်ရုံဝင်းအတွင်း ဝင်ရောက်၍ ရိုက်နှက် ကြိုးတုပ်ကာ ငွေနှင့်ရွှေထည်ပစ္စည်း ယူဆောင်သွားသူများကို ကူမဲနယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၆ (လုယက်စဉ် နာကျင်စေမှု) ဖြင့် အမှုဖွင့် စုံစမ်းလျက်ရှိသည်ဟု ဆိုသည်။

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်