ကိုနေကို၊ အောက်တိုဘာ-၃၀
စိုက်ပျိုးမြေ တစ်ဧကလျင် စပါးတင်း(၁၅၀)အထိ ထွက်ရှိနိုင်သည်ဆိုသော အထွက်တိုး စပ်မျိုး စပါးကို တောင်သူများထံ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း ဂရိတ်ဝေါ ကုမ္မဏီ (GWT Hi-Tech Agriculture Company) တာဝန်ရှိသူများက Mandalay In-depth News သို့ ပြောသည်။
GW-1 ဟု အမည်ပေးထားသည့် အဆိုပါ အထူးအထွက်တိုး စပ်မျိုးစပါးကို သာမန် ဒေသမျိုးရင်း စပါးများ စိုက်ပျိုးသကဲ့သို့ ရေသွင်း၊ ရေထုတ်နှင့် ပုံမှန် အတိုင်း ဓါတ်မြေသြဇာ သုံးစွဲရန်သာ လိုအပ်ပြီး စနစ်တကျ စိုက်ပျိုးပါက တစ်ဧကလျှင် စပါးတင်း (၁၅၀)ခန့် ထွက်ရှိမည် ဖြစ်ကြောင်း ဂရိတ်ဝေါလ် အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်၊ အုပ်ချုပ်မှုဒါရိုက်တာ ဦးတင်မောင် က ပြောသည်။

“ထုတ်လုပ်လိုက်တဲ့ စပါးမျိုးတွေက စားသုံးရာမှာလည်း အရည်သွေး ကောင်းပြီး လူကြိုက်များတယ်။ တောင်သူ တွေအတွက် အထွက်တိုး မျိုးကောင်းမျိုးသန့်တွေကို အသုံးပြု စိုက်ပျိုးပြီး ဝင်ငွေနှစ်ဆ တိုးတက်ရရှိဖို့ပါ။ ကုမ္ပဏီအတွက် အကျိုးအမြတ်ဆိုတာက အင်မတန်နည်းပါး ပါတယ်။ တောင်သူတွေဘ၀ မြင့်မားလာစေချင်တဲ့ ဆန္ဒပါ”ဟု ၎င်းက ဆိုသည်။
စိုက်ပျိုးရေး နည်းပညာများကို အသုံးပြုကာ (၇)နှစ်ကြာ စမ်းသပ် စိုက်ပျိုး အောင်မြင်ခဲ့ပြီးနောက် GW-1 အထွက်တိုး စပါးမျိုးစေ့ကို ထုတ်လုပ်ရောင်းချခြင်းဖြစ်ကြောင်း ဦးတင်မောင်က ပြောသည်။

ဂရိတ်ဝေါကုမ္မဏီအနေဖြင့် GW-1 စပါးမျိုးစိတ်အပြင် GW-2၊ GW-3၊ GW-11 Hight Yield ဆိုသည့် အထူးအထွက်တိုး စပါးမျိုးစေ့များကိုလည်း ထုတ်လုပ်နိုင်ပြီဖြစ်ပြီး GW-1 စပ်မျိုးစပါးကို ထုတ်လုပ်ဖြန့်ဖြူး ရောင်းချရန် ၂၀၁၅ခုနှစ်ကတည်းက မှတ်ပုံတင် ရရှိခဲ့ခြင်းဖြစ်ကြောင်း ဂရိတ်ဝေါကုမ္မဏီ တာဝန်ရှိသူများက ဆိုသည်။
တစ်ဧက စပါးတင်း(၁၅၀)ထွက်ရှိသည့် GW-1 စပ်မျိုးစပါး မျိုးစေ့များကို တစ်ကီလိုလျှင် ကျပ်(၄၅၀၀)နှုန်းဖြင့် ဝယ်ယူရရှိနိုင်ပြီး သာမန်မျိုးစေ့ကျဲ စနစ်ဖြင့် စိုက်ပျိုးလျှင် တစ်ကလျှင် မျိုးစေ့ (၁၀)ကီလိုခန့် ကုန်ကျပြီး ပျိုးထောင်စနစ်ဖြင့် စိုက်ပျိုးပါက တစ်ဧကလျှင် (၇)ကီလိုသာ ကုန်ကျသည်ဟု ဆိုသည်။ လက်ရှိတွင် ယင်းစပ်မျိုးစပါးကို ဧရာဝတီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးသူ များပြားကြောင်း ဂရိတ်ဝေါကုမ္မဏီ တာဝန်ရှိသူများက ဆိုသည်။

ဂရိတ်ဝေါကုမ္မဏီမှ ထုတ်လုပ်ဖြန့်ဖြူးသည့် GW-1 စပ်မျိုးစပါးများကို စိုက်ပျိုးနေသည့် ဧရာဝတီတိုင်းဒေသကြီးသို့ သွားရောက်လေ့လာခဲ့ရာတွင် စပါးတစ်ဧကလျင် တင်း(၁၅၀)ကျော်သည် အထိ အထွက်နှုန်းရှိခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး သုတေသန ဦးစီးဌာန၊ စပါး သီးနှံ ဌာနခွဲ(နေပြည်တော်) ညွှန်ကြားရေးမှုး ဒေါ်မွှေးမွှေးက Mandalay In-depth News သို့ ပြောသည်။

“စပ်မျိုးစပါးတွေက မြန်မာနိုင်ငံနဲ့လည်း ကိုက်ညီတယ်။ အကြမ်းခံတယ်။ စိုက်ရက် သက်တမ်းတိုတယ်။ ရေသုံးစွဲမှု နည်းတယ်။ ဒါကြောင့် ဒီစပ်မျိုးစပါးတွေအပေါ် အားရကျေနပ်မိပါတယ်” ဟု ၎င်းက ဆိုသည်။
ဒေသမျိုးရင်း စပါးမျိုးများဖြစ်သည့် ရွှေသွယ်ရင်၊ ဧရာမင်း၊ ဆင်းသုခ စသည့် စပါးမျိုးစေ့များ စိုက်ပျိုးရာတွင် တစ်ဧကလျှင် မျိုးစေ့(၂၁)ကီလို စိုက်ပျိုးရပြီး ကျပ်နှစ်သောင်းဝန်းကျင် ကုန်ကျကြောင်း၊ ယင်းစပါးမျိုးမှာမှာ တစ်ဧကလျှင် စပါးတင်း (၁၀၀)ဝန်းကျင် ထွက်ရှိကြောင်း မတ္တရာမြို့နယ်မှ စပါးစိုက်တောင်သူတစ်ဦးက ပြောသည်။

ဂရိတ်ဝေါကုမ္မဏီသည် အထွက်တိုး စပ်မျိုးစပါး မျိုးစိတ်များကို နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ အလျင်လိုကျေးရွာနှင့် ချိုင်းရွာရှိ မြေဧက(၃၀၀)တွင် ၂၀၁၂မှ စတင်ကာ စမ်းသပ်စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး မှတ်ပုံတင်ရရှိပြီးသော GW-1 မျိုးစေ့များကို နေပြည်တော်၊ မန္တလေးမြို့များတွင် ဖြန့်ဖြူး ရောင်းချပေးလျက်ရှိသည်ဟု ယင်းကုမ္မဏီ တာဝန်ရှိသူများက ဆိုသည်။
ဂရိတ်ဝေါကုမ္မဏီ၏ နေပြည်တော်ရှိ အထွက်တိုး စပ်မျိုးစပါး မျိုးစေ့ စိုက်ကွင်း။ Photo – Ko Nay Ko (Mandalay Indepth News).