ဘုန်းနေ၊ နိုဝင်ဘာ-၁၆
လားရှိုးမြို့ပေါ်ရှိ လူနေရပ်ကွက်များအတွင်း ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် လားရှိုးမြို့သို့ ပျံသန်းမည့် ယနေ့ ခရီးစဉ်များကို ဖျက်သိမ်းကြောင်း လေကြောင်းလိုင်းအချို့က ထုတ်ပြန်ကြေငြာသည်။
နိုဝင်ဘာ(၁၆)ရက် နံနက်(၁၀)နာရီကျော်အချိန်က လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ပစ်ခတ်သော ရှော့တိုက်ဒုံး (၉)လုံးခန့် လားရှိုးမြို့ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် ခရီးသည်များ ဘေးကင်းလုံခြုံစေရန်အတွက် လားရှိုးမြို့နှင့် ချိတ်ဆက်ပြေးဆွဲမည့် လေယာဉ်ခရီးစဉ်များကို ရပ်နားမည်ဖြစ်ကြောင်း Air Thanlwin လေကြောင်းလိုင်းနှင့် Air KBZ လေကြောင်းလိုင်းတို့က ထုတ်ပြန်ကြေညာသည်။

“ခရီးသွား ပြည်သူများ ဘေးကင်းလုံခြုံရေးအတွက် ယနေ့ (နိုဝင်ဘာ၁၆ရက်)တွင် ပြေးဆွဲမည့် လားရှိုး လေယာဉ်ခရီးစဉ်များကို ရပ်နားမည်”ဖြစ်ကြောင်း အထက်ပါ လေကြောင်းလိုင်းများ၏ ကြေညာချက်တွင် ဖော်ပြထားသည်။ မည်သည့်အချိန်တွင် ပြန်လည်ပြေးဆွဲမည် ဆိုသည်ကိုမူ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။
ယနေ့ နံနက်ပိုင်းတွင် လားရှိုးမြို့ ပညာရေးကောလိပ် နောက်ကျောရှိ တောင်ကုန်းပေါ်မှ ရှော့တိုက်ဒုံးများဖြင့် ပတ်ခတ်ခဲ့ရာ လားရှိုးမြို့ပေါ်ရှိ လူနေရပ်ကွက်များ အပါအဝင် တပ်မတော်ဝင်းနှင့် လေယာဉ်ကွင်းများအတွင်းသို့ ရှော့တိုက်ဒုံး(၉)လုံးခန့် ကျရောက်ခဲ့ပြီး လားရှိုးမြို့ခံ အမျိုးသမီးကြီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

လားရှိုး လေယာဉ်ကွင်းအတွင်း ရှော့တိုက်ဒုံးတစ်လုံး ကျရောက်ခဲ့မှုကြောင့် လေယာဉ်ပြေးလမ်း ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု သိရကြောင်း လားရှိုးဒေသခံ တစ်ဦးက ပြောသည်။
“လေယာဉ်ပြေးလမ်း ထိခိုက်မှု ရှိတယ်လို့ကြားတယ်။ အဲ့တာ ပြင်ဆင်ဖို့ လိုတဲ့အတွက် လေကြောင်းခရီးစဉ်တွေ နားတယ်လို့ သိရပါတယ်ဗျ။ လားရှိုးမြို့ အနေအထားက အခုတော့ အေးအေးဆေးဆေးပါပဲ။ နောက်ထပ် ထပ်ဖြစ်မလား ဆိုပြီး စိုးရိမ်နေကြတယ်။ နည်းနည်း ကြောက်လန့်နေကြတယ်”ဟု လားရှိုးမြို့ နယ်မြေ(၁)တွင် နေထိုင်သူတစ်ဦးက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများတွင် တပ်မတော်နှင့် တအာင်း(ပလောင်) လက်နက်ကိုင်အဖွဲ့ (TNLA)တို့ကြား တိုက်ပွဲများ မကြာခနဖြစ်ပွားနေပြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး တလျှောက်တွင် ခရီးသွားလာမှု ယာယီပြတ်တောက်မှုများ ရှိခဲ့သည်။

ယနေ့ နံနက် ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲမှုကြောင့် လားရှိုးမြို့သို့ ပျံသန်းပြေးဆွဲသည့် လေကြောင်းခရီးစဉ်များ ဖျက်သိမ်းထားသော်လည်း ခရီးသည်တင်ယာဉ်လိုင်းများနှင့် အဝေးပြေး ကုန်တင်ယာဉ်များမှာမူ ပုံမှန်အတိုင်း ပြေးဆွဲမှုရှိသည်ဟု ယာဉ်လိုင်းတာဝန်ရှိသူများက ပြောသည်။
လားရှိုးမြို့ ရပ်ကွက်(၉)၊ နယ်မြေ(၁)အတွင်း ကျရောက်ပေါက်ကွဲခဲ့သည့် ရှော့တိုက်ဒုံး။ Photo – Zay Yar.