မန္တလေး ကုန်သည်၊စက်မှုအသင်းက ဆန်နှင့် စားသောက်ကုန်များ ရပ်ကွက်အချို့၌ ဈေးလျှော့ရောင်းပေးမည်၊

ကြက်ဥတစ်လုံး ကျပ်(၉၀)ခန့်ဖြင့် ခြံကောက်ဈေးအတိုင်း ရောင်းမည်ဟုဆို

ထက်ဘုန်းခေါင်၊ မတ်-၁၆

မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (MRCCI)နှင့် ညီနောင်ကုန်သည်အသင်းများ ပူးပေါင်းကာ မန္တလေးမြို့ ရပ်ကွက်အချို့တွင် ဆန်နှင့် အခြေခံ စားသောက်ကုန်များ ဈေးလျှော့ရောင်းချပေးမည်ဟု အဆိုပါ အသင်း တာဝန်ရှိသူများက Mandalay In-depth News အား ပြောသည်။

“အဓိကတော့ ကုန်ဈေးနှုန်းတွေ မတက်ဘဲ ထိန်းနိုင်အောင်လို့ပါ။ ဝယ်ယူရတာ ခက်ခဲတဲ့ရပ်ကွက်တွေမှာ ကားနဲ့ လိုက်ရောင်းမှာပါ။ အခြေခံ စားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ဆီ၊ကြက်ဥ၊ လက်ဖက်အပါအဝင် အသင်းမှာရှိတဲ့ ညီနောင် ကုန်သည်အသင်းတွေက သူတို့ရဲ့ သက်ဆိုင်ရာ ကုန်တွေကို ရောင်းချမှာပါ။ တစ်ပတ်အတွင်း ရောင်းချနိုင်အောင် ကျွန်တော်တို့ ပြင်ဆင်မှာပါ”ဟု MRCCI အတွင်းရေးမှူး ဦးဥက္ကာကျော်က ပြောသည်။

မတ်လ(၁၆)ရက်က MRCCI ရုံး၌ ကျင်းပခဲ့သည့် အစည်းအဝေးတွင် အထက်ပါအတိုင်း ရပ်ကွက်အချို့၌ စားသောက်ကုန်များ ဈေးလျှော့ရောင်းပေးရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

“MRCCI အသင်းကြီးမှ ဆန်၊ ကြက်ဥ၊ လက်ဖက် အကြော်စုံ အပါအဝင် တစ်ဦး ကျပ်နှစ်ထောင်ဖိုး၊ ပုသိမ်ကြီးနှင့် စက်မှုဇုန်တို့တွင် လျှော့ဈေးနှင့် ရောင်းချပေးပါမည်”ဟု MRCCI ဥက္ကဌ ဦးကျော်မင်းက ဆိုသည်။

မန္တလေး မြို့တော်ဝန်နှင့် MRCCI တာဝန်ရှိသူများကို အခမ်းအနားတစ်ခုတွင် တွေ့ရစဉ်/ Pphoto – MRCCI

ပုသိမ်ကြီးမြို့နယ်နှင့် မန္တလေးစက်မှုကဲ့သို့ နေရာများကို ဦးစားပေးထားပြီး  အခြားနေရာများကိုလည်း ဆက်လက် ရောင်းချနိုင်ရန် ကြိုးစားမည်ဟု MRCCI တာဝန်ရှိသူများက ဆိုသည်။ သို့သော် စတင်ရောင်းချမည့် အချိန်နှင့် နေ့ရက်ကိုမူ ပြောကြားခြင်း မရှိသေးပါ။

ထိုသို့ ရောင်းချရာ၌ စားသောက်ကုန် လာရောက်ဝယ်ယူသူများအား စိုးရိမ်ကြောက်လန့်စိတ်ဖြင့် ကုန်ပစ္စည်း ဝယ်ယူစုဆောင်းခြင်းမျိုး မပြုလုပ်ရန်နှင့် COVID-19 အကြောင်း အသိပညာပေး မှုများလည်း လုပ်ဆောင်မည်ဟု ဆိုသည်။

“ကျွန်တော်တို့ လောလောဆယ်တော့ ကြက်ဥရောင်းဖို့ကတော့ သေချာတယ်။ ကြက်သားတွေရောင်းဖို့ ပါမှာလား၊ မပါဘူးလား ကတော့ မနက်ဖြန်မှ အစည်းအဝေး ပြန်ထိုင်မှာ။ ကြက်ဥကို ပြင်ပမှာ ၁၂၀၊ ၁၃၀ ကျပ် ပေးနေရတယ်။ အခုရောင်းမှာက ခြံကောက်ဈေးနဲ့ ရောင်းမှာပါ။ ၉၀ ကျပ်ဝန်းကျင်ပေါ့” ဟု မန္တလေးတိုင်းဒေသကြီး မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာကျော်ထင်က ပြောသည်။

Photo – ဒီးဒါင်းမေ

ဈေးရောင်းချမည့် နေရာ၊ အချိန်နှင့် ဈေးနှုန်းများကို MRCCI ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ကြေညာပေးမည်ဟု MRCCI တာဝန်ရှိသူများက ဆိုသည်။ 

MRCCIအနေဖြင့် အထက်ပါအတိုင်း ဆန်နှင့် စားသောက်ကုန်အချို့ ဈေးလျှော့ရောင်းခြင်းကို မန္တလေးမြို့ပေါ်တွင်သာ ပြုလုပ်မည်ဖြစ်သော်လည်း နယ်ဒေသများရှိ ကုန်သည်များမှ အထက်ပါအတိုင်း ရောင်းချလိုပါက ရောင်းချနိုင်ရန် ဦးဆောင်ပြုလုပ်ခြင်းသည်ဟု ဦးဥက္ကကျော်က ပြောသည်။

#Mandalay_Indepth_News

#Mandalay_News

#MRCCI .

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်