Covid-19 အဖြစ်များသည့် နိုင်ငံများမှ ဝင်လာသူများကို (၁၄)ရက် စောင့်ကြည့်ရန် ပုဂ္ဂလိကပိုင်များ အပါအဝင် မန္တလေး၌ ဟိုတယ် လေးလုံး အသင့်ပြင်ထား၊

နဒီမြန်မာဟိုတယ်၌ အခမဲ့ ထားရှိပြီး ပုဂ္ဂလိကဟိုတယ်တွင် နေထိုင်ပါက တည်းခိုစရိတ် ပေးဆောင်ရမည်ဖြစ်ကာ လက်ရှိတွင် မန္တလေး၌ ပြည်ပပြန် မြန်မာနိုင်ငံသား(၁၃)ဦး ထားရှိ စောင့်ကြည့်နေ

Mandalay In-depth News၊ မတ်-၂၂

Covid-19 ရောဂါ ဖြစ်ပွားမှုများသည့် နိုင်ငံများမှ ဝင်ရောက်လာသူများကို (၁၄)ရက်ကြာ ထားရှိ စောင့်ကြည့်နိုင်ရန် မန္တလေးမြို့တွင် စည်ပင်ပိုင် နဒီမြန်မာဟိုတယ်နှင့် ပုဂ္ဂလိကပိုင် ဟိုတယ်သုံးလုံး စုစုပေါင်း ဟိုတယ်လေးလုံး အသင့်ပြင်ဆင်ထားကြောင်း မန္တလေးတိုင်း SRT ဥက္ကဌ မြိုှုတော်ဝန် ဒေါက်တာ ရဲလွင်က Mandalay In-depth News အား ပြောသည်။

“အနေအထားအရ တစ်ခုချင်း ဆက်လုပ်နေတာပေါ့။ နှစ်ခု (ဟိုတယ်) ပြင်ထားတယ်။ ဆက်လိုရင် အကူအညီတောင်းဖို့တွေလည်း ရှိတယ်။ နောက်ထပ် နှစ်ခု (ဟိုတယ်) ရံထားတာ”ဟု ဒေါက်တာရဲလွင်က ပြောသည်။

တရုတ်၊ အမေရိကန်၊ အီတလီ အပါအဝင် Covid-19 ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်း များပြားနေသည့် နိုင်ငံ(၁၆)နိုင်ငံသို့ သွားရောက်ခဲ့သည့် မြန်မာနိုင်ငံသားများ အပါအဝင် ခရီးသွားများ အားလုံးကို  Covid-19 ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ထပ်မံကူးစက်မှု မရှိစေရေး မြန်မာနိုင်ငံသို့ ရောက်ရှိချိန်မှ စတင်၍ (၁၄)ရက် သီးသန့်သတ်မှတ်ထားသည့် နေရာတွင် ထားရှိစောင့်ကြည့်မှု (Facility Quarantine) ပြုလုပ်မည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ နိုင်ငံများမှ ဝင်ရောက်လာသူများကို သီးခြားထားရှိ စောင့်ကြည့်ရန် မန္တလေးမြို့တော် စည်ပင်ပိုင် (၆၂)လမ်းပေါ်ရှိ နဒီမြန်မာဟိုတယ်ကို အသင့်ပြင်ဆင်ထားသော်လည်း ပြန်လာမည့်သူ အရေအတွက် များပြားနိုင်ခြင်းနှင့် ပုဂ္ဂလိကပိုင် ဟိုတယ်များတွင် နေထိုင်လိုသူများအတွက် တိုင်း SRT အဖွဲ့က ဟိုတယ်ပိုင်ရှင်များနှင့် ညှိနှိုင်းကာ စီစဉ်ပေးခြင်း ဖြစ်သည်ဟု မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီး ဒု-ဆေးရုံအုပ် ဒေါက်တာခင်ကျော်က ရှင်းပြသည်။

စည်ပင်ပိုင် နဒီမြန်မာဟိုတယ်တွင် စောင့်ကြည့်ခံ နေထိုင်ပါက အခမဲံ နေထိုင်ခွင့်ပြုပြီး ပုဂ္ဂလိကပိုင် ဟိုတယ်များတွင် နေထိုင်လိုပါက တည်းခိုနေထိုင်စရိတ် ညှိနှိုင်းပေးခြင်း ဖြစ်သည်ဟု ဆိုသည်။

“ဟိုတယ်နဲ့ ညှိလိုက်တာပေါ့။ ဟိုတယ်ကို သူတို့ပုံမှန်နှုန်းလည်း မဟုတ်ဘူး။ အလကားလည်း မဟုတ်ဘူး။ ….. ။ အဓိကကတော့ သူတို့ကို အခန်းထဲက ပေးမထွက်တော့ဘူး။ စောင့်ကြည့်နေတယ်။ ၁၄ ရက်။ အဲ့လိုပေါ့။ ပုံမှန်အားဖြင့်တော့ ဟိုတယ်ကို ညှိနှိုင်းပြီး ညှိလို့ရရင် သူတို့နဲ့လည်း အဆင်ပြေရင် ထည့်လိုက်တာကတော့ Quarantine (သီးသန့်ထားစောင့်ကြည့်) လုပ်ခံရတဲ့သူတွေရဲ့ complaint (မကျေနပ်မှု) လည်း နည်းသွားမယ်။ accommodation (နေရာထိုင်ခင်း)လည်း ကောင်းသွားမှာပေါ့”ဟု ဒေါက်တာခင်ကျော်က Mandalay In-depth News အား ပြောသည်။

လက်ရှိတွင် ပြင်သစ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ (၂)ဦး၊ ဗြိတိန်နှင့် ဆွစ်ဇာလန်နိုင်ငံတို့မှ ပြန်လည်ရောက်ရှိလာသူ စုစုပေါင်း မြန်မာနိုင်ငံသား (၄)ဦးကို နဒီမြန်မာဟိုတယ်၌ (၁၄)ရက်ကြာ သီးခြားထားရှိ စောင့်ကြည့်နေပြီး မန္တလေးမြို့ပေါ်ရှိ ပုဂ္ဂလိက ဟိုတယ်တစ်လုံး၌ သီးခြားနေထိုင် စောင့်ကြည့်နေထိုင်သူ (၉)ဦး ရှိနေသည်ဟု ၎င်းက ပြောသည်။

အဆိုပါ သီးးခြားနေထိုင် စောင့်ကြည့်ခံရသူများမှာ Covid-19 ရောဂါ ကူးစက်ခံရသူများ မဟုတ်ဘဲ တရုတ်နိုင်ငံ ဝူဟန်မြို့မှ ပြန်လည်ခေါ်ယူခဲ့သည့် မြန်မာပညာသင် ကျောင်းသားများကဲ့သို့ ရောဂါ ရှိ၊မရှိ (၁၄)ရက်ကြာ ထားရှိစောင့်ကြည့်ခြင်း ဖြစ်သည်ဟု ဆိုသည်။

တရုတ်၊ အမေရိကန်၊ ကိုရီးယား၊ အီတလီ၊ ပြင်သစ်၊ စပိန်၊ ဂျာမနီ၊ အီရန်၊ ဆွစ်ဇာလန်၊ ဗြိတိန်၊ နယ်သာလန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံ၊ နော်ဝေ၊ ဆွီဒင်နှင့် ဒိန်းမတ်နိုင်ငံများသို့ သွားရောက်ခဲ့သူများကို (၁၄)ရက်ကြာ သီးခြားထားရှိစောင့်ကြည့် မည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ထို့အပြင် နယ်စပ်ဂိတ်များမှ နိုင်ငံခြားသားများ ဝင်ရောက်ခွင့် ပိတ်ပင်ထားသလို ဆိုက်ရောက်ဗီဇာ(Visa On Arrival) နှင့် အီလက်ထရောနစ်ဗီဇာ (e-Visa) ထုတ်ပေးခြင်းများကိုလည်း အစိုးရက ရပ်ဆိုင်းထားသည်။

နဒီမြန်မာ ဟိုတယ် အဆောက်အဦးအား တွေ့ရစဉ်/ Photo – Shwe Yee FB.

လွန်ခဲ့သည့် ဒီဇင်ဘာက တရုတ်နိုင်ငံ ဝူဟန်မြို့တွင် စတင်ဖြစ်ပွားခဲ့သည့် Covid-19 ရောဂါသည် လက်ရှိတွင် ကမ္ဘာ့နိုင်ငံ (၁၈၀)ကျော်သို့ ကူးစက်ပျံ့နှံ့နေပြီး ကမ္ဘာတဝှမ်း ရောဂါကူးစက်ခံရသူ နှစ်သိန်းကျော်နှင့် သေဆုံးသူ တစ်သောင်းကျော်အထိ ရှိနေသည်။

မြန်မာနိုင်ငံတွင်း လက်ရှိအချိန်ထိ Covid-19 ရောဂါ ကူးစက်ခံရသည့် အတည်ပြုလူနာ တစ်ဦးမျှ မတွေ့သေးသော်လည်း ရောဂါကာကွယ်ရေး အလေးထားကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တိုက်တွန်းထားသည်။

နဒီမြန်မာ ဟိုတယ် အဆောက်အဦးအား တွေ့ရစဉ်/ Photo – Shwe Yee FB.

#Mandalay_Indepth_News

#Mandalay_News #နဒီမြန်မာဟိုတယ် #ပုဂ္ဂလိကဟိုတယ်

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်