ဆိုက်ရောက်ဗီဇာနှင့် အီလက်ထရောနစ်ဗီဇာ ထုတ်ပေးခြင်းများ ရပ်ဆိုင်း၊

မြန်မာသို့ လာမည့် Covid-19 ဖြစ်ပွားမှုနှုန်းများသည့် (၉)နိုင်ငံမှ ခရီးသွားများအပေါ် ထပ်တိုးကန့်သတ်

Mandalay In-depth News၊ မတ်-၂၀

မြန်မာနိုင်ငံ အစိုးရအနေဖြင့် နိုင်ငံအားလုံးအတွက် ဆိုက်ရောက်ဗီဇာ (Visa On Arrival) နှင့် အီလက်ထရောနစ်ဗီဇာ (e-Visa) ထုတ်ပေးခြင်းများကို ယနေ့ မတ်လ(၂၀)ရက်မှ စတင်ကာ ဧပြီ(၃၀)ရက်အထိ ယာယီရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ထို့အပြင် အမေရိကန်၊ ဆွစ်ဇာလန်၊ ဗြိတိန်၊ နယ်သာလန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံ၊ နော်ဝေ၊ ဆွီဒင်နှင့် ဒိန်းမတ်နိုင်ငံတို့တွင် လွန်ခဲ့သည့် (၁၄)ရက်အတွင်း နေထိုင်ခဲ့သူများနှင့် သွားရောက်ခဲ့ဖူးသည့် မြန်မာနိုင်ငံသားများ အပါအဝင် ခရီးသွားများအားလုံးကို မြန်မာနိုင်ငံသို့ ရောက်ရှိချိန်မှ စတင်၍ (၁၄)ရက် သီးသန့်သတ်မှတ်ထားသည့်  ထားရှိစောင့်ကြည့်မှု (Facility Quarantine) ပြုလုပ်မည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနက ယနေ့ မတ်လ(၂၀)ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။ အဆိုပါ ယာယီ ကန့်သတ်ချက် အစီအမံများသည် မတ်လ(၂၁)ရက်တွင် စတင်အသက်ဝင်မည်ဟု ဖော်ပြထားသည်။

နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်/ Photo – နိုင်ငံခြားရေးဝန်ကြီးဌာန

ပြီးခဲ့သည့် မတ်လ(၁၅)ရက်က တရုတ်နိုင်ငံ အပါအဝင် Covid-19 ရောဂါ ကူးစက်ဖြစ်ပွားမှုများသည့် ကိုရီးယား၊ အီတလီ၊ ပြင်သစ်၊ စပိန်၊ ဂျာမနီနှင့် အီရန်စသည့် နိုင်ငံ(၇)နိုင်ငံမှ ခရီးသွားများအပေါ် အထက်ပါအတိုင်း ကန့်သတ်မှုများ ပြုလုပ်ခဲ့ပြီးနောက် ယခု ထပ်တိုးကန့်သတ်ခြင်း ဖြစ်သည်။

နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်/ Photo – နိုင်ငံခြားရေးဝန်ကြီးဌာန

Covid-19 ရောဂါ ကူးစက်ပျံ့ပွားမှုနှင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရန်နှင့် နိုင်ငံခြား ခရီးသွားများမှတဆင့် မြန်မာပြည်သူများအပေါ် ကျရောက်နိုင်သည့် ရောဂါ၊အန္တရာယ်များကို ထိန်းချုပ် ကန့်သတ်နိုင်ရန်အတွက် အထက်ပါအတိုင်း ခရီးသွားများအပေါ် ကန့်သတ်ခြင်း ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် မတ်လ(၁၉)ရက်ကလည်း Covid-19 ရောဂါ ပြည်ပမှ ကူးစက်ပျံ့ပွားမှု ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် နိုင်ငံခြားသားများ နယ်စပ်စစ်ဆေးရေး ဂိတ်များမှတဆင့် မြန်မာနိုင်ငံတွင်း ဝင်ရောက်ခွင့်ကို ယာယီတားမြစ် ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ယနေ့ မတ်လ(၂၀)ရက်အထိ မြန်မာနိုင်ငံအတွင်း Covid-19 ဓါတ်ခွဲအတည်ပြုလူနာ မတွေ့ရှိရသေးသော်လည်း သံသယလူနာ(၂)ဦးနှင့် စောင့်ကြည့်လူနာ (၁၆၈)ဦး ရှိခဲ့သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ ဓါတ်ခွဲစစ်ဆေးချက်အရ ယင်းလူနာများအနက် (၁၇၆)ဦးမှာ Covid-19 ရောဂါပိုး မတွေ့ရှိဘဲ (၁၂)ဦးမှာ ဓါတ်ခွဲနမူနာ ရယူရန် ပေးပို့ဆဲဖြစ်ကာ စောင့်ကြည့်လူနာ (၉)ဦး အခြားရောဂါများဖြင့် သေဆုံးခဲ့သည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

#Mandalay_Indepth_News

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်