Covid-19 ကြောင့် မေမြို့ ဖားအောက်တောရ ရိပ်သာများ သြင်္ကန်တွင်း တရားစခန်း ပိတ်

မောင်မင်းမော်၊ မတ်- ၁၆

COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မည်ကို စိုးရိမ်သည့်အတွက် ပြင်ဦးလွင်မြို့ ဖားအောက်တောရ ရိပ်သာများတွင် ယောဂီလက်ခံခြင်းကို ယာယီရပ်ဆိုင်းကာ သြင်္ကန်ကာလ တရားစခန်းများကိုလည်း ဖွင့်လှစ်တော့မည် မဟုတ်ကြောင်း ဖားအောက်တောရ ဗုဒ္ဓသာသနာ့ရိပ်သာ တာဝန်ရှိသူတစ်ဦးက Mandalay In-depth News အား ပြောသည်။

ပြင်ဦးလွင်မြို့နယ် ကျင်ဂနိုင်ကျေးရွာရှိ ဖားအောက်တောရ ဗုဒ္ဓသာသနာ့ရိပ်သာ (တပ်ဦးဓမ္မရိပ်သာ၊ တိုးချဲ့) နှင့် ရိပ်သာခွဲများဖြစ်သည့် ကျောက်ဖျားဒိုးကျေးရွာရှိ ဖားအောက်တောရ တပ်ဦးဓမ္မရိပ်သာနှင့် မန်းမြို့တော် ဖားအောက်တောရ ဗုဒ္ဓတက္ကသိုလ်ကျောင်းတိုက် တို့တွင် COVID-19 ရောဂါ ကင်းရှင်းသည်အထိ ပြည်တွင်းပြည်ပ မည်သည့်ယောဂီကိုမျှ လက်ခံတော့မည် မဟုတ်ဘဲ ယာယီရပ်ဆိုင်းထားမည် ဖြစ်သလို ယခုနှစ် သြင်္ကန်တရားစခန်းကိုလည်း ကျင်းပတော့မည် မဟုတ်ကြောင်း ပြင်ဦးလွင်မြို့ ဖားအောက်တောရ ဗုဒ္ဓသာသနာ့ ရိပ်သာများက သတင်းထုတ်ပြန်ထားသည်။

“ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့်မို့ မိမိဌာနေမှာပဲ နေတာ အသင့်တော်ဆုံးပဲပေါ့။ လူစုလူဝေး မဖြစ်ပေါ်အောင်လို့ ကျွန်တော်တို့က ဒီဟာကို ထိမ်းချုပ်တဲ့ အနေနဲ့ လူစုလူဝေး မလုပ်တော့ဘဲနဲ့ တရားစခန်းကို ဝမ်းနည်းစွာနဲ့ ပိတ်ထားရပါတယ်” ဟု ဖားအောက်တောရ ဗုဒ္ဓသာသနာ့ရိပ်သာ (တပ်ဦးဓမ္မရိပ်သာ၊တိုးချဲ့) ကျင်ဂနိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

 ပြင်ဦးလွင်မြို့ ဖားအောက်တောရ ရိပ်သာ/ Photo - မောင်မင်းမော်
ပြင်ဦးလွင်မြို့ ဖားအောက်တောရ ရိပ်သာ/ Photo – မောင်မင်းမော်

Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေး လူစုလူဝေးများ ရှောင်ကြဉ်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ သတိပေး ထုတ်ပြန်ချက်ကို လိုက်နာခြင်း၊ ရောဂါကူးစက် လာပါက ထိန်းချုပ်ရန် ခက်ခဲခြင်းနှင့် တရားစခန်း ကျင်းပ၍ လူစုလူဝေးဖြစ်ကာ ရောဂါကူးစက်ခဲ့သော် ကုသိုလ်တရား ပွားများနိုင်မည် မဟုတ်ဘဲ ကိုယ်စိတ် ဆင်းရဲရမည်ဖြစ်၍ ယောဂီလက်ခံခြင်း ရပ်ဆိုင်းထားမည် ဖြစ်ကြောင်းနှင့် ယခုနှစ် သြင်္ကန်တရားစခန်းကိုလည်း ကျင်းပတော့မည် မဟုတ်ကြောင်း ဖားအောက်တောရ ရိပ်သားများက မတ်လ(၅)ရက်ကတည်းက အသိပေး ထုတ်ပြန်ထားသည်။

ပြင်ဦးလွင် ဖားအောက်ရိပ်သာခွဲများ ဖွင့်လှစ်ခဲ့သည်မှာ (၆)နှစ်နီးပါး ရှိပြီဖြစ်ပြီး နှစ်စဉ် ပြည်တွင်းပြည်ပမှ ရာသက်ပန် တရားစခန်းဝင်သူ ယောဂီ(၅၀၀)ခန့်နှင့် သြင်္ကန်ကာလ တရားစခန်းဝင်သူ (၅၀၀)ခန့်ရှိကြောင်း ဖားအောက်ရိပ်သာ တာဝန်ရှိသူ မဇင်နီမော်က ပြောသည်။

ပြင်ဦးလွင်မြို့ ဖားအောက်တောရ ရိပ်သာ/ Photo – မောင်မင်းမော်

မော်လမြိုင်မြို့ရှိ ဖားအောက်တောရ ရိပ်သာ(ပင်မ)ကလည်း COVID-19‌ ကြောင့် ပြည်တွင်းပြည်ပ ယောဂီလက်ခံခြင်းနှင့် သြင်္ကန်တရားစခန်း ကျင်းပခြင်းကို ယာယီပိတ်သိမ်းကြောင်း ယခုလဆန်းပိုင်းတွင် ကြေညာခဲ့သည်။

COVID-19 ကမ္ဘာ့ကပ်ရောဂါသည် ယခုအခါ ကမ္ဘာ့နိုင်ငံ အများအပြားသို့ ကူးစက်ပျံ့ပွားနေပြီး သေဆုံးသူ (၆၀၀၀)ကျော်အထိ ရှိလာသည်။ ယင်းရောဂါသည် ရောဂါလက္ခဏာများ မပြသေးမီ အချိန်မှာပင် အခြားသူများထံ ထပ်မံ ကူးစက်နိုင်သည်။

မြန်မာနိုင်ငံတွင်မူ မတ်လ(၁၅)ရက် ညပိုင်းအထိ Covid-19 ရောဂါ ကူးစက်ခံရသူ တစ်ဦးမျှ မရှိသေးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ သို့သော် ယင်းရောဂါသည် လူစုလူဝေး များပြားသည့် နေရာများတွင် လျှင်မြန်စွာ ကူးစက်နိုင်သောကြောင့် ပွဲလမ်းသဘင်အခမ်းအနားနှင့် လူစုလူဝေးများ ရှောင်ကြဉ်ရန် အစိုးရက သတိပေး တားမြစ်ထားသည်။

ပြင်ဦးလွင်မြို့ ဖားအောက်တောရ ရိပ်သာ/ Photo – မောင်မင်းမော်

#Mandalay_Indepth_News

#Mandalay_News #ဖားအောက်တောရ #သြင်္ကန်တရားစခန်း

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်