မန္တလေးဆေးရုံကြီး Covid-19 ကာကွယ်ရေး ကြိုတင်ပြင်ဆင်မှုများအတွက် ဆေးပစ္စည်းနှင့် စက်များ လှူဒါန်းနိုင်

အလှူရှင်များ လှူဒါန်းမှု ကျပ်သိန်း(၂၀၀)တန် Ventilator(အသက်ရှုအကူစက်) (၉)လုံး အပါအဝင် PPE ဝတ်စုံ (၅၀၀)နှင့် ဆေးပစ္စည်းအချို့ ရရှိထား

ဒီဒါင်းမေ၊ မတ် – ၁၈

Covid-19 ရောဂါ ကာကွယ်ရေး မန္တလေးဆေးရုံကြီးတွင် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေပြီး စေတနာရှင် ပြည်သူများအနေဖြင့်လည်း ဆေးပစ္စည်းနှင့် ကျန်းမာရေးဆိုင်ရာ စက်ရိယာများ လှူဒါန်းနိုင်ကြောင်း မန္တလေးအထွေထွေရောဂါကုဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးက ပြောသည်။

Covid-19 ရောဂါအား ကမ္ဘာ့ကပ်ရောဂါအဖြစ် WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့)က ကြေငြာခဲ့ပြီးနောက် မန္တလေးဆေးရုံကြီးတွင် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

Covid-19 ရောဂါ ကာကွယ်ကုသရေးအတွက် လိုအပ်သည့် စက်ကိရိယာများနှင့် အကာအကွယ်ဝတ်စုံ (PPE) များကို အစိုးရက ထောက်ပံ့ပေးထားသော်လည်း ပိုမိုပြင်ဆင် ထားလိုသည့်အတွက် အလှူခံရခြင်း ဖြစ်ကြောင်း မန္တလေးဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးက ရှင်းပြသည်။

“ဒါကတော့ ဖြစ်နေလို့တော့ မဟုတ်ဘူး။ အစ်မတို့မှာ ကြိုတင်ပြင်ဆင်မှုဆိုတာ ဆောင်ရွက်ရပါတယ်။ preparation (ကြိုတင်ပြင်ဆင်ခြင်း) ကလည်း prevention(ကာကွယ်ခြင်း) ထက် အရေးကြီးပါတယ်”ဟု ဒေါက်တာစုစုဒွေးက ပြောသည်။

မန္တလေးအထွေထွေရောဂါကုဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေး/ Photo – Mg Min Maw

‌အကာအကွယ်ဝတ်စုံ (PPE) တစ်စုံလျှင် ကျပ် ၃၅၀၀၀ ၊ Patient Monitor တစ်လုံးလျှင် ကျပ် ၃၈ သိန်း၊ infusion Pump တစ်လုံးလျှင် ကျပ် ၁၅ သိန်း၊ အသက်ရှုအကူစက် (Ventilator) တစ်လုံးလျှင် ကျပ်သိန်း ၂၀၀ နီးပါးဖြစ်ပြီး လှူဒါန်းလိုသူများအနေဖြင့် မန္တလေးဆေးရုံကြီးနှင့် ဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေး ၀၉၄၀၀၄၉၅၅၅၉ သို့ ဆက်သွယ်လှူဒါန်းနိုင်သည်ဟု ဆိုသည်။

လက်ရှိတွင် မန္တလေးဆေးရုံကြီးသို့ အများပြည်သူ အလှူရှင်များက လှူဒါန်းထားသည်များ ရှိပြီး မတ်လ(၁ရ)ရက်အထိ  PPE ဝတ်စုံ (၅၀၀) ၊ Patient Monitor (၆) လုံး၊  infusion Pump (၅)လုံးနှင့် Ventilator (အသက်ရှုအကူစက်) (၉)လုံး လက်ခံရရှိထားကြောင်း သတင်းရရှိသည်။

Photo – Dr. Su Su Dwe FB.

Covid-19 ရောဂါ ကာကွယ်ကုသရေးနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ထမ်းများ ဝတ်ဆင်ရန်အတွက် PPE အကာအကွယ်ဝတ်စုံများ အဓိကလိုအပ်နေပြီး တတ်နိုင်သမျှ လှူဒါန်းစေလိုကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးက ပြောသည်။

“PPE ဝတ်စုံ ဝတ်ထားမှပဲ သူတို့လည်း ကုသရတာ အားရှိမှာပေါ့။ ဘာမှမရှိဘဲ သွားပြီး ထွက်ပြီး လုပ်ဆိုလို့ကတော့ ဘယ်တရားမလဲ။ အဓိကကတော့ PPE ဝတ်စုံတွေ လိုချင်ပါတယ်။ အခုချိန်ထိ လောက်ငမှု မရှိသေးပါဘူး။  များလေ ကောင်းလေပါပဲ။ များများသုံးနိုင်လေ ကောင်းလေပဲပေါ့နော်။ ဘယ်သူ့ကိုမဆို အားလုံးတပြေးညီ PPE ဝတ်စုံ ဝတ်ထားပေးနိုင်ဖို့ လိုတာပေါ့” ဟု ၎င်းက ပြောသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာမှ စတင်ကာ ဖြစ်ပွားခဲ့သည့် COVID-19 ရောဂါသည် လက်ရှိတွင် ကမ္ဘာ့နိုင်ငံပေါင်း (၁၅၀) ကျော်သို့ ကူးစက်ပျံ့နှံ့ဖြစ်ပွားနေပြီး ကမ္ဘာတဝန်း ရောဂါ ကူးစက်ခံရသူ (၁၇၀၀၀၀)ကျော်နှင့် သေဆုံးသူ (၇၀၀၀)ကျော်အထိ ရှိနေသည်။

မြန်မာနိုင်ငံတွင်မူ လက်ရှိအချိန်ထိ Covid-19 ရောဂါ အတည်ပြုလူနာ တစ်ဦးမျှ မရှိသေးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ထားသည်။

Covid-19 ရောဂါသည် လူစုလူဝေးများပြားသည့် နေရာများတွင် လျင်မြန်စွာ ကူးစက်နိုင်သည့်အတွက် သြင်္ကန်ပွဲတော် မဏ္ဍပ်ဆောက်လုပ်ခြင်းများ အပါအဝင် မြန်မာနိုင်ငံအတွင်း ပွဲလမ်းသဘင် အခမ်းအနားများ ဧပြီလကုန်အထိ ကျင်းပခွင့်ပြုမည် မဟုတ်ကြောင်း နိုင်ငံတော်သမ္မတရုံးက မတ်လ(၁၃)တွင် ထုတ်ပြန်ထားသည်။

Photo – Dr. Su Su Dwe FB.

မန္တလေးဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးနှင့် အလှူရှင်များမှ မန္တလေးဆေးရုံကြီးသို့ ကျန်းမာရေးသုံးပစ္စည်း လှူဒါန်းမှုများ/ Photo – မောင်မင်းမော်၊ ဒေါက်တာစုစုဒွေး FB,

#Mandalay_Indepth_News #Mandalay_news

#Covid-19 #မန္တလေးဆေးရုံကြီး

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်