ဘိလပ်မြေစက်ရုံ စီမံကိန်းအတွင်း ဝင်ရောက် မီးရှို့ ဖျက်ဆီးမှုဖြင့် အောင်သပြေရွာ ဒေသခံငါးဦး ထောင်(၅)နှစ်စီ ပြစ်ဒဏ်ကျ

ယင်းအမှူတွဲမှ အောင်သပြေရွာသား ကိုထွန်း မှာ ဖမ်းဆီးခံရပြီး သုံးရက်အကြာတွင် အိုးဘိုထောင်တွင်း သေဆုံးခဲ့

ထက်ဘုန်းခေါင်၊ မတ်-၂၀

ကျေးရွာအနီး တည်ဆောက်မည့် အယ်လ်ဖာဘိလပ်မြေ စက်ရုံ စီမံကိန်းအား ကန့်ကွက်လျှက်ရှိသည့် မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာမှ ဒေသခံအမျိုးသား ငါးဦးကို ဘိလပ်မြေစက်ရုံ စီမံကိန်းဝင်းအတွင်း ဝင်ရောက် မီးရှို့ ဖျက်ဆီးမှု အပါအဝင် ပုဒ်မ လေးခုဖြင့် ထောင်ဒဏ်(၅)နှစ်စီ ပြစ်ဒဏ်ကျခံစေရန် ယနေ့ မတ်လ(၂၀)ရက်တွင် မြို့နယ်တရားရုံးက အမိန့်ချမှတ်သည်။

ထောင်ဒဏ်ငါးနှစ်စီ ပြစ်ဒဏ်ချခံရသည့် အောင်သပြေကျေးရွာ ဒေသခံများ/ Photo – ထက်ဘုန်းခေါင်

အယ်လ်ဖာဘိလပ်မြေ စက်ရုံစီမံကိန်းဝင်းအတွင်း ဝင်ရောက်မီးရှို့ဖျက်ဆီးသည် ဟုဆိုကာ ပြီးခဲ့သည့် ၂၀၁၉ ဇွန်လကတည်းက ဖမ်းဆီးခံထားရသည့် အောင်သပြေကျေးရွာမှ ကိုမိုးလင်း၊ ကိုကျော်ဇေယျ၊ ကိုနိုင်ထွန်းအောင်၊ ကိုမင်းသိန်းနှင့် ကိုဖိုးမာ တို့ကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၃၆၊ ၄၃၆/၁၁၄ အရ အလုပ်နှင့် ထောင်ဒဏ် (၅)နှစ်စီ၊ ပုဒ်မ ၄၄၀၊ ၄၄၀/၁၁၄ အရ အလုပ်နှင့် ထောင်ဒဏ်(၂)နှစ်စီ ချမှတ်ပြီး ပြစ်ဒဏ်ကို တစ်ပေါင်းတည်းကျခံစေရန် ပုသိမ်ကြီးမြို့နယ်တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း အောင်သပြေဒေသခံများဘက်မှ လိုက်ပါဆောင်ရွက်သည့် ရှေ့နေက ပြောသည်။

ထောင်ဒဏ်ငါးနှစ်စီ ပြစ်ဒဏ်ချခံရသည့် အောင်သပြေကျေးရွာ ဒေသခံများ/ Photo – ထက်ဘုန်းခေါင်

ပြီးခဲ့သည့် ၂၀၁၉ မေလ(၁၅)ရက်က အောင်သပြေကျေးရွာအနီး တည်ဆောက်မည့်  ဘိလပ်မြေစက်ရုံ စီမံကိန်းနှင့် ပတ်သက်၍ ဒေသခံကျေးရွာသား တစ်ရာကျော်က လမ်းပိတ်ဆို့ ဆန္ဒပြခဲ့ရာ ရဲတပ်ဖွဲ့က အင်အားသုံး ဖြိုခွင်းခဲ့ပြီး ရဲတပ်ဖွဲ့နှင့် ဒေသခံများအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။ အဆိုပါ ရုန်းရင်းဆန်ခတ် ဖြစ်စဉ်အတွင်း ဒေသခံများက စက်ရုံစီမံကိန်းအတွင်း ဝင်ရောက်ကာ မီးရှိူ့ဖျက်ဆီးခဲ့ရာ စက်ရုံ အဆောက်အဦးနှင့် မော်တော်ယာဉ်အချို့ ပျက်စီးခဲ့သည်။

အဆိုပါ မီးရှိုပဖျက်ဆီးမှုနှင့်ပတ်သက်၍ အောင်သပြေဒေသခံအချို့ကို အမှုဖွင့် ဖမ်းဆီးပြီး ပုသိမ်ကြီးမြို့နယ် တရားရုံး၌ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ထောင်ဒဏ်ငါးနှစ်စီ ပြစ်ဒဏ်ချခံရသည့် အောင်သပြေကျေးရွာ ဒေသခံများ/ Photo – ထက်ဘုန်းခေါင်

ယင်းအမှုတွဲမှ အောင်သပြေရွာသား တစ်ဦးမှာ ပြီးခဲ့သည့် ဒီဇင်ဘာ(၂၀)ရက်က စွဲချက်တင် အမိန့်ချရာတွင် ပါဝင်ကျူးလွန်ကြောင်း သက်သေ ခိုင်လုံခြင်း မရှိဟုဆိုကာ အမှုမှ လွတ်မြောက်ခဲ့ကြောင်း အောင်သပြေကျေးရွာ ဒေသခံများဘက်မှ လိုက်ပါဆောင်ရွက်သည့် ရှေ့နေက ပြောသည်။

သို့သော် အဆိုပါ အမှုတွဲမှ အောင်သပြေရွာသား ကိုထွန်းမြင့်ဝင်း(ခ) ကိုထွန်းမှာ ရဲတပ်ဖွဲ့၏ ဖမ်းဆီးခံရပြီး သုံးရက်အကြာ ပြီးခဲ့သည့် ၂၀၁၉ ဇွန်လဆန်းက မန္တလေးအိုးဘိုထောင်အတွင်း၌ သေဆုံးခဲ့သည်။

အိုးဘိုထောင်အတွင်း ကိုထွန်း သေဆုံးခဲ့မှုနှင့်ပတ်သက်၍ အငြင်းပွားမှုများ ရှိခဲ့ပြီး ကနဦးတွင် ရဲတပ်ဖွဲ့က သေမှုသေခင်းအဖြစ်သာ အမှုဖွင့်ခဲ့သော်လည်း တစ်လကျော်အကြာတွင် လူသတ်မှုအဖြစ် ပြောင်းလဲအမှုဖွင့်ခဲ့သည်။ သေဆုံးသူ ကိုထွန်းသည် အိုးဘိုထောင်အတွင်း အချုပ်ကျနေစဉ် နှစ်ကြီး အကျည်းသားတစ်ဦးနှင့် ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ယင်းမှ ရရှိသည့် ဒဏ်ရာများကြောင့် သေဆုံးခြင်းဖြစ်ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့က ကိုထွန်း သေဆုံးပြီး နှစ်လခန့်အကြာ ၂၀၁၉ သြဂုတ်လတွင် သတင်းစာရှင်းလင်းပွဲလုပ်ကာ ပြောကြားခဲ့သည်။ ကိုထွန်း သေဆုံးမှုနှင့်ပတ်သက်၍  အကျဉ်းထောင် တာဝန်ရှိသူအချို့ကို အရေးယူရန် စီစဉ်နေသည်ဟု လည်း ရဲတပ်ဖွဲ့က အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

မန္တလေးမြို့အနီး ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီးတွင် တစ်နေ့ တန်(၅၀၀၀)ကျ ကျောက်မီးသွေးစွမ်းအင်သုံး  အယ်လ်ဖာ ဘိလပ်မြေစက်ရုံ စီမံကိန်း အကောင်အထည်ဖော် တည်ဆောက်လျှက်ရှိသည်။

ထောင်ဒဏ်ငါးနှစ်စီ ပြစ်ဒဏ်ချခံရသည့် အောင်သပြေကျေးရွာ ဒေသခံများ/ Photo – ထက်ဘုန်းခေါင်

အဆိုပါ ဘိလပ်မြေ စက်ရုံစီမံကိန်းသည် ကျေးရွာနှင့် အလွန်နီးကပ်ခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံများများ၏ လူမူဘဝအပေါ် ထိခိုက်မှု ရှိလာနိုင်သည်ဟုဆိုကာ အောင်သပြေကျေးရွာ ဒေသခံအချို့က ဘိလပ်မြေစက်ရုံ စီမံကိန်းကို ကန့်ကွက်လျှက်ရှိသည်။ အဆိုပါ ကန့်ကွက်ဆန္ဒပြမှုများနှင့် ဆက်စပ်၍ ဒေသခံများနှင့် ရဲတပ်ဖွဲ့အကြား ပဋိပက္ခများ ဖြစ်ပွားခဲ့သလို အောင်သပြေကျေးရွာမှ ဒေသခံအချို့ အမှုဖွင့် တရားစွဲဆို ခံထားရသည်။

ထောင်ဒဏ်ငါးနှစ်စီ ပြစ်ဒဏ်ချခံရသည့် အောင်သပြေကျေးရွာ ဒေသခံများ/ Photo – ထက်ဘုန်းခေါင်

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်