ဒီဒါင်းမေ၊မောင်မင်းမော်၊ ဇန်နဝါရီ-၂၈
အနောက်မြောက်လေအေးများ မြန်မာလေထုအတွင်း ဝင်ရောက်မှုကြောင့် မန္တလေးမြို့တွင် နောက်နှစ်ရက်အထိ အအေးပိုနိုင်ကြောင်း မိုးလေးဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန အထက်မြန်မာပြည်ဌာနခွဲ (မန္တလေး)မှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောသည်။
မန္တလေးမြို့တွင် ဇန်နဝါရီလလယ်ပိုင်းက အအေးလျော့ခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း သိသိသာသာ အအေး ပိုလာခဲ့သည်။ လက်ရှိ မန္တလေးမြို့၏ ညအပူချိန်မှာ (၁ ၂)ဒီဂရီ စင်တီဂရိတ် ဖြစ်သည်။
မန္တလေးမြို့၏ ညအပူချိန်သည် ဇန်နဝါရီ(၂၄)ရက်က (၁၆ဒဿမ၈) ဒီဂရီ စင်တီဂရိတ်ရှိခဲ့ရာမှ ဇန်နဝါရီ(၂၅)ရက်တွင် (၁၂ဒဿမ၈)ဒီဂရီစင်တီဂရိတ်သို့ ရုတ်တရက်ကျဆင်းခဲ့ကြောင်း၊ မန္တလေးမြို့တွင် ဇန်နဝါရီ(၂၉)ရက်အထိ အအေးပိုနိုင်ကြောင်း ဦးကျော်လွင်ဦးက ပြောသည်။
“အနောက်လေစီးကြောင်းတွေ မြန်မာ့လေထုထဲမှာ အားကောင်းနေတာ လက်ရှိအအေးပိုနေတဲ့ အဓိကအကြောင်းပါ။ အအေးပိုတဲ့ ကာလရဲ့ စရိုက်လက္ခဏာအရ သုံးရက်ကနေ ငါးရက်အထိ ကြာတတ်ပါတယ်”ဟု ၎င်းက ပြောသည်။
မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ဇန်နဝါရီ(၂၇)ရက် ထုတ်ပြန်ချက်များအရ မန္တလေးတိုင်းဒေသကြီး မိုးကုတ်နှင့် ပြင်ဦးလွင်မြို့များတွင် အနိမ့်ဆုံး ညအပူချိန် (၂)ဒီဂရီစင်တီဂရိတ်စီနှင့် မြင်းခြံမြို့တွင် (၈)ဒီဂရီစင်တီဂရိတ် ရှိပြီး အခြားမြို့များတွင်လည်း အအေးပိုခဲ့သည်။

ဇန်နဝါရီ(၂၆)ရက် ညပိုင်းက မိုးကုတ်မြို့တွင် (ဝ)ဒီဂရီစင်တီဂရိတ်အထိ စံချိန်တင် အအေးပိုခဲ့ကြောင်း မိုးဇလဌာနက သတင်းထုတ်ပြန်ပြီး အအေးဓါတ်ကြောင့် မိုးကုတ်မြို့တဝိုက် ရေခဲခဲ့ကြောင်း မိုးကုတ်မြို့ခံများက ပြောသည်။

ထိုကဲ့သို့ ညအပူချိန်များ လျော့နည်းကာ အအေးပိုခြင်းသည် မြန်မာလေထုအတွင်း အမြင့်ပေငါးထောင်၏ အထက်တွင် အနောက်မြောက်လေအေးများ အားကောင်းစွာ ဝင်ရောက်မှုကြောင့်ဖြစ်ကြောင်း ဦးကျော်လွင်ဦးက ဆိုသည်။

မန္တလေးမြို့၌ ယခုဇန်နဝါရီလ၏ အအေးလွန်ကဲကာလ ညအပူချိန်သည် (၁၁ဒဿမ၅) ဒီဂရီစင်တီဂရိတ်ဖြင့် အအေးပိုနေသော်လည်း ဖေဖော်ဝါရီလမှ စ၍ ညအပူချိန်နှင့် နေ့အပူချိန်များ မြင့်တက်ကာ အအေးလျော့နည်းမည် ဖြစ်သည်ဟု ၎င်းက သုံးသပ်သည်။
မန္တလေးမြို့တွင် ၁၉၆၄ ဇန်နဝါရီက ညအပူချိန် (၇ဒဿမ၂) ဒီဂရီစင်တီဂရိတ်ဖြင့် အအေးဆုံး ဇန်နဝါရီလအဖြစ် စံချိန်တင်ထားသည်။

မိုးကုတ်မြို့နယ် အင်ချောက်ရွာတွင် ဇန်နဝါရီ(၂၆)ရက် နံနက်ပိုင်းက အအေးဓါတ်ကြောင့် ရေခဲနေသည်ကို တွေ့ရစဉ်/ Photo – Lisubibifar Lisu FB.