ငှားရမ်းခ သုံးလနှင့်အထက် ပေးသွင်းခြင်းမရှိသည့် တိုက်ခန်းများကို ချိတ်ပိတ်မည်ဟုဆို
ကိုနေကို၊ အမ်တီ၊ အောက်တိုဘာ-၅
မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ကမ်းနားလမ်းရှိ အငှားအိမ်ယာတိုက်ခန်းများတွင် နေထိုင်သူများနှင့်ပတ်သက်၍ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ စိစစ်ခဲ့ပြီး ငှားရမ်းခ သုံးလနှင့်အထက် ပေးသွင်းခြင်းမရှိသည့် တိုက်ခန်းများကို ချိတ်ပိတ်မည်ဖြစ်ကြောင်း မန္တလေးစည်ပင်၊ စီမံဌာနမှ ဌာနမှူး ဦးမောင်မောင်မြင့်က ပြောသည်။

ထို့အပြင် တဆင့် ပြန်လည်လွှဲပြောင်း ရောင်းချထားသည့် အခန်းများကိုလည်း သတ်မှတ်အခွန်နှုန်းဖြစ်သည့် ငွေကျပ်တစ်သိန်း ပေးသွင်းစေကာ အမည်လွှဲပြောင်းပေးမည် ဖြစ်ကြောင်း ဦးမောင်မောင်မြင့် က ပြောသည်။

“အခုချက်ချင်း သွင်းပါမယ်ဆိုရင် ဆွဲမချပါဘူး။ တချို့က မသွင်းလို့လဲ ရတယ် ဆိုပြီး ပေနေတာပေါ့။ ဒီတိုက်ခန်းတွေက နိုင်ငံတော်ပိုင် တိုက်ခန်းတွေဖြစ်တယ်။ ကြွေးကျန် ဆိုရင် စာရင်းစစ် က စစ်မှာလေ။ ဒါကလည်း ဌာနလုပ်ငန်းလည်း ဖြစ်တော့ ပြန်စိစစ်တဲ့တဲ့ သဘော။ နိုင်ငံတော်ငွေကိုလည်း အဆုံးအရှုံး မဖြစ်စေချင်ဘူး။ သူတို့လည်းဒုက္ခ မရောက်စေချင်ဘူး။ သုံးလ မကျော်သေးတဲ့ အခန်းတွေကိုလည်း သုံးလ ကျော်ရင်တော့ ဖယ်ရှားမယ်လို့ သတိပေးထားတယ်” ဟု ၎င်းက ဆိုသည်။

အောင်မြေသာစံမြို့နယ် ကမ်းနားလမ်း၊ ၂၂ လမ်းနှင့် ၁၉လမ်းကြားတွင် အစိုးရက ဆောက်လုပ်ထားသည့် အငှားအိမ်ရာ တိုက်တန်းသုံးခု (စံပယ်၊ နှင်းဆီ၊ ကံ့ကော်ဆောင်)၊ စုစုပေါင်း အဆောင်(၂၂)ဆောင်တွင် အခန်းအရေအတွက် ၁၅၈၄ ခန်းရှိသည်။ မန္တလေးမြို့ ကမ်းနားလမ်းတလျှောက် ကျုးကျော် နေထိုင်သူများကို စာရင်းကောက်ယူကာ ၂၀၁၆တွင် မဲစနစ်ဖြင့် ယင်းတိုက်ခန်းများ၌ ငှားရမ်းနေထိုင်ခွင့် ပြုခဲ့သည်။

လက်ရှိတွင် အဆိုပါ အငှားအိမ်ရာတိုက်ခန်းများတွင် နေထိုင်သူများအနက် အခန်းငှားရမ်းခ သုံးလနှင့်အထက် ပေးသွင်းခြင်း မရှိဘဲ ကျော်လွန်နေထိုင်မူများ ရှိနေခြင်းနှင့် တဆင့် ပြန်လည် လွှဲပြောင်းရောင်းချမူများ ရှိနေခြင်းကြောင့် ယနေ့(အောက်တိုဘာ၅)တွင် စည်ပင်သာယာမှ စတင်စိစစ်ခဲ့ခြင်းဖြစ်သည်ဟု စည်ပင်သာယာ တာဝန်ရှိသူများက ဆိုသည်။
ယင်းအငှားအိမ်ရာ တိုက်ခန်းများကို တစ်ခန်းလျှင် တစ်လငှားရမ်းခ ကျပ်(၄၀၀၀၀)နှင့် အမှိုက်သိမ်းဆည်းခ ကျပ်(၁၀၀၀)နှုန်းဖြင့် ငှားရမ်းပေးထားခြင်းဖြစ်သည်။

“စာချုပ် စည်းကမ်း ထဲမှာတော့ လွှဲပြောင်းရောင်းချခြင်း မပြုရဘူး ပါပြီးသား။ အချို့က ရောင်းထား၊ ဝယ်ထားတာ ဆိုတော့ သူတို့ကို အတင်းနှင်ချရင်လည်း ငွေလည်း ကုန်ပြီးသွားပြီ။ နှင်လည်း နှင်ချခံရမယ်ဆိုရင် အဲလို လူတွေလည်း ရှိမယ်လေ။ သူတို့လည်း ဒုက္ခ မရောက်အောင်ပါ” ဟု ၎င်းက ဆိုသည်။
လတ်တလော စိစစ်မူများအရ တိုက်ခန်းငှားရမ်းခ (၁၃)လကြာ ပေးသွင်ခြင်းမရှိသေးသူ တစ်ဦး၊ ခုနှစ်လကြာ ပေးသွင်းခြင်းမရှိသေးသူ (၁၀)ဦးခန့် ရှိနေသည်ဟု ဆိုသည်။

ထိုသို့ တိုက်ခန်းငှားရမ်းခ ပေးသွင်းရန် ကျန်ရှိနေသူများကို ဒဏ်ကြေးငွေ ကျပ်တစ်သောင်းနှင့် တစ်လငှားရမ်းခ ကျပ်လေးသောင်းနှုန်းဖြင့် ကြွေးကျန်ငှားရမ်းခများ ပေးသွင်းရမည်ဖြစ်ရာ ငွေကြေး အခက်အခဲ ဖြစ်နိုင်ကြောင်း အငှားအိမ်ရာ စံပယ်ဆောင်(၃)၏ အဆောင်မှုး ဦးအောင်ဇော်မင်း က ပြောသည်။
“၁၂ နာရီ နောက်ဆုံး လာဆောင်ဖို့ ကြေငြာနေတုန်း၊ ဖျက်သိမ်းချိတ်ပိတ်နေတုန်း သွားဆောင်တာတွေ ရှိတယ်။ ဒီမှာနေတဲ့သူ အချို့က ငွေရေး ကြေးရေး အဆင်မပြေတော့ တချို့ကလည်း ပိုက်ဆံသွားရှာနေတုန်း။ တချို့ကလည်း အဆင်ပြေတယ်။ အရေးပေါ်ဆိုတော့ ငွေကြေးရှာဖို့ အခက်အခဲတော့ ရှိတာပေါ့” ဟု ၎င်းက ဆိုသည်။

သို့သော် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူများကမူ တိုက်ခန်းငှားရမ်းခ ကြွေးကျန်ရှိသူများကို ငှားရမ်းခ ပေးသွင်းရန် စက်တင်ဘာတွင် သတိပေးစာ သုံးကြိမ် ပေးပို့ပြီးဖြစ်သည်ဟု ပြောသည်။

အငှားအိမ်ယာတွင် နေထိုင်သူများကို စည်ပင်သာယာနှင့် ရဲတပ်ဖွဲ့ဝင်များမှ စိစစ်နေစဉ်။ ဓါတ်ပုံ – အမ်တီ (Mandalay In-depth News).