ဒီဒါင်းမေ၊ မတ် – ၁၅
Covid-19 အပါအဝင် မီးဘေးနှင့် ရောဂါဘေးအန္တရာယ်များ ကင်းဝေးစေရန် ရည်ရွယ်၍ မန္တလေးမြို့ ပတ်ကာ ပရိတ်ရွတ်ဖတ် ပူဇော်မည်ဖြစ်ကြောင်း မန္တလေးတိုင်း ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ဒုဥက္ကဌ (၁) ဦးကျော်ဇောအောင်က Mandalay In-depth News အား ပြောသည်။
မတ်လ(၁၈)ရက်တွင် မန္တလေးမြို့ပြင် မြို့ပတ်လမ်းများ၌ လှည့်လည်ကာ ပရိတ်ရွတ်ပူဇော်မည်ဖြစ်ပြီး ယင်းအစီအစဉ်ကို မန္တလေးတိုင်း ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းနှင့် မန္တလေးကျောက်ဝိုင်းရှိ ကျောက်မျက်လုပ်ငန်း လုပ်ကိုင်သူများ ပူးပေါင်းစီစဉ်ခြင်းဖြစ်သည်ဟု ဆိုသည်။
“မြို့အတွက် အန္တရာယ်ကင်းဖို့ရယ်၊ ရောဂါမှန်သမျှ အန္တရာယ်ကင်းဖို့ရယ်၊ မီးဘေးအန္တရာယ် ကင်းဖို့ရယ် မြို့အတွက် အန္တရာယ်ကင်း ပရိတ်ရွတ်မှာ” ဟု ဦးကျော်ဇောအောင်က ပြောသည်။
မန္တလေးမြို့ မစိုးရိမ်တိုက်ဟောင်းမှ သံဃာတော်များ အပါအဝင် ဆရာတော်၊ သံဃာတော် အပါး (၆၀) ခန့်၊ ယာဉ် (၇)စီးခန့်ဖြင့် မန္တလေး မဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေးစခန်း (ကျောက်ဝိုင်း)မှ စတင်ထွက်ခွာကာ မြို့အရှေ့ဘက်နှင့် အနောက်ဘက်ခြမ်းရှိ မြို့ပတ်လမ်းများ၌ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ရန် စီစဉ်ထားသည်ဟု ဆိုသည်။
မန္တလေးမြို့ အန္တရာယ်ကင်းရေး ပရိတ်ရွတ် ပူဇော်ရာတွင် မြို့တွင်းလမ်းများပေါ် လှည့်လည်မည် မဟုတ်ဘဲ မြို့အပြင်ဘက် မြို့ပတ်လမ်းများတွင်သာ လှည့်လည်ရွတ်ဖတ်မည်ဟု ၎င်းက ပြောသည်။

မန္တလေးမြို့ အပါအဝင် မြန်မာနိုင်ငံသူ၊နိုင်ငံသား ကမ္ဘာသူ၊ ကမ္ဘာသားများ လတ်တလော ဖြစ်ပွားနေသည့် Covid-19 ကပ်ရောဂါနှင့် အခြားရောဂါ အန္တရာယ်များမှ ကင်းဝေးစေရန်အတွက် မန္တလေးမြို့ အမရပူရမြို့နယ် မဟာဂန္ဓာရုံကျောင်းတိုက်မှ ဆရာတော်၊သံဃာတော် အပါး တစ်ထောင်ကျော်ကလည်း မတ်လ(၁၁)ရက်မှ (၁၄)ရက်အထိ ပရိတ်တရာေးတာ်များ ရွတ်ဖတ်ပူဇော်ခဲ့သည်။

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာလမှ စတင်ကာ ဖြစ်ပွားခဲ့သည့် COVID-19 ရောဂါသည် လက်ရှိတွင် ကမ္ဘာ့နိုင်ငံပေါင်း (၁၀၀) ကျော်သို့ ကူးစက်ပျံ့နှံ့ဖြစ်ပွားနေပြီး ကမ္ဘာတဝန်း ရောဂါ ကူးစက်ခံရသူ တစ်သိန်းခွဲကျော်နှင့် သေဆုံးသူ (၅၀၀၀)ကျော်အထိ ရှိနေသည်။ မြန်မာနိုင်ငံတွင်းမူ လက်ရှိအချိန်ထိ Covid-19 ရောဂါ ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိသူ တစ်ဦးမျှ မရှိသေးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ထားပြီး မြန်မာနိုင်ငံသည် Covid-19 ရောဂါ အတည်ပြုလူနာ မတွေ့ရှိသေးသော ကမ္ဘ့ာကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ (၇၁) စာရင်းတွင် ပါဝင်သည်။
Covid-19 ရောဂါကို ကမ္ဘာ့ကပ်ရောဂါအဖြစ် WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့)က ကြေညာထားသည်။ အဆိုပါ ရောဂါသည် လူစုလူဝေးများပြားသည့် နေရာများတွင် လျင်မြန်စွာ ကူးစက်နိုင်သည့်အတွက် သြင်္ကန်ပွဲတော် မဏ္ဍပ်ဆောက်လုပ်ခြင်း အပါအဝင် မြန်မာနိုင်ငံအတွင်း ပွဲလမ်းသဘင် အခမ်းအနားများ ဧပြီလကုန်အထိ ကျင်းပခွင့်ပြုမည် မဟုတ်ကြောင်း နိုင်ငံတော်သမ္မတရုံးက မတ်လ (၁၃) တွင် ထုတ်ပြန်ထားသည်။

#Mandalay_Indepth_news
#ပရိတ်ရွတ် #အန္တရာယ်ကင်းပရိတ်ရွတ်
.