Covid-19 ကာကွယ်ရေး ရုပ်ရှင်ရုံများ ရုပ်ရှင်ပြသခြင်း ရပ်ဆိုင်းထားရန် ပြန်ကြားရေးဝန်ကြီးဌာန ကြေညာ၊

မန္တလေးမြို့ပေါ်ရှိ ကိုယ်ပိုင်ကျောင်းအချို့ကလည်း ဧပြီလကုန်အထိ ကျောင်းပိတ်ထားမည်ဟုဆို

Mandalay In-depth News၊ မတ်-၁၆

Covid-19 ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကာကွယ်နိုင်ရေး တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ရုပ်ရှင်ရုံများတွင် အများပြည်သူအား ရုပ်ရှင်ပြသခြင်းများကို ယနေ့ မတ်လ(၁၆)ရက်မှ စတင်၍ ရပ်ဆိုင်းထားရန် ပြန်ကြားရေးဝန်ကြီးဌာနက အသိပေးကြေညာသည်။

COVID-19 ကူးစက်ပြန့်ပွားမှုသည် လူစုလူဝေးများမှ တစ်ဆင့် လျင်မြန်စွာ ဖြစ်ပေါ်နိုင်သောကြောင့် ပြည်သူများ၏ ကျန်းမာရေးကို အလေးပေး ရှေးရှုသောအားဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ရုပ်ရှင်ရုံများတွင် ရုပ်ရှင်ပြသခြင်းများအား မတ်လ(၁၆) ရက်နေ့မှ စတင်၍ ရပ်ဆိုင်းထားရန် အသိပေးကြေညာအပ်ပါသည်ဟု ယနေ့ မတ်လ(၁၆)ရက်တွင် ထုတ်ပြန်သည့် ပြန်ကြားရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ရုပ်ရှင်ရုံများသည် ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၊ ရုပ်ရှင်မြင့်တင်ရေး ဦးစီးဌာနနှင့် အဓိကဆက်စပ်သော လုပ်ငန်းများသည်။

ရုပ်ရှင်ပြသခြင်းများ မည်သည့်အချိန်တွင် ပြန်လည်ခွင့်ပြုပေးမည် ဆိုသည်ကို ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်း မရှိဘဲ ရုပ်ရှင်ရုံများကလည်း ပြန်လည်ပြသမည့်အချိန်ကို ပရိတ်သတ်သို့ ထပ်မံအသိပေးမည်ဟု ဆိုသည်။

တချိန်တည်းမှာပင် မန္တလေးမြို့ပေါ်ရှိ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများနှင့် နိုင်ငံတကာကျောင်းများကလည်း Covid-19 ကြိုတင်ကာကွယ်သည့်အနေဖြင် ဧပြီလကုန်အထိ ကျောင်းများ ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ယနေ့ မတ်လ(၁၆)ရက်တွင် အသီးသီး ကြေညာချက်များ ထုတ်ပြန်သည်။

ဧပြီလကုန်အထိ ကျောင်းပိတ်ထားမည် ဖြစ်ကြောင်း မန္တလေးမြို့ ဧရာဝတီ နိုင်ငံတကာကျောင်း (Ayeyarwaddy International School)၏ ကြေညာချက်တွင် “မူကြို၊ မူလတန်းနှင့် အထက်တန်းကျောင်းများအားလုံး ယာယီရပ်နားထားရန် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရက ဆုံးဖြတ်ခဲ့ပါသည်။ ထို့ကြောင့် AIS အနေဖြင့်လည်း ယနေ့ မတ်လ(၁၆)ရက် ညနေကျောင်းဆင်းချိန်မှ စတင်ကာ ဧပြီလကုန်အထိ ကျောင်းအား ယာယီရပ်နားမည်ဖြစ်ပြီး မေလ(၁)ရက်တွင် ကျောင်းအား တရားဝင် ပြန်လည်စတင်မည်”ဟု ဖော်ပြထားသည်။

Photo – Ayeyarwaddy International School.

ထို့အပြင် ILBC ကျောင်းကလည်း ILBC Preschool များကို မတ်လ(၁၇)ရက်မှ စတင်ကာ ဧပြီလကုန်အထိ ခေတ္တပိတ်ထားမည်ဟု ကြေညာသည်။

Photo – ILBC

သိုပသော် မန္တလေးမြို့ပေါ်ရှိ အချို့သော ပုဂ္ဂလိကကျောင်းများအနေဖြင့် ကျောင်းပိတ်မည်ဖြစ်ကြောင်း တရားဝင် အသိပေးမှု မရှိသေးဟု ကျောင်းသားမိဘအချို့က Mandalay In-depth News အား ပြောသည်။

ကျောင်းများ ယာယီပိတ်ထားမည့် ကိစ္စနှင့်ပတ်သက်၍ ပညာရေးဝန်ကြီးဌာနမှ မတ်လ(၁၆)ရက် ညနေပိုင်းအထိ တရားဝင်ထုတ်ပြန်ခြင်း မရှိသေးပါ။

Covid-19 ကို ကမ္ဘာ့ကပ်ရောဂါ အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က မတ်လ(၁၁)ရက်တွင် သတ်မှတ် ကြေညာခဲ့သည်။

မြန်မာနိုင်ငံအတွင်း လက်ရှိအချိန် Covid-19ရောဂါ ကူးစက်ခံရသူ တစ်ဦးမျှ မရှိသေးသော်လည်း ယင်းရောဂါသည် လူစုလူဝေးများမှ တစ်ဆင့် လျင်မြန်စွာ ကူးစက်နိုင်သောကြောင့် သြင်္ကန်ပွဲတော် မဏ္ဍပ်ဆောက်လုပ်ခြင်းများ အပါအဝင် လူစုလူဝေးနှင့် ပွဲလမ်းသဘင် အခမ်းအနားများ ဧပြီလကုန်အထိ ကျင်းပခွင့်ပြုမည် မဟုတ်ကြောင်း နိုင်ငံတော် သမ္မတရုံးကလည်း ထုတ်ပြန်ထားသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်