အမ်တီ၊ နိုဝင်ဘာ-၁၂
မန္တလေးမြို့အနီး ပုသိမ်ကြီးမြို့နယ် မန္တလေး-မတ္တရာကားလမ်းဘေးရှိ နန္ဒာကျေးရွာတွင် ဆိုင်ကယ်အိတ်ဇောသံ ဆူညံစွာ မောင်းနှင်ရာမှ အစပြုကာ ရွာနှစ်ရွာ ပဋိပက္ခဖြစ်ပွားခဲ့ပြီး လူ(၆)ဦး ဆေးရုံရောက်ကာ ရဲက သေနတ်ပစ်ဖာက် လူစုခွဲခဲ့ရကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ပုသိမ်ကြီးမြို့နယ်၊ နန္ဒာ(မြောက်)ကျေးရွာနှင့် လှိုင်းပေါက်ကျေးရွာတွင် နေထိုင်သူများ နိုဝင်ဘာ(၆)ရက် ညပိုင်းက နှစ်နာရီကျော်ကြာ ပဋိပက္ခ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး လူ(၆)ဦး ထိခိုက်ဒဏ်ရာရကာ နှစ်ဖက်အပြန်အလှန် အမှုဖွင့်ထားကြောင်း ပုသိမ်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
နိုဝင်ဘာ(၆)ရက် ည(၉)နာရီဝန်းကျင်က လူငယ်နှစ်ဦး ဆိုင်ကယ်အိတ်ဇော်သံ ဆူညံစွာဖြင့် မောင်းနှင်လာချိန် နန္ဒာ(မြောက်)ကျေးရွာမှ အမျိုးသားကြီးတစ်ဦးက ဆိုင်ကယ်အသံ ဆူညံလွန်း၍ အသံလျှော့ပေးရန် တားမြစ်ပြောဆိုခဲ့ရာမှ စတင်ကာ ပဋိပက္ခဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု နန္ဒာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးကျော်က Mandalay In-depth News သို့ ပြောသည်။
“ဆိုင်ကယ်အိတ်ဇော ဖွင့်မောင်းလို့ ရွာက လူကြီးတစ်ယောက်က ထွက်တားတာပေါ့။ လူငယ်တွေက သူတို့ ကပိုင်(ကန်ပိုင်)ရွာ သွားမလို့ပါဆိုပြီး ပြေပြေလည်လည် ပြန်ပြောတယ်တဲ့။ အပြန်ကျတော့ အဲ့ဒီအိမ်ရှေ့အရောက်မှာ လီဗာပုတ်ပြီး ခဲနဲ့ထုတယ်လို့ ပြောတယ်။ နောက်ပိုင်းတော့ တုတ်၊ဓါးတွေကိုင်ပြီး လူအုပ်နဲ့ လာပြီး ရန်ပြုတယ်”ဟု ဦးစိုးကျော်က ပြောသည်။

အဆိုပါ ကျေးရွာနှစ်ရွာ ပဋိပက္ခဖြစ်စဉ်သည် ည(၉)နာရီကျော်မှစတင်ကာ ည(၁၁)နာရီဝန်းကျင်အထိ တုတ်၊ဓါးများဖြင့် အပြန်အလှန် ရိုက်နှက်ခြင်း၊ လေးခွ၊ခဲများဖြင့် ပစ်ခတ်ခြင်းများ ဖြစ်ပွားခဲ့ပြီး ည(၁၁)နာရီဝန်းကျင်တွင် မြို့နယ်ရဲတပ်ဖွဲ့၊ ကြာနီကန် ရဲကင်းစခန်းနှင့် အုပ်ချုပ်ရေးဌာန တာဝန်ရှိသူများ ရောက်ရှိလာကာ သေနတ် (၅)ချက် ပစ်ဖောက်၍ အခြေအနေ ထိန်းသိမ်းခဲ့ရသည်ဟု ဆိုသည်။
အဆိုပါ ပဋိပက္ခဖြစ်စဉ်အတွင်း နန္ဒာကျေးရွာမှ ကိုမောင်ဦး၊ ကိုဝင်းဦး၊ ကိုသိန်းထွန်းဦးနှင့် လှိုင်းပေါက်ကျေးရွာမှ ကိုစိုးဝေ၊ ကိုတင်လင်း၊ ကိုသန်းဌေးဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ အဆိုပါ အမျိုးသား(၆)ဦးတွင် ဦးခေါင်းပျောက်ပြဲဒဏ်ရာ၊ မျက်လုံးအနီး ပေါက်ပြဲဒဏ်ရာ၊ ခြေ၊လက်ကျိုးပဲ့ဒဏ်ရာနှင့် ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ပြီး မန္တလေးဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူခဲ့ရသည်ဟု ဆိုသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ နန္ဒာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် လှိုင်းပေါက်ကျေးရွာ အုပ်ချုပ်ရေးမှူး(ဟောင်း)တို့ကြား အပြန်အလှန် အမှုဖွင့်ထားသလို နန္ဒာကျေးရွာ ဒေသခံအချို့ကလည်း ၎င်းတို့၏ နေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်ဟုဆိုကာ အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
အဆိုပါဖြစ်စဉ်သည် ရွာနှစ်ရွာ ပဋိပက္ခဖြစ်ပွားခြင်း မဟုတ်ဘဲ နန္ဒာ(မြောက်)ကျေးရွာနှင့် နန္ဒာရွာနှင့်လှိုင်းပေါက်ရွာအကြား ရွှေတချောင်းမြောင်း တာဘောင်တွင် နေထိုင်သူများ ပြသနာဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဦးစိုးကျော်က ပြောသည်။ လှိုင်းပေါက်ရွာသားများ မဟုတ်ဘဲ တာဘောင်တွင် နေထိုင်သူများဟု ဆိုသော်လည်း ပဋိပက္ခဖြစ်စဉ်တွင် လှိုင်းပေါက်ရွာ အုပ်ချုပ်ရေးမှူး(ဟောင်း)က ဦးဆောင်ပါဝင်သည်ဟု ၎င်းက ပြောပြီး ယခင်ကလည်း နန္ဒာကျေးရွာသားများနှင့် တာဘောင်တွင် နေထိုင်သူများကြား မကြာခန ပြသာနာဖြစ်ပွားခဲ့ဖူးကြောင်း ဦးစိုးကျော်က ဆိုသည်။
နန္ဒာကျေးရွာနှင့် လှိုင်းပေါက်ကျေးရွာမှာ ကိုက်(၃၀၀)ခန့်သာ ကွာဝေးပြီး ရွာနှစ်ရွာကြားတွင် ရွှေတချောင်မြောင်း ရှိကြောင်း၊ နေ့စဉ် ဖြတ်သန်းသွားလာနေရပြီး ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေလိုကြောင်း ဒေသခံအချို့က ပြောသည်။

နိုဝင်ဘာ(၆)ရက် နောက်ပိုင်းတွင်မူ ပြသနာများ ထပ်မံဖြစ်ပွားခြင်း မရှိတော့ဘဲ တည်ငြိမ်နေပြီဟု ဦးစိုးကျော်က ပြောသည်။
အဆိုပါ ဖြစ်စဉ်များနှင့်ပတ်သက်၍ အမှုဖွင့်ခံရသည့် လှိုင်းပေါက်ကျေးရွာ ဒေသခံအချို့ထံ Mandalay In-depth News မှ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါ။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပုသိမ်ကြီးမြို့မရဲစခန်းတွင် နှစ်ဖက်အပြန်အလှန် အမှုဖွင့်ထားပြီး ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။