“CMP လက်ခစားစနစ်၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ၊ SMEs စီးပွားရေးလုပ်ငန်းများအတွက် အထူးသက်သာသော အတိုးနှုန်းဖြင့် ချေးငွေရရေး၊ အခွန်ကင်းလွတ်ခွင့် ရရေး စီမံပေးမည်”

“ပို့ကုန်လုပ်ငန်းများမှ ကြိုတင်ကောက်ခံသည့် ဝင်ငွေခွန်(၂)ရာခိုင်နှုန်း ယခုဘဏ္ဍာနှစ်ကုန်အထိ ကင်းလွတ်ခွင့်ပေးမည်”

“Covid-19 ကာကွယ်ကုသ ထိန်းချုပ်‌ရေးဆိုင်ရာ ရန်ပုံငွေတရပ် ထူထောင်မည်ဖြစ်ငစေတနာရှင် ပြည်သူများ တတ်နိုင်သမျှ ထည့်ဝင်လှူဒါန်းရန် တိုက်တွန်းသည်။”

Mandalay In-depth News၊ မတ်-၁၆

Covid-19 ကာကွယ်၊ကုသ၊ ထိန်းချုပ်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူလူထုသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းမှ ကောက်နှုတ်ချက်

“နိုင်ငံအပေါ် စီးပွားရေးအရ သက်ရောက်နိုင်ခြေများကိုလည်း သုံးသပ်ပြီး ကြိုတင်ပြင်ဆင်နိုင်တာတွေကို ပြင်ဆင်ဖို့အတွက် စီမံဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် အခြားဆက်နွှယ်နေတဲ့ အစိုးရအဖွဲ့ဝန်ကြီးဌာနများ ညှိနှိုင်းလုပ်ဆောင်ခဲ့ကြပါတယ်။ ဝန်ကြီးဌာန အသီးသီးရဲ့ ဆောင်ရွက်ချက်များနဲ့ပတ်သက်ပြီး ဌာနအလိုက် ပြည်သူတွေထံ တင်ပြဖို့လည်း ကျွန်မတို့ စီစဉ်ထားပြီးဖြစ်ပါတယ်။ …..။

စီးပွားရေးနဲ့ ပတ်သက်လို့ ပြည်သူပြည်သားများ မနစ်နာစေဖို့ တတ်နိုင်သမျှ ကျွန်မတို့ အလုပ်သမားများ အလုပ်လက်မဲ့ မဖြစ်စေဖို့၊ အလုပ်ရုံများ ဆက်လက်လည်ပတ်နိုင်ဖို့၊ နိုင်ငံ့ စီးပွားရေး လည်ပတ်မှုကို ထိခိုက်မှု အနည်းဆုံးဖြစ်စေဖို့ကို ရည်ရွယ်ပြီး အခွန်အကောက် ဖြေလျှော့ခြင်း၊ အတိုးနှုန်းလျှော့ချခြင်း စသည်တို့ကို ဆောင်ရွက်မှာ ဖြစ်ပါတယ်။ Covid-19 ကြောင့် စီးပွားရေးထိခိုက်မှု အများဆုံး ကြုံတွေ့ရနိုင်တဲ့ လုပ်ငန်းများ CMP လို့ အများသိကြတဲ့ ကုန်ကြမ်းပေး၊ ကုန်ချောယူ လက်ခစားစနစ်၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများ၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် အထူးသက်သာသော အတိုးနှုန်းဖြင့် ချေးငွေများနှင့် အခွန်ကင်းလွတ်ခွင့် ရရှိနိုင်ရေး စီမံသွားပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပို့ကုန်လုပ်ငန်းများမှ ကြိုတင်ကောက်ခံတဲ့ ဝင်ငွေခွန်(၂)ရာခိုင်နှုန်းကိုလည်း ယခုဘဏ္ဍာနှစ်ကုန်အထိ ကင်းလွတ်ခွင့်ပေးသွားမှာ ဖြစ်ပါတယ်။

“ကျမတို့ပြည်သူပြည်သားတွေ အနေနဲ့လည်း တတ်နိုင်သမျှ ပူးပေါင်းပါဝင် ထည့်ဝင်နိုင်စေမယ့် covid 19 ကာကွယ်ကုသ ထိန်းချုပ်‌ရေးဆိုင်ရာ ရန်ပုံငွေတရပ်ကို ထူထောင်မှာ ဖြစ်တဲ့အတွက် စေတနာရှင်ပြည်သူများအနေနဲ့ မိမိတို့တက်နိုင်သမျှ ထည့်ဝင်လှူဒါန်း သွားကြဖို့ကို တိုက်တွန်းနှိုးဆော် အပ်ပါတယ်”

ဝန်ကြီးဌာနအသီးသီးက ညွှန်ကြားချက်များထုတ်ပြန်ပြီး ညွှန်ကြားချက်များရဲ့ရည်ရွယ်ချက်တွေကို ရှင်းလင်းတင်ပြခြင်းနဲ့ လိုအပ်တဲ့အစီအစဉ်တွေချမှတ်ခြင်း စသည်တို့ကို တစိုက်မတ်မတ်ပြုလုပ်သွားမှာဖြစ်ပါတယ်။

ကျွန်မအနေနဲ့ ဒီနေရာမှာ covid-19 ကာကွယ်ထိန်းချုပ်ရေး နိုင်ငံနဲ့ပြည်သူတွေအပေါ် ဒီရောဂါရဲ့ဆိုးကျိုးတွေ နည်းနိုင်သမျှနည်းစေရေးအတွက် အရေးကြီးဆုံးဖြစ်တဲ့အချက်ကိုတင်ပြချင်ပါတယ်။

ဒါကတော့ရိုးရိုးရှင်းရှင်းပါပဲ။ ပြည်သူသာလျှင်အဓိကပါ။

အစိုးရက ဘယ်လိုကောင်းမွန်တဲ့အစီအစဉ်တွေပဲချမှတ်ချမှတ် အမှန်တကယ်ထိရောက်အောင်မြင်ဖို့ဆိုရင်  ပြည်သူတွေပူးပေါင်းပါဝင်မှဖြစ်မယ်ဆိုတာ ကျွန်မပြောနေကျစကားဖြစ်ပါတယ်။ အခု covid 19 နဲ့ပတ်သက်လို့ ဒီစကားကို အထူးအ‌လေးထားစေလိုပါတယ်။ ကျန်းမာရေးလိုအပ်ချက်အရ မလိုအပ်ဘဲ လူစုလူဝေးမဖြစ်အောင် လိုက်နာဆောင်ရွက်ဖို့မှာ ပြည်သူတွေကအဓိကဖြစ်ပါတယ် ။ကျန်းမာရေးဝန်ကြီးဌာနရဲ့ညွှန်ကြားချက်တွေကို တိတိကျကျလိုက်နာရေးမှာ ပြည်သူတွေက အဓိကပါပဲ။ယခုလိုအချိန်အခါမျိုးမှာ မတိမကျ မမှန်ကန်တဲ့သတင်းတွေ မပြန့်ပွားရေးဟာလည်း အဓိကပါပဲ။ အစိုးရိမ်လွန်ပြီး ရိက္ခာစုဆောင်းရေးကဲ့သို့သော  မတည်ငြိမ်ဖြစ်စေတဲ့လုပ်ငန်းများ မဖြစ်ပေါ်ရေးမှာလဲ ပြည်သူတွေကအဓိကပါ။

ယခုအထိ ကျွန်မတို့နိုင်ငံမှာ covid 19 ရောဂါရရှိနေသူ တစ်ဦးတစ်ယောက်မျှ မတွေ့ရသေးပါဘူး။  ဒီကိစ္စ နဲ့ပါတ်သက်လို့ ကျန်းမာရေးဝန်ကြီးဌာန အချိန်နဲ့တပြေးညီ သတင်းထုတ်ပြန်ပေးနေပါတယ်။ ပြည်သူတွေ အပြည့်အဝ ပူးပေါင်းဆောင်ရွက်နိုင်မယ်ဆိုရင်  ကျွန်မတို့ရဲ့ ကာကွယ်ထိန်းချုပ်ရေးအစီအစဉ်များကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်မှာပါ။ နိုင်ငံတစ်နိုင်ငံရဲ့ အဓိကအင်အားဟာ ပြည်သူတွေပဲဖြစ်ပါတယ် ကျွန်မတို့နိုင်ငံဟာ အင်အားကြီးနိုင်ငံမဟုတ်ပါဘူး။ ငြိမ်းချမ်းရေး ဖွံ့ဖြိုးရေး ဒီမိုကရေစီရေး  စသဖြင့် လုပ်ငန်းစဉ်အမျိုးမျိုးကိုလည်း တပြိုင်နက် ကိုင်တွယ်ဖြေရှင်းနေရပါတယ်။ ဒီအခက်အခဲတွေကြားက အရင်းအမြစ်ကြွယ်ဝလှတဲ့နိုင်ငံကြီးများနဲ့ ယှဉ်ပြိုင်နိုင်စေတဲ့ ပြည်သူသာလျှင်အဓိကဆိုတဲ့အင်အားနဲ့ ပြည့်ဝနေတယ်ဆိုတာကို ယခု ကမ္ဘ့ာကပ်ရောဂါကြီးကိုရင်ဆိုင်ရာမှာ ကျွန်မတို့ဟာ သက်သေပြနိုင်မှာဖြစ်ပါတယ်။

ယခုလို covid 19 ရင်ဆိုင်နေရချိန်မှာ နိုင်ငံတော်အကျိုးအတွက် ကျွန်မတို့အစိုးရနဲ့ အတူတူရပ်တည်ပေးကြတဲ့ ပူးပေါင်းဆောင်ရွက်နေကြတဲ့ ပြည်သူပြည်သားတွေ အဖွဲ့အစည်းတွေ နိုင်ငံ့ဝန်ထမ်းတွေ အလုပ်သမားတွေ စီးပွားရေးလုပ်ငန်းရှင်တွေ အသိပညာရှင် အတတ်ပညာရှင်တွေ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ကျွန်မတို့အစိုးရရဲ့လုပ်ဆောင်ချက်များ ပန်ကြားချက်များကို ပြည်သူတွေ သိရှိနေဖို့အတွက် စဉ်ဆက်မပြတ် သတင်းဖြန့်ချိသွားမှာဖြစ်ပါတယ်။

ယခု ကျွန်မတို့ရဲ့ အမျိုးသား ရေးလုပ်ငန်းကြီးအောင်မြင်ရေးအတွက် ပြည်သူသာလျှင် အဓိကပါ။ အားလုံးကိုကျေးဇူးတင်ပါတယ်။”

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဥက္ကဌ၊ COVID-19 ကာကွယ် ကုသ ထိန်းချုပ်ရေး အမျိုးသား အဆင့် ဗဟိုကော်မတီ

Photo – MRTV.

#Mandalay_Indepth_News

.

One thought on "“CMP လက်ခစားစနစ်၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ၊ SMEs စီးပွားရေးလုပ်ငန်းများအတွက် အထူးသက်သာသော အတိုးနှုန်းဖြင့် ချေးငွေရရေး၊ အခွန်ကင်းလွတ်ခွင့် ရရေး စီမံပေးမည်”"

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်