မန္တလေးမြို့ အိမ်ခြံမြေ ရာဖြတ်တန်ဖိုးများ ထုတ်ပြန်၊ ယခင်နှစ်ထက် (၂၀)ရာနှုန်းခန့် မြင့်တက်ပြီး အခွန်လျှော့၍ ရာဖြတ်နှုန်း ပြန်မြှင့်ဟုဆို

ဘုန်းနေ၊ နိုဝင်ဘာ-၁၁

မန္တလေးမြို့တွင်း အိမ်ခြံမြေ ရောင်းဝယ်ရာတွင် ပေးဆောင်ရမည့် အခွန်နှုန်းထားအတွက် အခွန်ဌာနက ရာဖြတ်တန်ဖိုး သတ်မှတ်ချက်များ ထုတ်ပြန်ခဲ့ရာ ယခင်နှစ်ထက် (၂၀)ရာခိုင်နှုန်းဝန်းကျင် ဈေးမြင့်သတ်မှတ်ထားကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

ပြည်တွင်းအခွန်များ ဦးစီးဌာန (မန္တလေးတိုင်း ဒေသကြီး)မှ အောက်တိုဘာတွင် ထုတ်ပြန်ခဲ့သည့် မန္တလေး စည်ပင်သာယာ နယ်နမိတ် (၆)မြို့နယ်အတွက် အိမ်ခြံမြေ ရာဖြတ်တန်ဖိုးများအရ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ မြေကွက်များကို ရာဖြတ်တန်ဖိုး အမြင့်ဆုံးဈေး ဖြစ်သည်။ ချမ်းအေးသာစံမြို့နယ် ၂၆လမ်းနှင့် ၃၅လမ်းကြား၊ လမ်း၈၀နှင့် ၈၄လမ်း ဝန်းကျင် မြေကွက်များကို တစ်ဧကလျှင် ကျပ်သန်း (၁၈၂၀၀)ကျော်မှ (၁၈၇၀၀) ကျော် သတ်မှတ်ထားသည်။

photo – Khun Lat

အခွန်ဌာန၏ ရာဖြတ်တန်ဖိုး သတ်မှတ်ချက်အရ မန္တလေးမြို့တွင်းပိုင်းရှိ မြေနေရာများသည် ယခင်နှစ်ထက် ရာဖြတ်တန်ဖိုး သိသိသာသာ မြင့်တက်ခဲ့ပြီး အချို့နေရာများတွင် ရာဖြတ်တန်ဖိုး သတ်မှတ်မှုမှာ လက်ရှိပေါက်ဈေးထက်ပင် ဈေးမြင့်နေကြောင်း ဖိုးလမင်း အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်းမှ ဦးဝဏ္ဏစိုးက ပြောသည်။

“အိမ်၊ခြံ၊မြေ ရာဖြတ်နှုန်းတွေ တက်သွားတော့ အရောင်းအဝယ် နည်းနည်းတော့ တန့်သွားနိုင်တာပေါ့” ဟု ဦးဝဏ္ဍစိုးက Mandalay In-depth News သို့ ပြောသည်။

အခွန်ဥပဒေအရ လက်ရှိ ဘဏ္ဍာနှစ်တွင် အိမ်ခြံမြေ ရောင်းဝယ်ခြင်း၊ အမည်ပြောင်းခြင်းနှင့် ပတ်သက်၍ ပေးဆောင်ရမည့် အခွန်နှုန်းများကို ယခင်နှစ်ထက် သိသိသာသာ လျော့ချခဲ့သောကြောင့် ရာဖြတ်တန်ဖိုးများကို ပြန်လည်တိုးမြင့် သတ်မှတ်ခြင်းဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန (မန္တလေးတိုင်းဒေသကြီး) ညွှန်ကြားရေးမှူး ဦးထွန်းထွန်းအောင် က Mandalay In-depth News သို့ ပြောသည်။

ယခင်နှစ်က အခွန်နှုန်းမြင့်၍ ရာဖြတ်တန်ဖိုး လျှော့ချသတ်မှတ်ပေးခဲ့ပြီး ယခုနှစ်တွင် အခွန်နှုန်းထားများ လျှော့ချခဲ့ခြင်းကြောင့်  နိုင်ငံတော်အတွက် အခွန်ရရှိမှု လျှော့နည်းသွားမည်ဖြစ်ရာ ရာဖြတ်တန်ဖိုးများ ပြန်လည်မြှင့်တင် သတ်မှတ်ပေးရန် တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

 “၂၀၁၇-၁၈ က စံနှုန်းကို ပြန်အတည်ပြုလိုက်တာပါ။  အလျော့အတင်း မလုပ်ဘူး။ ၂၀၁၈-၁၉  ရာဖြတ်နှုန်းက အများကြီး လျော့နေတယ်။ အိမ်၊ခြံ၊မြေ စံနှုန်းက နဂိုပုံစံအတိုင်း ပြန်ဖြစ်သွားတာပါ။ ဒီနှစ် အိမ်၊ခြံ၊မြေ အခွန်ရငွေတော့ လျော့သွားမယ်။ ဆောင်တဲ့သူလည်း အခွန်ငွေ လျော့မှာပါပဲ။ အခွန်ထမ်းသူ တော့ အရင်ကထက် များလာပါတယ်” ဟု ဦးထွန်းထွန်းအောင်က ဆိုသည်။

၂၀၁၉ အခွန်ဥပဒေအရ ပေးဆောင်ရမည့် အခွန်နှုန်းထား။

၂၀၁၉ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ ဝင်ငွေရလမ်း ဖော်ပြနိုင်ခြင်း မရှိသော ငွေကြေးဖြင့် အိမ်ခြံမြေကဲ့သို့ အခြေပစ္စည်းများ ဝယ်ယူလျှင် ပေးဆောင်ရမည့် အခွန်နှုန်းထားများမှာ  တစ်ကျပ်မှ ကျပ်သိန်း(၁၀၀၀)အထိဆိုလျှင် (၃)ရာခိုင်နှုန်း၊ ကျပ်သိန်း(၁၀၀၀)ကျော်မှ ကျပ်သိန်း(၃၀၀၀)အထိဆိုလျှင် (၅)ရာခိုင်နှုန်း၊ ကျပ်သိန်း(၃၀၀၀)ကျော်မှ ကျပ်သိန်း(၁၀၀၀၀)အထိဆိုလျှင် (၁၀)ရာခိုင်နှုန်း၊ ကျပ်သိန်း(၁၀၀၀၀)ကျော်မှ ကျပ်သိန်း(၃၀၀၀၀)အထိဆိုလျှင် (၁၅)ရာခိုင်နှုန်းနှင့် ကျပ်သိန်း(၃၀၀၀၀)ကျော်လျှင် အခွန်(၃၀)ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်သည်။

သို့သော် မန္တလေး အိမ်၊ခြံ၊မြေ ရာဖြတ်နှုန်းထားများ တိုးမြင့် သတ်မှတ်ထားသည့်အပေါ် ပြန်လည် ညှိနှိုင်းပြင်ဆင်ပေးရန် တိုင်းအစိုးရထံ တင်ပြထားကြောင်း မန္တလေးတိုင်း အိမ်၊ခြံ၊မြေ ကိုယ်စားလှယ်များ ဖွံ့ဖြိုးတိုးတက်ရေး အသင်းဝင် အိမ်၊ခြံ၊မြေ အကျိုးဆောင်များက ပြောသည်။

အိမ်၊ခြံ၊မြေ ရာဖြတ်တန်ဖိုး သတ်မှတ်ရာတွင် ပြီးခဲ့သောနှစ် နှုန်းထားများကို  အခြေခံကာ သက်ဆိုင်ရာမြို့နယ် အလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အိမ်ခြံမြေအကျိုးဆောင်များထံမှ သတင်းစုံစမ်း၍  ဖြစ်နိုင်ခြေရှိသော နှုန်းထားများကို သတ်မှတ်ခြင်းဖြစ်ကြောင်း မန္တလေးတိုင်း အခွန်ဦးစီးမှူး ဦးထွန်းထွန်းအောင်က ရှင်းပြသည်။

အိမ်ခြံမြေရာဖြတ်တန်ဖိုး သတ်မှတ်ရာတွင် တစ်ဧကကွက်များအဖြစ် သတ်မှတ်ထားခြင်းဖြစ်ပြီး အိမ်ခြံမြေ ဝယ်ယူသူများအနေဖြင့် ယင်းရာဖြတ်နှုန်းထားအပေါ် အခြေခံကာ အခွန်ပေးဆောင်ရမည် ဖြစ်သည်။

Photo – Khun Lat

လက်ရှိ ဘဏ္ဍာနှစ်အတွက် မန္တလေးမြို့ပေါ် (၆)မြို့နယ်တွင် သတ်မှတ်ထားသည့် အိမ်ခြံမြေ ရာဖြတ်တန်ဖိုး နှုန်းထားများမှာ အောင်မြေသာစံမြို့နယ်တွင် လမ်း၈၀၊ ၂၂လမ်းနှင့် ၂၆လမ်းကြား မြေကွက်များမှာ တစ်ဧက ကျပ်သန်း(၁၂၂၀၀)ကျော်မှ (၁၂၉၀၀)ကျော်၊ ချမ်းအေးသာစံမြို့နယ်တွင် ၂၆လမ်းနှင့် ၃၅လမ်းကြား၊ လမ်း၈၀မှ  ၈၄လမ်းဝန်းကျင် မြေကွက်များမှာ တစ်ဧကလျှင် ကျပ်သန်း(၁၈၂၀၀)ကျော်မှ (၁၈၇၀၀)ကျော်၊ ၇၈လမ်း၊ ၂၆လမ်းနှင့် ၃၅လမ်းကြားတွင် တစ်ဧကလျှင် ကျပ်သန်း(၁၇၂၀၀)ကျော် သတ်မှတ်ထားသည်။

မဟာအောင်မြေမြို့နယ်တွင် လမ်း၈၀၊ ၃၅လမ်းနှင့် ၃၆လမ်းကြား မြေကွက်များမှာ တစ်ဧကလျှင် ကျပ်သန်း(၁၂၉၀၀)ကျော်မှ (၁၄၄၀၀)၊ ၃၅လမ်း၊ ၇၆လမ်းနှင့် ၇၈လမ်းကြားတွင် တစ်ဧက ကျပ်သန်း(၁၂၂၀၀)ကျော်မှ (၁၃၇၀၀)ကျော်၊ ချမ်းမြသာစည်မြို့နယ် သိပ္ပံလမ်းပေါ်တွင် တစ်ဧကလျင် ကျပ်သန်း(၁၄၁၀၀)ကျော်မှ (၁၄၈၀၀)ကျော်၊ ပြည်ကြီးတံခွန်မြို့နယ် ရန်ကုန်-မန္တလေးလမ်းမပေါ်ရှိ မြေကွက်များမှာ တစ်ဧကလျင် ကျပ်သန်း(၇၂၀၀)မှ (၈၆၀၀)ကျော်၊ အမရပူရမြို့နယ်တွင် မှန်တန်းရပ်၊ စစ်ကိုင်း-မန္တလေးလမ်းမပေါ်ရှိ မြေကွက်များမှာ တစ်ဧကလျှင် ကျပ်သန်း(၁၁၀၀)မှ (၁၃၀၀)ဝန်းကျင် သတ်မှတ်ထားသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်