Covid-19 ကာကွယ်ရေး နိုင်ငံခြားသားများ နယ်စပ်ဂိတ်မှ ဝင်ရောက်ခွင့်ပိတ်

Mandalay In-depth News၊ မတ်-၁၉

Covid-19 ရောဂါ ပြည်ပမှ ကူးစက်ပျံ့ပွားမှု ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် နိုင်ငံခြားသားများ နယ်စပ်စစ်ဆေးရေး ဂိတ်များမှတဆင့် မြန်မာနိုင်ငံတွင်း ဝင်ရောက်ခွင့်ကို ယာယီတားမြစ် ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ယနေ့ မတ်လ(၁၉)ရက်တွင် သတင်းထုတ်ပြန်သည်။

သို့သော် နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ် (Border Pass)ဖြင့် ဝင်ရောက်မည့် နှစ်ဖက်ဒေသခံများကို ပိတ်ပင်မည်မဟုတ်ဘဲ ဒေသခံပြည်သူများကိုမူ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစိစစ်ခြင်းများ တင်းကြပ်စွာ ဆောင်ရွက်ကာ ဆက်လက် ဝင်ထွက်သွားလာခွင့် ပြုမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“COVID-19 ရောဂါ ပြည်ပမှ ကူးစက်ပြန့်ပွားမှုကို ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မည့်သည့်နိုင်ငံခြားသားကို မဆို မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ အကြား ဖွင့်လှစ်ထားသည့် နယ်စပ်စစ်ဆေးရေး ဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံဘက်သို့ ပြည်ဝင်ခွင့်ဗီဇာဖြင့် ဝင်ရောက်ခွင့်ကို မတ်လ(၁၉) ရက်မှ စတင်၍ ယာယီပိတ်ပင်တားမြစ်လိုက်သည်”ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာ ရရှိထားသည့် နိုင်ငံခြားသားများ အနေဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့မှသာ တည်ဆဲ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆက်လက်ဝင်ရောက်ခွင့်၊ ထွက်ခွာခွင့် ပြုမည်ဟု ယနေ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် “နယ်စပ်စစ်ဆေးရေးဂိတ်များမှ ပြည်ဝင်ခွင့်ဗီဇာဖြင့် ဝင်ရောက်ခွင့် ယာယီပိတ်ပင်တားမြစ်ကြောင်း အသိပေးကြေညာချက်”တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် မတ်လ(၁၅)ရက်ကလည်း တရုတ်၊ ကိုရီးယား၊ အီတလီ၊ ပြင်သစ်၊ စပိန်၊ ဂျာမနီနှင့် အီရန်နိုင်ငံ စသည့် Covid-19 ရောဂါ ဖြစ်ပွားမှုများသည့် နိုင်ငံ(၇)နိုင်ငံမှ ခရီးသွားများအနေဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည်ဆိုပါက ရောဂါကူးစက်ခံရမှု ရှိ၊မရှိ စောင့်ကြည့်နိုင်ရန် (၁၄)ရက်ကြာ စောင့်ကြည့်စစ်ဆေးမှု (Quarantine) အဖြစ် နေထိုင်ရမည်ဖြစ်ပြီး ထိုသို့ နေထိုင်နိုင်မှ ပြည်ဝင်ခွင့် ပြုမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားချက် ထုတ်ပြန်ထားသည်။

နယ်စပ်ဂိတ်များအနက် နိုင်ငံခြားသား ဝင်ထွက်မှု အများဆုံး ထိုင်း-မြန်မာ နယ်စပ် တာချီလိတ်ဂိတ်/ Photo – Maung Tar .
နယ်စပ်ဂိတ်များအနက် နိုင်ငံခြားသား ဝင်ထွက်မှု အများဆုံး ထိုင်း-မြန်မာ နယ်စပ် တာချီလိတ်ဂိတ်/ Photo – Maung Tar .

မြန်မာနိုင်ငံသို့ နိုင်ငံခြားသားများ ဝင်ထွက်သွားလာနိုင်သည့် နယ်စပ်ဂိတ်များအဖြစ် မြိတ်လေဆိပ်၊ တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ ထီးခီး၊ တမူး၊ ရိခေါဒါရ် စသည့် ဂိတ်များကို ခွင့်ပြုထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါ နိုင်ငံခြားသားများ ဝင်ထွက်နိုင်သည့် နယ်စပ်ဂိတ်များအနက် ထိုင်း-မြန်မာ နယ်စပ် တာချီလိတ်ဂိတ်မှာ နိုင်ငံခြားသား ဝင်ထွက်မှု အများဆုံးဖြစ်ပြီး ပြီးခဲ့သည့် ဖေဖေါ်ဝါရီလအတွင်း ကမ္ဘာလှည့်ခရီးသွား (၂၃၀၀)ကျော်နှင့် လုပ်ငန်းဗီဇာဖြင့် ခရီးသွား (၁၁၀)ကျော် ဝင်ရောက်ထွက်ခွာမှု ရှိခဲ့သည်။

နယ်စပ်ဂိတ်များအနက် နိုင်ငံခြားသား ဝင်ထွက်မှု အများဆုံး ထိုင်း-မြန်မာ နယ်စပ် တာချီလိတ်ဂိတ်/ Photo – Maung Tar .
နယ်စပ်ဂိတ်များအနက် နိုင်ငံခြားသား ဝင်ထွက်မှု အများဆုံး ထိုင်း-မြန်မာ နယ်စပ် တာချီလိတ်ဂိတ်/ Photo – Maung Tar .

နယ်စပ်ဂိတ်များအနက် နိုင်ငံခြားသား ဝင်ထွက်မှု အများဆုံး ထိုင်း-မြန်မာ နယ်စပ် တာချီလိတ်ဂိတ်/ Photo – Maung Tar .

#Mandalay_Indepth_News

#နယ်စပ်ဂိတ်ပိတ်

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်