မန္တလေး ကန်တော်နဒီဆေးရုံရှိ Covid-19 စောင့်ကြည့်လူနာ သေဆုံးမှု သွေးဆိပ်တက်ခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့်ဟုဆို

Covid-19 ရောဂါပိုး ရှိ၊မရှိ ဓါတ်ခွဲစစ်ဆေးနေဆဲ

ဒီဒါင်းမေ၊ မတ်-၁၇

Covid-19 စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ကာ မန္တလေးမြို့ ကန်တော်နဒီ ဆေးရုံ၌ သီးခြားထားရှိ ကုသနေသည့် အသက်(၂၅)နှစ်အရွယ် အမျိုးသမီး သေဆုံးရသည့် အကြောင်းအရင်းသည် လူနာ၏ ရောဂါရာဇဝင်နှင့် သွေးစစ်ချက် အဖြေများအရ သွေးဆိပ်တက်ခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် ဖြစ်နိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ မတ်လ(၁၇)ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်တွင် နေထိုင်သည့် အသက်(၂၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် Covid-19 စောင့်ကြည့်လူနာအဖြစ် မန္တလေး ကန်တော်နဒီဆေးရုံ၌ သီးခြားထားရှိ ကုသနေစဉ် ယနေ့ မတ်လ(၁၇)ရက် နံနက်(၇)နာရီကျော်အချိန်က သေဆုံးခဲ့သည်။

မန္တလေး ကန်တော်နဒီဆေးရုံ/ Photo – Nyi Thit .

အဆိုပါ အမျိုးသမီးသည် လည်ချောင်းနာခြင်း၊ အန်ခြင်း၊ အစာမစားနိုင်ခြင်း စသည့် လက္ခဏာများဖြင့် မတ်လ(၁၄) ရက်နေ့၊ နံနက်ပိုင်းကတည်းက တောင်ပြုံးတိုက်နယ်ဆေးရုံတွင် တက်ရောက်ကုသခဲ့ကြောင်း၊  လူနာမှာ သက်သာမှု မရှိသဖြင့် မန္တလေးဆေးရုံကြီးသို့ လွှဲပြောင်းညွှန်းပို့ခဲ့ရာ လူနာတွင် မောခြင်း၊ အသက်ရှူကြပ်ခြင်း စသည့်လက္ခဏာများ တွေ့ရှိရသဖြင့် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ ယနေ့ မတ်လ(၁၇) ရက်၊ နံနက်(၂း၀၀)နာရီအချိန်တွင် ကန်တော်နဒီဆေးရုံသို့ ထပ်မံညွှန်းပို့ခဲ့ကြောင်းနှင့် အဆိုပါ လူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့ထားရှိပြီး လိုအပ်သော ဆေးကုသမှုများ ဆောင်ရွက်စဉ် ယနေ့ နံနက်(၇) နာရီခွဲ ဝန်းကျင်အချိန်တွင် သေဆုံးသွားခဲ့သည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်သည်။

သေဆုံးရသည့် အကြောင်းအရင်းမှာ လူနာ၏ ရောဂါရာဇဝင်နှင့် သွေးစစ်ချက်အဖြေများအရ သွေးဆိပ်တက်ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများကြောင့် ဖြစ်နိုင်ကြောင်း သိရှိရပါသည်။ အဆိုပါ လူနာ၏ ဓာတ်ခွဲနမူနာ အဖြေရရှိလျှင် အချိန်နှင့်တစ်ပြေးညီ ထပ်မံထုတ်ပြန်သွားမည် ဖြစ်ပါသည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်သည်။

မန္တလေး ကန်တော်နဒီဆေးရုံ/ Photo – Mg Min Maw

ယင်းလူနာအမျိုးသမီးတွင် Covid-19 ရောဂါ ကူးစက်ခံရခြင်း ရှိ၊မရှိ သိရှိနိုင်ရေး ရန်ကုန်သို့ ပေးပို့ စစ်ဆေးလျှက်ရှိပြီး မနက်ဖြန်တွင် ဓါတ်ခွဲစစ်ဆေးချက် အဖြေရမည်ဟု မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးက ပြောသည်။

“အမြန်ဆုံး အဖြေရဖို့ အစ်မတို့က ပြောထားတယ်။ ဒီ Test အဖြေရဖို့ ရန်ကုန်ကို ပို့ရတယ်။ မနက်ကတော့ ကားနဲ့ပို့ထားပါသေးတယ်။ ပိုပြီးတော့ လူထုစိတ်ပူမှာရော မလိုအပ်ဘဲ ကြောက်လန့်တာမျိုး ဖြစ်မှာစိုးလို့ လေယာဉ်နဲ့ထပ်ပြီး ပို့ထားပါတယ်။ အဖြေကိုလည်း အမြန်ဆုံး ရရှိအောင် Special Request (အထူးမေတ္တာရပ်ခံ) လုပ်ထားပါတယ်”ဟု ဒေါက်တာ စုစုဒွေးက ယနေ့ မန္တလေးဆေးရုံကြီး၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အဆိုပါ လူနာ အမျိုးသမီးသည် မန္တလေးမြို့ ကန်တော်နဒီဆေးရုံ၌ ဒုတိယမြောက် သေဆုံးသည့် Covid-19 စောင့်ကြည့်လူနာဖြစ်သည်။ ပြီးခဲ့သည့် မတ်လ(၆)ရက်ကလည်း မန္တလေးမြို့ မဟာအောင်မြေမြို့နယ်နေ အသက်(၆၈)နှစ်အရွယ် Covid-19 စောင့်ကြည့်လူနာ အမျိုးသမီးတစ်ဦး ကန်တော်နဒီ ဆေးရုံ၌ သီးခြားထားရှိ ကုသနေစဉ် သေဆုံးခဲ့သည်။ ဓါတ်ခွဲစစ်ဆေးချက်အရ အဆိုပါ အသက်(၆၈)နှစ်အရွယ် အမျိုးသမီးသည် Covid-19 ရောဂါပိုး ကူးစက်ခံရခြင်း မရှိဘဲ မူလရောဂါအခံများကြောင့် သေဆုံးခြင်းဖြစ်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

မန္တလေး ကန်တော်နဒီဆေးရုံ/ Photo – ZMT.

ယနေ့ နံနက်ပိုင်းက ကန်တော်နဒီဆေးရုံ၌ ထပ်မံသေဆုံးသည့် လူနာအမျိုးသမီးသည်လည်း Covid-19 ကြောင့် သေဆုံးခြင်း ဖြစ်နိုင်ခြေ နည်းပြီး အဆုတ်ရောဂါဖြင့် သေဆုံးခြင်း ဖြစ်သည်ဟု မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး ဖျားနာဆောင်(၁)၊ သမားတော်/တွဲဖက်ပါမောက္ခ ဒေါက်တာ မောင်မောင်ဦးက ပြောသည်။

“အဆုတ်ယောင်တာ သေချာတယ်။ အဆုတ်အအေးပတ်ရင် သေနှုန်းကိုက ငါးရာခိုင်နှုန်းကနေ ၁၄ ရာခိုင်နှုန်းအထိ ရှိတယ်။ ICU (အထူးကြပ်မတ်ကုသဆောင်) ထဲ ဝင်သွားရတဲ့ Case (ဖြစ်စဉ်) ဆိုရင် ၅၀ ရာခိုင်နှုန်းလောက်ရှိတယ်။ အခု အဖြေကတော့ စောင့်ရဦးမှာ” ဟု ဒေါက်တာ မောင်မောင်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ယနေ့ မတ်လ(၁၇)ရက် ည(၈)နာရီအချိန်ထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင် ရွက်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

COVID-19 ရောဂါသည် လက်ရှိတွင် တရုတ်နိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံအချို့ အပါအဝင် ကမ္ဘာ့နိုင်ငံ (၁၅၁) နိုင်ငံတွင် ကူးစက်ဖြစ်ပွားလျက်ရှိသဖြင့် ပြည်သူလူထုအနေဖြင့် ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး အသိပညာပေး အချက်အလက်များအား တိကျစွာ လိုက်နာဆောင်ရွက်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။

မန္တလေး ကန်တော်နဒီဆေးရုံ/ Photo – Nyi Thit .

မန္တလေး ကန်တော်နဒီဆေးရုံ/ Photo – Nyi Thit .

#Mandalay_Indepth_News

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်