တေဇ၊ နိုဝင်ဘာ-၁
နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်တွင် ဆက်သွယ်ရေးတာဝါတိုင် မီးစက်များအတွင်းမှ ဒီဇယ်ဆီ ဂါလံ ရာနှင့်ချီကာ ခိုးယူသည့် အမျိုးသား(၅)ဦးနှင့် ကားတစ်စီးကို အောက်တိုဘာ(၃၀)ရက်က ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
Pan Asia တာဝါတိုင် ကုမ္ပဏီဝန်ထမ်းများသည် တပ်ကုန်းမြို့နယ်အတွင်းရှိ ဆက်သွယ်ရေး တာဝါတိုင်များတွင် တပ်ဆင်ထားသည့် မီးစက် ဆီတိုင်ကီများအတွင်းမှ ဒီဇယ်ဆီများ ပျောက်ဆုံးနေသဖြင့် လိုက်လံစစ်ဆေးရာ ဆီပေပါများ တင်ဆောင်ထားသည့် ကားတစ်စီး ရမည်းသင်းဘက်သို့ မောင်းနှင်ထွက်ပြေးသွားသည်ကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။

ထို့နောက် ကုမ္မဏီဝန်ထမ်းများက ရဲတပ်ဖွဲ့ထံ အကြောင်းကြားသဖြင့် ရဲတပ်ဖွဲ့မှ လိုက်လံဖမ်းဆီးရာ အမျိုးသား(၅)ဦးကို ယာဉ်ပေါ်တွင် ခိုးယူလာသည့် ဆီဂါလံ(၂၃၀)နှင့်အတူ ဖမ်းဆီးနိုင်ခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ အမျိုးသား (၅)ဦးကို ရမည်သင်းမြို့နယ် တောင်ပို့သာ နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၈၀(ခိုးမှု) ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။ .