မောင်မင်းမော် ၊ အောက်တိုဘာ-၇
ကျပ်သိန်းတစ်ထောင် အောင်ဘာလေထီ ဆုပေါက်သည့် ထီလက်မှတ် ထုတ်မပေးဟုဆိုကာ ထီထိုးသူတစ်ဦးက ထီဆိုင်ပိုင်ရှင်ကို လိမ်လည်မှုဖြင့် အရေးယူပေးရန် အမှုဖွင့်တိုင်တန်းမူ အောက်တိုဘာ(၇)ရက်က စစ်ကိုင်းမြို့နယ် မင်းကွန်းတိုက်နယ်ရဲစခန်းတွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ အမူဖွင့်တိုင်တန်းမူနှင့် ပတ်သက်၍ မင်းကွန်းတိုက်နယ်ရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၄၂၀ (လိမ်လည်မူ)ဖြင့် အမူဖွင့်ထားပြီး ရဲလုပ်ငန်းစဉ်အတိုင်း ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း မင်းကွန်းတိုက်နယ်ရဲစခန်းမှူးက Mandalay In-depth News သို့ ပြောသည်။
အောက်တိုဘာ(၁)ရက်က ဖွင့်လှစ်ခဲ့သည့် (၈)ကြိမ်မြောက် အောင်ဘာလေ ထီဖွင့်ပွဲတွင် “ကခ ၁၂၃၅၉၃” ထီလက်မှတ်သည် ကျပ်တစ်သိန်းတစ်ထောင် ဆုကြီး ဆွတ်ခူးခဲ့သည်။
အဆိုပါ ထီလက်မှတ်ကို ဖေ့စ်ဘွတ်ခ်မက်ဆင်ဂျာမှတဆင့် ဓါတ်ပုံရိုက်ပေးပို့စေကာ ဝယ်ယူထားခြင်းဖြစ်ပြီး ကျပ်သိန်းတစ်ထောင် ထီဆုပေါက်ချိန်တွင် လက်မှတ်ထုတ်မပေးသည့်အတွက် မင်းကွန်းဒေသတွင် ထီဆိုင်ဖွင့်လှစ် ရောင်းချနေသည့် ထီဆိုင်ပိုင်ရှင် အသက်(၂၉)နှင့် (၃၈)နှစ်အရွယ် ညီအမနှစ်ဦးကို အရေးယူပေးရန် အမူဖွင့်တိုင်တန်းခြင်း ဖြစ်ကြောင်း ထီပေါက်သည်ဆိုသူ မန္တလေးမြို့နေ အသက်(၂၇)နှစ်အရွယ် မဇင်ဇင်က ပြောသည်။
မဇင်ဇင်သည် စက်တင်ဘာ(၂၉)ရက်က သူငယ်ချင်းဖြစ်သူ ရတနာပုံတက္ကသိုလ်ကျောင်းသူ မစန်းအိခိုင်ထံမှ ရွှေမြန်မာ(၅)စောင်တွဲ ထီလက်မှတ်တစ်စောင်ကို မင်းကွန်းဒေသရှိ ထီဆိုင်မှတဆင့် ဖေ့စ်ဘွတ်ခ်မက်ဆင်ဂျာမှ ဓါတ်ပုံရိုက် ပေးပို့စေခဲ့ကာ ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု မဇင်ဇင်က ပြောသည်။
”ညီမက ထီလည်း သိပ်မထိုးဖူးဘူး။ ညီမလေး(မစန်းအိခိုင်)က ထီးထိုးပါဦးဆိုလို့ တစ်အစ ခြောက်အပိတ် ရရင်ထိုးချင်တယ်ပေါ့။ အဲ့တော့ သူက သူ့ဆီမှာတော့ အဲ့ဒီ ဂဏန်းမပါဘူး။ ထီဆိုင်ကို မေးပေးမယ်ပြောပြီး မေးလိုက်တော့ အဲ့ဒီဂဏန်းရှိတယ်ပေါ့၊ ယူမလားပေါ့။ ယူမယ်လို့ ပြောလိုက်တော့ ထီလက်မှတ်ပေါ် နာမည်ရေးပြီး မက်ဆင်ဂျာကနေ ပို့လိုက်တာ။ ထီဖွင့်ကာနီးကြတော့ ညီမလေးက ရွာပြန်ရင်းနဲ့ ထီဖိုး ပိုက်ဆံသွားပေးရင်းနဲ့ လက်မှတ်သွားယူတယ်ပေါ့။ ပိုက်ဆံကြ ယူထားလိုက်တယ်။ လက်မှတ်ကြ အလုပ်ရှုပ်နေလို့ ဆိုပြီး မပေးလိုက်ဘူးပေါ့” ထီဆိုင်ပိုင်ရှင်နှစ်ဦးကို အမူဖွင့်တိုင်တန်းခဲ့သူ မဇင်ဇင်က ပြောသည်။
မဇင်ဇင်ထံ ထီလက်မှတ်ရောင်းချပေးခဲ့သူ မစန်းအိခိုင်သည် မင်းကွန်းဒေသမှဖြစ်ပြီး ထီဆိုင်ပိုင်ရှင်များနှင့် ရွာနီးချင်း ခင်မင်ရင်းနှီးသူများဖြစ်ကြောင်း၊ သူငယ်ချင်းမဇင်ဇင် ဝယ်ယူလိုသည့် ထီလက်မှတ်ကို ထီဆိုင်သို့ ဖုန်းဆက်မေးမြန်းကာ ဖေ့စ်ဘွတ်ခ်မက်ဆင်ဂျာမှတဆင့် ဓါတ်ပုံရိုက် ပေးပို့စေကာ ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း မစန်းအိခိုင်က ပြောသည်။
အဆိုပါ ထီလက်မှတ်နှင့်ပတ်သက်၍ မစန်းအိခိုင်က စက်တင်ဘာ(၃၀)ရက်တွင် မင်းကွန်းရှိ ထီဆိုင်သို့ ထီလက်မှတ်ဖိုးငွေများ သွားရောက်ပေးချေခဲ့ပြီး ဖေ့စ်ဘွတ်ခ်မက်ဆင်ဂျာမှ ဓါတ်ပုံရိုက်ပေးပို့ကာ ရောင်းချထားသည့် ထီလက်မှတ်များပေးရန် ပြောရာ ထီဆိုင်ပိုင်ရှင် အမျိုးသမီးက ထီလက်မှတ်များမှာ ပြန်ရှာရဦးမည်ဖြစ်ပြီး အလုပ်မအားသေး၍ နောက်ရက်တွေမှ ယူရန်ပြောဆိုခဲ့သည်ဟု မစန်းအိခိုင်က ပြောသည်။
”ညီမက ပိုက်ဆံသွားပေးရင်းနဲ့ ထီလက်မှတ်တွေလည်း သွားယူတာပေါ့။ အဲ့တော့ သူက ခုအလုပ်ရှုပ်နေလို့ ညည်းနဲ့ငါနဲ့ အချင်းချင်းတွေပဲ ပိုက်ဆံပဲ ထားခဲ့လိုက် လက်မှတ်က နောက်မှယူလည်းရတာပဲလို့ ပြောတယ်။ အဲ့တာနဲ့ ပြန်လာခဲ့တာ” ဟု မစန်းအိခိုင်က ပြောသည်။
အောက်တိုဘာ(၁)ရက် ထီဖွင့်ချိန်တွင် မဇင်ဇင် ဝယ်ယူထားသည့် ထီလက်မှတ်မှာ ကျပ်သိန်းတစ်ထောင် ထီပေါက်ခဲ့ပြီး ယင်းထီလက်မှတ်ကို ထီဆိုင်ပိုင်ရှင်က ထီထိုးသူထံ ယနေ့အချိန်ထိ ပေးအပ်ခြင်းမရှိဘဲ ဖြစ်နေသည်ဟု မစန်းအိခိုင်နှင့် မဇင်ဇင်တို့က Mandalay In-depth News သို့ ပြောသည်။

ကျပ်သိန်းတစ်ထောင်ဆု ပေါက်သည့် ထီလက်မှတ်နှင့်ပတ်သက်၍ အောက်တိုဘာ(၂)ရက်နှင့် အောက်တိုဘာ(၄)ရက်တို့တွင် နှစ်ဖက်တွေ့ဆုံ ညှိနှိုင်းခဲ့ပြီး အဆင်မပြေ၍ အမူဖွင့်တိုင်တန်းခြင်းဖြစ်ကြောင်း မဇင်ဇင်က ပြောသည်။
“မက်ဆင်ဂျာကနေ သူပို့ထားတဲ့ နာမည်ပါတဲ့ ထီလက်မှတ် သက်သေရှိတယ်၊ ကြားထဲက ညီမလေး (မစန်းအိခိုင်)ဆီ တစ်ယောက်ကို သိန်းငါးရာစီ ခွဲယူမယ်လို့ ဖုန်းထဲကနေ ညှိနှိုင်းထားတဲ့ အသံဖိုင်လည်း ရှိပါတယ်”ဟု မဇင်ဇင်က ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ မင်းကွန်းဒေသ ထီဆိုင်ပိုင်ရှင် အမျိုးသမီးထံ Mandalay In-depth News မှ ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ် မရသေးပါ။
မက်ဆင်ဂျာမှတဆင့် ပေးပို့ထားသည်ဟုဆိုသော ကျပ်သိန်းတစ်ထောင်ထီဆုလက်မှတ်။ ဓါတ်ပုံ – Supply.
ဘမှားဘမှားကလိမ်များ😂😂😂