ဓါတ်ခွဲအဖြေအရ မန္တလေး ကန်တော်နဒီဆေးရုံ၌ သေဆုံးခဲ့သည့် လူနာ အမျိုးသမီးတွင် Covid-19 ရောဂါပိုး မတွေ့

Mandalay In-depth News၊ မတ်-၁၈

မန္တလေးမြို့ ကန်တော်နဒီဆေးရုံ၌ သီးခြားထားရှိ ကုသနေစဉ် မတ်လ(၁၇)ရက် နံနက်ပိုင်းက သေဆုံးခဲ့သည့် Covid-19 စောင့်ကြည့်လူနာ အမျိုးသမီးတွင် ရောဂါပိုး မတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ယနေ့ မတ်လ(၁၈)ရက် နံနက် (၀၀:၀၅) နာရီအချိန် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)မှ ပေးပို့လာသော ဓာတ်ခွဲအဖြေအရ မန္တလေးမြို့ ကန်တော်နဒီဆေးရုံ၌  သေဆုံးခဲ့သည့် တံတားဦးမြို့နယ်မှ အသက်(၂၂)နှစ်အရွယ် စောင့်ကြည့်လူနာ အမျိုးသမီး၏ ဓာတ်ခွဲအဖြေတွင် COVID-19 ရောဂါပိုး မရှိကြောင်း သိရှိရပါသည်ဟု ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

“ကန်တော်နဒီဆေးရုံတွင် သေဆုံးသော အသက် ၂၂ နှစ်ရှိ လူနာအမျိုးသမီး၏ အဖြေသည် COVID-19 NEGATIVE (မတွေ့ရှိ) ဖြစ်ပါကြောင်း” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ ဌာနခွဲမှ ဒု-ညွှန်မှူး ဒေါက်တာခင်ခင်ကြီးကလည်း ဖေ့စ်ဘွတ်ခ်လူမူကွန်ယက်တွင် ဖော်ပြသည်။

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်တွင် နေထိုင်သည့် အသက်(၂၂)နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် Covid-19 စောင့်ကြည့်လူနာအဖြစ် မန္တလေး ကန်တော်နဒီဆေးရုံ၌ သီးခြားထားရှိ ကုသနေစဉ် ယနေ့ မတ်လ(၁၇)ရက် နံနက်(၇)နာရီကျော်အချိန်က သေဆုံးခဲ့သည်။

အဆိုပါ အမျိုးသမီးသည် လည်ချောင်းနာခြင်း၊ အန်ခြင်း၊ အစာမစားနိုင်ခြင်း စသည့် လက္ခဏာများဖြင့် မတ်လ(၁၄) ရက်နေ့၊ နံနက်ပိုင်းကတည်းက တောင်ပြုံးတိုက်နယ်ဆေးရုံတွင် တက်ရောက်ကုသခဲ့ကြောင်း၊  လူနာမှာ သက်သာမှု မရှိသဖြင့် မန္တလေးဆေးရုံကြီးသို့ လွှဲပြောင်းညွှန်းပို့ခဲ့ရာ လူနာတွင် မောခြင်း၊ အသက်ရှူကြပ်ခြင်း စသည့်လက္ခဏာများ တွေ့ရှိရသဖြင့် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ ယနေ့ မတ်လ(၁၇) ရက်၊ နံနက်(၂း၀၀)နာရီအချိန်တွင် ကန်တော်နဒီဆေးရုံသို့ ထပ်မံညွှန်းပို့ခဲ့ကြောင်းနှင့် အဆိုပါ လူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့ထားရှိပြီး လိုအပ်သော ဆေးကုသမှုများ ဆောင်ရွက်စဉ် ယနေ့ နံနက်(၇) နာရီခွဲ ဝန်းကျင်အချိန်တွင် သေဆုံးသွားခဲ့သည် ဟု ဝန်ကြီးဌာနက ထုတ်ပြန်သည်။

သေဆုံးရသည့် အကြောင်းအရင်းမှာ လူနာ၏ ရောဂါရာဇဝင်နှင့် သွေးစစ်ချက်အဖြေများအရ သွေးဆိပ်တက်ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများကြောင့် ဖြစ်နိုင်ကြောင်း သိရှိရပါသည်ဟု ဝန်ကြီးဌာနက မတ်လ(၁၇)ရက် ည(၈)နာရီတွင် သတင်းထုတ်ပြန်ထားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သည် တိုင်းဒေသကြီးနှင့် ပြည်နယ်ဆေးရုံ အသီးသီးမှ COVID-19 ရောဂါ စောင့်ကြည့်လူနာများအဖြစ် သတ်မှတ်ထားရှိသော လူနာများထံမှ ဓာတ်ခွဲနမူနာများကို ဓာတ်ခွဲစစ်ဆေးပေးလျက်ရှိကြောင်း၊ တိုင်းနှင့် ပြည်နယ်ဆေးရုံများမှ ဓာတ်ခွဲနမူနာများအား အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့ရာတွင် ခရီးအကွာအဝေးအလိုက် ရောက်ရှိရန် ကြာမြင့်ချိန်ကွာခြားပြီး ဓာတ်ခွဲနမူနာ ရောက်ရှိပြီး ဓာတ်ခွဲစစ်ဆေးမှု အဆင့်ဆင့်ကို ပြုလုပ်ရာတွင် ကြာမြင့်ချိန် (၅) နာရီမှ (၈) နာရီ ကြာမြင့်သည်ဟု ဆိုသည်။

အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)မှ COVID-19 ရောဂါ ဓာတ်ခဲစစ်ဆေးမှုများကို ပိတ်ရက်မရှိ (၂၄/၇) ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မတ်လ(၁၇)ရက် နံနက်ပိုင်းက  သေဆုံးခဲ့သည့် တံတားဦးမြို့နယ်မှ လူနာအမျိုးသမီးသည် မန္တလေးမြို့ ကန်တော်နဒီဆေးရုံ၌ ဒုတိယမြောက် သေဆုံးသူ ဖြစ်သည်။ ပြီးခဲ့သည့် မတ်လ(၆)ရက်ကလည်း မန္တလေးမြို့ မဟာအောင်မြေမြို့နယ်နေ အသက်(၆၈)နှစ်အရွယ် Covid-19 စောင့်ကြည့်လူနာ အမျိုးသမီးတစ်ဦး ကန်တော်နဒီ ဆေးရုံ၌ သီးခြားထားရှိ ကုသနေစဉ် သေဆုံးခဲ့သည်။ ဓါတ်ခွဲစစ်ဆေးချက်များအရ အဆိုပါ သေဆုံးသူ နှစ်ဦးလုံးတွင် Covid-19 ရောဂါပိုး မတွေ့ရှိဘဲ အခြားရောဂါများကြောင့် သေဆုံးခြင်းဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလမှ လက်ရှိ မတ်လ(၁၆)ရက်အထိ မန္တလေးတိုင်းအတွင်း Covid-19 စောင့်ကြည့်လူနာ (၂၆)ဦးအထိ ရှိခဲ့ပြီး ဓါတ်ခွဲစစ်ဆေးချက်များအရ Covid-19 ရောဂါပိုး စစ်ဆေးတွေ့ရိသူ တစ်ဦးမျှ မရှိဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်း ဇန်နဝါရီလကုန်ပိုင်းမှ မတ်လ(၁၇)ရက် ညနေ(၄)နာရီအချိန်အထိ Covid-19 သံသယလူနာ (၂)ဦးအပါအဝင် စောင့်ကြည့်လူနာ (၁၄၄)ဦး ရှိခဲ့ပြီး ဓါတ်ခွဲစစ်ေးဆချက်အရ လူနာ(၁၃၅)ဦးတွင် ရောဂါပိုး မတွေ့ရှိဘဲ ဓါတ်ခွဲနမူနာ ရယူရန်ဆေဆာင်ရွက်ဆဲ၊ ပေးပို့ဆဲ လူနာ(၉)ဦးရှိကြောင်း၊ မတ်လ(၁၇)ရက် ည(၈)နာရီအချိန်အထိ မြန်မာနိုင်ငံတွင်း Covid-19 ရောဂါ ပိုး စစ်ဆေးတွေ့ရှိသူ တစ်ဦးမျှ မရှိသေးကြောင်း ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

#Mandalay_Indepth_News

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်