Mandalay In-depth News၊ မတ်-၁၆
Covid-19 ရောဂါ ဂယက် ရိုက်ခတ်မှု ရှိသော်လည်း မန္တလေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး အစီအစဉ်များ ပြောင်းရွှေ့မည် မဟုတ်ဘဲ ကြိုတင်ခေါ်ယူထားသည့် မတ်လ(၁၉)ရက်တွင် ပုံမှန်အတိုင်း ကျင်းပမည်ဟု လွှတ်တော် တာဝန်ရှိသူများက ပြောသည်။
“ကျင်းပဖြစ်ပါတယ်။ မရွှေ့ဘူး။ (ရက်)မရွှေ့ဘူး” ဟု မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒု-ညွှန်ချုပ် ဦးအောင်အောင်ဇော်က Mandalay In-depth News အား ပြောသည်။
ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို မတ်လ(၁၉)ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း တိုင်းလွှတ်တော်ဥက္ကဌက အစည်းအဝေး ခေါ်ယူထားသည်။ မန္တလေးတိုင်း လွှတ်တော်တွင် ရွေးကောက်ခံ ကိုယ်စားလှယ် (၅၀)ကျော်နှင့် တပ်မတော်သား ကိုယ်စားလှယ် (၁၉)ဦး၊ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် (၇၅)ဦးဝန်းကျင် ရှိသည်။
လာမည့်ရက်ပိုင်းအတွင်း စတင်ကျင်းပမည့် မန္တလေးတိုင်းလွှတ်တော် အစည်းအဝေးတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အရအသုံး ငွေစာရင်း နှင့်ပတ်သက်၍ အဓိကထားဆွေးနွေးမည်ဟု နွားထိုးကြီးမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်ငြိမ်းသက်နွယ်က ပြောသည်။
“လွှတ်တော်ကျင်းပရက် ကာလတိုဖြစ်အောင် ကြိုးစားထားတယ်။ ရေးရာကော်မတီတွေ အလိုက် ကြိုတင်ပြီးတော့ ဆွေးနွေးထားတယ်။ Covid-19 ကြောင့် လွှတ်တော်ကျင်းပရက် နည်းနိုင်သမျှ နည်းဖို့ပေါ့။ အဓိကတော့ မေးခွန်းနဲ့ ဘတ်ဂျက်ကိစ္စပဲ ဖြစ်မယ်”ဟု ဒေါ်ငြိမ်းသက်နွယ်က ပြောသည်။
လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင်း Covid-19 ရောဂါပိုး တွေ့ရှိသူ တစ်ဦးမျှ မရှိသေးသော်လည်း ယင်းရောဂါသည် လူစုလူဝေး များပြားသည့် နေရာများတွင် လျင်မြန်စွာ ကူးစက်နိုင်သောကြောင့် သြင်္ကန်ပွဲတော် မဏ္ဍပ်ဆောက်လုပ်ခြင်းများ အပါအဝင် လူစုလူဝေးနှင့် ပွဲလမ်းသဘင်များ ဧပြီလကုန်အထိ ကျင်းပခွင့် ပြုမည် မဟုတ်ကြောင်း နိုင်ငံတော် သမ္မတရုံးက ကြေညာထားသည်။
လက်ရှိတွင် ပြည်ထောင်စုအဆင့် လွှတ်တော်အစည်းအဝေးများလည်း ဆက်လက်ကျင်းပလျှက် ရှိသည်။

မန္တလေးတိုင်းလွှတ်တော် အစည်းအဝေးကျင်းပနေစဉ်/ Photo – MRH.
#Mandalay_Indepth_News
#Mandalay_News #မန္တလေးတိုင်းလွှတ်တော်