မောင်မင်းမော်၊ မတ်- ၁၉
အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုထားရသည့် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းနိုင်နှင့် ဒု-ရဲအုပ် ထွန်းထွန်းလင်းတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ (၅၆)အရ ထောင်ဒဏ် လေးနှစ်စီ ကျခံစေရန် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်မှ ယနေ့ မတ်လ ၁၉ရက်တွင် အမိန့်ချမှတ်ခဲ့သည်။
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အမှတ်(၃)နယ်မြေရဲစခန်းမှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းနိုင်၊ ရဲအုပ်ကျော်သူနှင့် ဒု-ရဲအုပ် ထွန်းထွန်းလင်းတို့သည် ပြီးခဲ့သည့် ၂၀၁၈ အတွင်းက အဆိုပါ ရဲစခန်းတွင် အမှုဖွင့် ဖမ်းဆီးခံရသူတစ်ဦး၏ ဖခင်ထံမှ အမှုသက်သာစေရန်ဟုဆိုကာ ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ ငွေကြေးတောင်းခံခဲ့မှုဖြင့် အဂတိလိုက်စားမှု ဥပဒေအရ အမှုဖွင့် ခံရသည်။ ငွေကျပ်(၁၀)သိန်း တောင်းခံကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။
၎င်းတို့(၃)ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ(၅၆)ဖြင့် အရေးယူပေးရန် မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် စစ်ဆေးရေးမှူး ဦးအောင်မြင့်ဇော်က တရားလိုလုပ်၍ ၂၀၁၉ ဇွန်လ(၁၄)ရက်က ချမ်းအေးသာစံမြို့နယ် အမှတ်(၃)ရဲစခန်း၌ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
ယင်းအမှုအား မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်က လက်ခံစစ်ဆေးခဲ့ပြီး ယနေ့ မတ်လ(၁၉)ရက်တွင် အမိန့်ချမှတ်ခြင်း ဖြစ်သည်။
အဆိုပါ အဂတိလိုက်စားမှုဖြင့် အမှုဖွင့်ခံထားရသည့် ရဲတပ်ဖွဲ့ဝင် သုံးဦးအနက် ရဲအုပ်ကျော်သူမှာ ထွက်ပြေး တိမ်းရှောင်နေသဖြင့် တရားခံပြေးအဖြစ် သတ်မှတ်ကြေညာထားပြီး ကျန်နှစ်ဦးကို အချိန်(၈)လကျော်ကြာ စစ်ဆေးကာ ထောင်ဒဏ်လေးနှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် သတင်းပြန်ကြားရေး အရာရှိ ဦးမြင့်ဆန်းက ပြောသည်။
“နှစ်ဖက်စစ်ဆေး တင်ပြတဲ့ သက်သေခံချက်တွေကို သုံးသပ်ပြီးတော့ ဒီနေ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ(၅၆)နဲ့ပဲ ဒု-ရဲအုပ် ထွန်းထွန်းလင်းကိုလည်း ထောင်ဒဏ်လေးနှစ်၊ ရဲမှူးသိန်းနိုင်ကိုလည်း ထောင်ဒဏ်လေးနှစ် ချမှတ်လိုက်ပါတယ်”ဟု ဦးမြင့်ဆန်းက ပြောသည်။

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် အမှတ်(၃)နယ်မြေရဲစခန်းမှ ရဲမှူးသိန်းနိုင် (အဂတိလိုက်စားမှုဖြင့် အမှုဖွင့်ခံရချိန်တွင် ဒုတိယ ခရိုင်ရဲတပ်ဖွဲ့မှူး ဥတ္တရခရိုင် ရဲတပ်ဖွဲ့မှူးရုံး)၊ ရဲအုပ် ကျော်သူ (ကမ္ဘာလှည့်ခရီးသွား လုံခြုံရေးရဲတပ်ဖွဲ့) နှင့် ဒု-ရဲအုပ် ထွန်းထွန်းလင်းတို့သည် ရာထူးတာဝန်များကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ပြီး အမှုကိစ္စ အဆင်ပြေစေရန် အမှုသက်သာစေရန်၊ မညှင်းပန်း မနှိပ်စက်ခံရစေရန်၊ အိုးဘိုထောင် မပို့စေရန်နှင့် ဖမ်းဆီးထားသော ဆိုင်ကယ် ပြန်လည်ရရှိစေရန် အတွက်ဟုဆိုကာ စုစုပေါင်း ငွေကျပ်(၁၀)သိန်းကို အဆိုပါ ရဲစခန်းတွင် အမှုဖွင့်ခံရသူတစ်ဦး၏ ဖခင်ထံမှ လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သတင်းထုတ်ပြန်ထားသည်။

အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်ချမှတ် ခံရသူများကို ပြီးခဲ့သည့် ၂၀၁၉ ဇူလိုင်လအတွင်းက မန္တလေးတိုင်း တရားလွှတ်တော်၌ ရုံးထုတ်စစ်ဆေးစဉ်/ Photo – ဘုန်းနေ
#Mandalay_Indepth_News
.
#Mandalay_Indepth_News
.