မန္တလေး ကန်တော်နဒီဆေးရုံရှိ COVID-19 စောင့်ကြည့်လူနာ အမျိုးသမီး သေဆုံး

Covid-19 ရှိ မရှိ စစ်ဆေးနေဆဲဟု တိုင်း SRT အတွင်းရေးမှူး ပြော

Mandalay In-depth News၊ မတ်-၁၇

COVID-19 စောင့်ကြည့်လူနာ အဖြစ် သတ်မှတ်၍ မန္တလေးမြို့ ကန်တော်နဒီဆေးရုံ၌ သီးခြားထားရှိ ကုသနေသည့် အမျိုးသမီးတစ်ဦး ယနေ့ မတ်လ(၁၇)ရက် နံနက်ပိုင်းက သေဆုံးခဲ့ကြောင်း မန္တလေးတိုင်း Covid-19 ရောဂါ စောင့်ကြည့်စစ်ဆေး ကုသရေး ကြီးကြပ်မှုကော်မတီ (SRT) အတွင်းရေးမှူး ဒေါက်တာသန်းသန်းမြင့်က Mandalay In-depth News အား အတည်ပြုသည်။

သို့သော် ဓါတ်ခွဲစစ်ဆေးချက်အရ အဆိုပါ လူနာအမျိုးသမီးတွင် Covid-19 ရောဂါပိုး မတွေ့ရှိဟု ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးလည်း ဖြစ်သည့် ဒေါက်တာသန်းသန်းမြင့်က ပြောသည်။

“လူနာတစ်ယောက်တော့ ဆုံးပါတယ်ရှင့်။ အဲ့ဒီ လူနာနဲ့တော့ မဟုတ်ပါဘူး။ အဖြေကလည်း Negative (ရောဂါပိုးမတွေ့)။ ပို့တော့ ထားပါတယ်။ အဖြေကတော့ မထွက်သေးပါဘူးရှင့်။ ကျွန်မတို့ စောင့်ကြည့်လူနာ ပို့တာပေါ့နော်”ဟု ဒေါက်တာသန်းသန်းမြင့်က ပြောသည်။

ယင်းနှင့်ပတ်သက်၍ မန္တလေး အထွေထွေရာဂါကုဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးကလည်း သေဆုံးသွား.သူ လူနာအမျိုးသမီးသည် ယမန်နေ့ မတ်လ(၁၆)ရက် ည(၁၂)နာရီကျော်အချိန်က မန္တလေးဆေးရုံကြီးသို့ လာရောက်ပြသဖြင်းဖြစ်ကြောင်း Mandalay In-depth news အား ပြောသည်။

 “မနေ့ကည (၁၂)ကျော်မှ ဆေးရုံကို လာပြတာ။ ဖျားပြီး အသက်ရှုကျပ်တဲ့လက္ခဏာ‌တွေ့တယ်။ နယ်ဘက်က လာပြတာ။ ခရီးသွား ရာဇဝင်မရှိဘူး”ဟု မန္တလေးဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးက ပြောသည်။

အဆိုပါ လူနာအမျိုးသမီး၏ အသက်အရွယ်နှင့် အသေးစိတ် အချက်အလက်များကိုမူ မန္တလေးတိုင်း SRT တာဝန်ရှိသူများက အတည်ပြုဖြေကြားခြင်း မရှိသေးပါ။

အဆိုပါ စောင့်ကြည့်လူနာ အမျိုးသမီး သေဆုံးခြင်းကြောင့် မန္တလေး ကန်တော်နဒိဆေးရုံ၌ Covid-19 စောင့်ကြည့်လူနာ သေဆုံးသူ(၂)ဦး ရှိလာသည်။  ပြီးခဲ့သည့် မတ်လ(၆)ရက်ကလည်း မန္တလေးမြို့ မဟာအောင်မြေမြို့နယ်နေ အသက်(၆၈)နှစ်အရွယ် စောင့်ကြည့်လူနာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလမှ လက်ရှိ မတ်လ(၁၆)ရက်အထိ မန္တလေးတိုင်းအတွင်း Covid-19 စောင့်ကြည့်လူနာ (၂၆)ဦးအထိ ရှိခဲ့ပြီး ဓါတ်ခွဲစစ်ဆေးချက်များအရ Covid-19 ရောဂါပိုး စစ်ဆေးတွေ့ရှိသူ တစ်ဦးမျှ မရှိဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

မန္တလေး ကန်တော်နဒီဆေးရုံ/ Photo – Nyi Thit .

#Mandalay_Indepth_News

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်