အမရပူရတွင် ကြက်ဝိုင်း ဝင်ဖမ်းရာ ယာဉ်အစီး(၁၀၀)ကျော်၊ လောင်းကြေးငွေများနှင့် အမျိုးသား(၅)ဦးဖမ်းမိ

သူရိန်မင်း၊ မတ်-၁၇

မန္တလေးမြို့ အမရပူရမြို့နယ် ဒေါင်းရွေးကျေးရွာရှိ သရက်ခြံအတွင်း ကြက်တိုက်လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ရာ ယာဉ်အစီး(၁၀၀)ကျော်နှင့် အမျိုးသား(၅)ဦး ဖမ်းဆီးရမိခဲ့ကြောင်း  သတင်းရရှိသည်။

မတ်(၁၆)ရက်၊ နေ့လည်ပိုင်းက မြစ်ငယ်မြို့ ဒေါင်းရွေးကျေးရွာအုပ်စုရှိ သရက်ခြံတွင် ကြက်တိုက်လောင်းကစားနေကြောင်း သတင်းရသဖြင့် ရဲတပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးရာ ကြက်တိုက်လောင်းကစား ပြုလုပ်နေသည့် အမျိုးသား(၅)ဦး ဖမ်းမိခဲ့ပြီး ၎င်းတို့နှင့်အတူ လောင်းကြေးငွေ ကျပ်(၁၃)သိန်းကျော်၊ ကား(၅)စီး၊ ဆိုင်ကယ်အစီး(၁၀၀) နှင့် လောင်းကစားရာတွင် အသုံးပြုသည့် ပစ္စည်းများ ဖမ်းဆီးရမိခဲ့သဖြင့် မြစ်ငယ်နယ်မြေရဲစခန်းတွင် အမှုဖွင့်ထားသည်ဟု ဆိုသည်။

အဆိုပါ သရက်ခြံအတွင်း ကြက်တိုက်လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ မဟာအောင်မြေ၊ အောင်မြေသာစံ၊ ချမ်းမြသာစည်၊ ပုသိမ်ကြီးနှင့် အမရပူရမြို့နယ်များမှ မြို့နယ်ရဲတပ်ဖွဲ့မှူများနှင့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်း မှု့ခင်းအကူဌာနစိတ်မှ တပ်ဖွဲ့ဝင်များ၊ ခရိုင် မှု့ခင်းအကူဌာနစိတ်မှ တပ်ဖွဲ့ဝင်များသည် အသိသက်သေများဖြင့် သွားရောက်ရှာဖွေ စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးရာမှ ကြက်တိုက်လောင်ကစားပြုလုပ်သူ အသက်(၄၀)မှ(၆၀)ဝန်းကျင်အရွယ် အမျိုးသား(၅)ဦးကို ဆင်းကဒ်ပါ ဟန်းဆက်(၄)လုံး၊ လူအမည်များ၊ ကြက်အမျိုးအစား အရောင်နှင့် ငွေတန်ဖိုးများရေးသားထားသည့် ဗလာစာရွက်များ၊ ကား၊ဆိုင်ကယ် အပ်နှံရာတွင် အသုံးပြုသည့် တိုကင်ပြားများ၊ ကြက်တိုက်လောင်းကစားပြုရာတွင် ကြိုးဝိုင်းအဖြစ်ပြုလုပ်သည့် နိုင်လွန်ကြိုးခွေနှင့် ဝါးတိုင်များ၊ ကြက်တိုက် လောင်းကစားရာတွင် အသုံးပြုသည့်ပစ္စည်းများ၊ လောင်းကြေးငွေ ကျပ်(၁၃)သိန်းကျော်၊ မော်တော်ဆိုင်ကယ်(၃)စီးနှင့် မော်တော်ကား(၁)စီးတို့နှင့်အတူ တွေ့ရှိသဖြင့် ဖမ်းဆီး အရေးယူခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်ဖမ်းဆီးစဉ် လောင်းကစားပြုလုပ်နေသူများ ထွက်ပြေးသွားပြီး ၎င်းတို့ ကျန်ရစ်ခဲ့သည့် ဆိုင်ကယ်မျိုးစုံ(၉၇)စီးနှင့် မော်တော်ကား(၄)စီး တွေ့ရှိသဖြင့် ရှာဖွေပုံစဲဖြင့် သိမ်းဆည်းခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ကြက်တိုက်လောင်ကစားသူ အမျိုးသား(၅)ဦး၊ လောင်းကြေးငွေနှင့် ယာဉ်များ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ အမရပူရမြို့နယ် မြစ်ငယ်နယ်မြေရဲစခန်းတွင် လောင်းကစားဥပဒေ ပုဒ်မဖြင့် အရေးယူရန် စစ်ဆေးလျက်ရှိသည်ဟု ဆိုသည်။

ကြက်ဝိုင်းဝင်ဖမ်းရာမှ ဖမ်းဆီးရမိသည့် ယာဉ်များ/ Photo – ..

#Mandalay_Indepth_News

#Mandalay_News #ကြက်တိုက်လောင်းကစား #ကြက်ဝိုင်းဖမ်းမိ

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်