မြစ်သားမြို့နယ်တွင် ဖြူကောင်တွင်း မီးခိုး မှိုင်းတိုက်ရာမှ သားအဖနှစ်ဦး သေဆုံး

ဘုံကမ္ဘာထွန်း၊ မတ်- ၁၈

ဖြူကောင်တွင်း မီးခိုး မှိုင်းတိုက်သည့် သားအဖနှစ်ဦး နှာခေါင်းပေါက်တွင် မီးခိုမှုံဟု ယူဆရသည့် အမဲရောင် အမှုန့်များ ကပ်ငြိကာ သေဆုံးခဲ့မှု မတ်လ(၁၆)ရက် ညနေပိုင်းက မြစ်သားမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

မြစ်သားမြို့နယ် ဖိုးအင်ကျေးရွာမှ အသက်(၅၅)နှစ်နှင့် အသက်(၂၆)နှစ်အရွယ် သားအဖနှစ်ဦးသည်  ကျေးရွာ၏ အ‌ရှေ့မြောက်ဘက် တစ်မိုင်ခန့်အကွာ တောင်နီမတောင်ခြေရှိ ဖြူကောင်တွင်းအား ဝါးရွက်များ မီးရှုံ့၍ မီးခိုးမှိုင်းတိုက်ကာ ဖြူကောင်ရှာရာမှ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုသို့ အမျိုးသားနှစ်ဦး သေဆုံးကြောင်း သတင်းအရ မြစ်သားမြို့နယ် ရွာခိုင်ကြီး ရဲကင်းစခန်းမှ စခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ သေဆုံးသူများသည် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိဘဲ နှာခေါင်း‌ပေါက်တွင် အမဲရောင်အမှုန့်များကပ်၍ သေဆုံးနေသည်ကို တွေ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူ အသက်(၅၅)နှစ်အရွယ် အမျိုးသား၏ ဇနီးအား မေးမြန်းရာ သားအဖနှစ်ဦးသည် မတ်လ(၁၅)ရက် ညနေပိုင်းက ဖြူကောင်ဝင်သွားသည့် တွင်းအား မီးခိုးမှိုင်းတိုက်၍ နေအိမ်သို့ ပြန်လာခဲ့ကြောင်း၊ ထို့‌နောက် မတ်လ(၁၆)ရက် ညနေပိုင်းတွင် ဖြူကောင်တွင်း ရှိရာ တောထဲသို့ ထပ်မံသွားရောက်ခဲ့ပြီး နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိသဖြင့် ရွာသားများနှင့်အတူ လိုက်လံရှာဖွေခဲ့ရာ မီးခိုးမှိုင်းတိုက်ထားသည့် ဖြူကောင်းတွင်းနှင့် (၄)ပေခန့်အကွာနှင့် (၁၀)ပေခန့်အကွာတွင် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း ဖြေကြားခဲ့သည် ရဲမှတ်တမ်းတွင် ပါရှိသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူ သားအဖနှစ်ဦး၏ ရုပ်အလောင်းအား မိုင်းမောတိုက်နယ်ဆေးရုံသို့ ပို့အပ်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊မဟုတ် ရွာခိုင်ကြီး ရဲကင်းစခန်းတွင် သေမှုသေခင်းဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

#Mandalay_Indepth_news #Mandalay_Crimes_News

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်