လူကုန်ကူးသည့် အသက်(၃၈)နှစ်အရွယ် အမျိုးသမီးတစ်ဦးကို မန္တလေးခရိုင်တရားရုံးက ထောင်ဒဏ်တစ်သက် ချမှတ်

မန္တလေးမြို့နေ အမျိုးသမီးတစ်ဦးကို တရုတ်ပြည်ရှိ စက်ရုံတွင် အလုပ်ရမည်ဟု ပြောဆိုခေါ်ဆောင်ကာ တရုတ်မယားအဖြစ် ရောင်းစားခဲ့ခြင်းဖြစ်

ဘုံကမ္ဘာထွန်း ၊ အောက်တိုဘာ-၉

မြန်မာအမျိုးသမီးနှစ်ဦးကို တရုတ်နိုင်ငံသို့ လူကုန်ကူးခဲ့သော မန္တလေးမြို့နေ အသက်(၃၈)နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ထောင်ဒဏ်တစ်သက် ကျခံစေရန် မန္တလေးခရိုင် တရားရုံးမှ အောက်တိုဘာ(၈)ရက်တွင် ပြစ်ဒဏ်ချမှတ်ခဲ့သည်။

ထောင်ဒဏ်တစ်သက် ချမှတ်ခံရသည့် အမျိုးသမီးသည် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (ဂ)ရပ်ကွက် ၇၂လမ်းနှင့် ၇၃လမ်းကြား၊ ဇော်ဂျီလမ်းနှင့် ကုသိုလ်တော်လမ်းကြားတွင် နေထိုင်သူ မဝင်းလဲ့လဲ့ခိုင်(ခ)မခိုင်ဆိုသူ ဖြစ်သည်။

၎င်းသည် ပြီးခဲ့သည့် ၂၀၁၈ ဧပြီက မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်နေ အသက်(၂၇)နှစ်အရွယ် အမျိုးသမီးတစ်ဦးကို တရုတ်ပြည်ရှိ အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင်ရမည် ဖြစ်ကြောင်း ပြောဆိုစည်းရုံးဆိုကာ ခေါ်ဆောင်ပြီးနောက် တရုတ်ဇနီးမယားအဖြစ် လိမ်လည်ရောင်းစားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် မဝင်းလဲ့လဲ့ခိုင်(ခ)မခိုင်ကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၄/၃၁ ဖြင့် အောက်တိုဘာ(၈)ရက်တွင် မန္တလေးခရိုင်တရားရုံးမှ ထောင်ဒဏ် တစ်သက် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း အမှတ်(၁၁)လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စု (မန္တလေး)မှ ရဲမှူးမျိုးဇင်(တပ်ဖွဲ့စုမှူး)က ပြောသည်။

ထောင်ဒဏ် တစ်သက်တစ်ကျွန်း မဟုတ်ဘဲ တစ်သက်တာ လွတ်ရက်မရှိ ထောင်ဒဏ်တစ်သက် ချမှတ်ခံရခြင်းဖြစ်သည်ဟု ရဲမှူးမျိုးဇင်က ပြောသည်။

“ရတဲ့ပိုက်ဆံက နဲနဲလေးနဲ့ ခုလို ထောင်ဒဏ်တစ်သက် ကျခံရတာဆိုတော့ ဘယ်ကောင်းမလဲ။ အဲ့ဒါက ဘာကြောင့်ဖြစ်လို့လဲဆိုရင် ပြည်သူတွေအနေနဲ့ ဒီပြစ်မှုဟာ ဒီလောက်ထိ ကျခံရနိုင်တယ်ဆိုတာ မသိတဲ့အတွက် အခုလိုဖြစ်တာလို့ ယူဆတယ်”ဟု ၎င်းက ပြောသည်။

ထောင်ဒဏ်တစ်သက် ချမှတ်ခံရသည့် အမျိုးသမီးသည် ၂၀၁၈အတွင်း လူကုန်ကူးမူ နှစ်မူ ကျူးလွန်ခဲ့ပြီး ၂၀၁၈ ဧပြီနှင့် ဇူလိုင်လတွင် မန္တလေးနှင့် အမရပူရမြို့နယ်တို့တွင် နေထိုင်သည့် အမျိုးသမီးနှစ်ဦးကို တရုတ်နိုင်ငံသို့ လူကုန်ကူးခဲ့သည်ဟု ဆိုသည်။

မဝင်းလဲ့လဲ့ခိုင်(ခ)မခိုင်သည် လူကုန်ကူးများ ကျူးလွန်ရာတွင် တစ်ဦးတည်း ကျူးလွန်ခြင်း မဟုတ်ဘဲ လက်ရှိတွင် တရုတ်နိုင်ငံ၌ နေထိုင်သည့် မဖြိုးဝေ ဆိုသူ အမျိုးသမီးနှင့် ပူးပေါင်း ကျူးလွန်ခြင်းဖြစ်ပြီး အဆိုပါ မဖြိုးဝေကိုမူ ဖမ်းဆီးနိုင်ခြင်း မရှိသေး၍ တရားရုံးမှ တရားခံပြေးအဖြစ် သတ်မှတ်ခဲ့သည်ဟု အမှတ်(၁၁)လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စု (မန္တလေး)မှ သတင်းရရှိသည်။

မဝင်းလဲ့လဲ့ခိုင်နှင့် မဖြိုးဝေတို့သည် ၂၀၁၈ ဇူလိုင်လအတွင်းက အမရပူရမြို့နယ်နေ အသက်(၂၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးကိုလည်း တရုတ်ဇနီးမယားအဖြစ် လုပ်ကိုင်ရန် တရုတ်ပြည်သို့ ပို့ဆောင်ခဲ့ဖူးသည်ဟု ဆိုသည်။ ယင်းအမှုအတွက် မဝင်းလဲ့လဲ့ခိုင်မှာ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၄/၃၂ အရ မန္တလေးခရိုင်တရားရုံးက ထောင်ဒဏ် (၁၀)နှစ် ချမှတ်ခံထားရသူလည်း ဖြစ်သည်။ ထောင်ဒဏ်ဆယ်နှစ် ချမှတ်ခံရသည့် အမူကို စစ်ဆေးစဉ် အထက်ပါ ထောင်ဒဏ်တစ်သက် ချမှတ်ခံရသည့်အမူကိုပါ စစ်ဆေးပေါ်ပေါက်ခြင်းဖြစ်သည်ဟု ရဲမှူးမျိုးဇင်က ပြောသည်။

၎င်းတို့နှစ်ဦးသည် ၂၀၁၈ ဧပြီလတွင် လူကုန်ကူးမူ ကျူးလွန်ခဲ့ပြီး မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်တွင် နေထိုင်သည့် အသက်(၂၇)နှစ်အရွယ် အမျိုးသမီးတစ်ဦးကို တရုတ်ပြည်ရှိ အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ရန်အတွက်ဟုဆိုကာ ခေါ်ဆောင်ခဲ့ပြီး တရုတ်ပြည်သို့ လူကုန်ကူးခဲ့သည်။

လူကုန်ကူးခံရသည့် အမျိုးသမီးသည် မိခင်နှင့်စကားများရာမှ အိမ်မှထွက်လာခဲ့ပြီး မဝင်းလဲ့လဲ့ခိုင်နှင့်အတူ တရုတ်ပြည်သို့ လိုက်ပါခဲ့ကြောင်း၊ မန္တလေးမြို့မှတစ်ဆင့် မူဆယ်မြို့သို့ လိုင်းကားဖြင့်သွားကာ ထိုမှတစ်ဆင့် တရုတ်ပြည် ကျယ်ဂေါင်မြို့သို့ရောက်ရှိစဉ် မဖြိုးဝေ၏ နေအိမ်တွင် ခေတ္တတည်းခိုရပြီးနောက် တရုတ်အမျိုးသားတစ်ဦးနှင့် လက်ထပ်ခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

တရုတ်မယားအဖြစ် တနှစ်နီးပါး နေထိုင်ခဲ့ပြီး တရုတ်အမျိုးသား မိသားစုက ၎င်းကို ယွမ်ငွေတစ်သိန်းခန့်ဖြင့် ဝယ်ထားခြင်းဖြစ်သည်ဟု ပြောဆိုကာ ကိုယ်ဝန်ဆောင်ရန် အတင်းအကျပ် စေခိုင်းသဖြင့် နေအိမ်မှ ထွက်ပြေးခဲ့ပြီးနောက် ၂၀၁၉ မတ်လဆန်းတွင် မြန်မာပြည်သို့ ပြန်လည်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

မန္တလေးတိုင်းဒေသကြီးတွင် ဖြစ်ပွားသည့် လူကုန်ကူးမှုများ၌ တရုတ်ဇနီးမယားအဖြစ် ရောင်းစားမှုသည် အများဆုံးဖြစ်ပြီး ထိုသို့ဖြစ်ရခြင်းသည် ပြည်သူများအနေဖြင့် ဥပဒေအကြောင်းများ သိရှိမှုနည်းပါးခြင်း၊ စီးပွားရေးမပြေလည်ခြင်း တို့ကြောင့် ဖြစ်သည်ဟု ရဲမှူးမျိုးဇင်က ပြောသည်။

ယခုနှစ်ပိုင်းအတွင်း မန္တလေးတွင် ဖြစ်ပွားသည့် အချို့သော လူကုန်ကူးမူများမှာ တရုတ်နိုင်ငံတွင် တရုအမျိုးသားနှင့် လက်ထပ်ပြီး ကလေးမွေးပေးရမည်ဖြစ်ကြောင်း ပေါ်တင် ပြောဆိုစည်းရုံးကာ လူကုန်ကူးသည်များကိုပင် တွေ့ရှိရသည်ဟု ၎င်းက ဆိုသည်။

မန္တလေးတိုင်းဒေသကြီးတွင် ယခုနှစ် ဇန်နဝါရီမှ သြဂုတ်လကုန်အထိ လူကုန်ကူးမူ (၁၉)မူ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ရာ (၁၈)မူမှာ အိမ်ထောင်ပြု၊မီးဖွားနိုင်သည့် သက်လတ်ပိုင်းအရွယ် မြန်မာအမျိုးသမီးများကို တရုတ်မယားအဖြစ် ရောင်းစားရန် လူကုန်ကူးမူများဖြစ်ကြောင်း လူကုန်ကူးမူ တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

လူကုန်ကူးသည့် အမျိုးသမီးကို ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့သည့် မန္တလေးခရိုင် တရားရုံး။ ဓါတ်ပုံ - Bhone Nay (Mandalay In-depth News)

၂၀၁၈ အတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လူကုန်ကူးမူများအနက် (၇၀)ရာခိုင်နှုန်းသည် တရုတ်နိုင်ငံ ဦးတည်သည်။ ထို့အပြင် လူကုန်ကူးမူ ဖြစ်စဉ်များမှာ အဓမ္မထိမ်းမြား လက်ထပ်မှု (၇၅)ရာခိုင်နှုန်းကျော်၊ အဓမ္မပြည့်တန်ဆာပြုမှု (၁၃)ရာခိုင်နှုန်းကျော်၊ အဓမ္မ အလုပ်ခိုင်းစေမှု (၈)ရာခိုင်နှုန်းကျော်နှင့် အငှားကိုယ်ဝန်ဆောင်မှု (၂)ရာခိုင်နှုန်းခန့်ရှိကြောင်း စက်တင်ဘာ(၁၃)ရက်က နေပြည်တော်တွင် ကျင်းပသည့် သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောသည်။

လူကုန်ကူးသူကို ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့သည့် မန္တလေးခရိုင် တရားရုံး။ ဓါတ်ပုံ – Bhone Nay (Mandalay In-depth News)

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်