မောင်မင်းမော်၊ နိုင်ဝင်ဘာ-၂
တရုတ်နိုင်ငံက ကူညီထောက်ပံ့သည့် ကျပ်သိန်းတစ်သာင်းကျာ် တန်ဖိုးရှိ နည်းပညာပစ္စည်းများကို အသုံးပြုကာ သိပ္ပံနှင့် နည်းပညာ ပြတိုက်တစ်ခုအဖြစ် မန္တလေးတက္ကသိုလ်တွင် ဖွင့်လှစ်ပြသမည်ဖြစ်ကြောင်း ပြတိုက်ဖြစ်မြောက်ရေး ကော်မတီဝင် ဒေါက်တာ သန်းထိုက်စိုး က ပြောသည်။
ယင်းပြတိုက်အား မန္တလေးတက္ကသိုလ် ရာဇတ်ခန်းမဆောင်၌ နိုဝင်ဘာ(၅)ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကာ ပြတိုက် ဖွင့်လှစ်ပြီးပါက မြန်မာနိုင်တွင် ပထမဆုံးသော ကမ္ဘာ့အဆင့်မီ သိပ္ပံနှင့် နည်းပညာပြတိုက် ဖြစ်လာမည်ဟု ဒေါက်တာသန်းထိုက်စိုးက Mandalay In-depth News သို့ ပြောသည်။

အဆိုပါ သိပ္ပံနှင့် နည်းပညာပြတိုက်သည် တနေရာမှ တနေရာသို့ ရွေ့ပြောင်းနိုင်ပြီး ကျောင်းသားကျောင်းသူများ ပညာသင်ကြားရာတွင် အထောက်အကူဖြစ်စေမည့် သင်ထောက်ကူပစ္စည်းများ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ၊ စက်ရုပ်နည်းပညာနှင့် အာကာသစကြာဝဠာရှိ နေ၊ ကြယ်၊ လတို့ကို ကြည့်နိုင်သည့် သရီးဒီ(3D) နည်းပညာ စသည့် နည်းပညာပစ္စည်း (၇၀) ခန့် ပါဝင်သည်ဟု ဆိုသည်။

အဆိုပါ နည်းပညာ ပစ္စည်းများသည် ကျပ်သိန်းတစ်သောင်းကျော် တန်ဖိုးရှိပြီး တရုတ်နိုင်ငံ China Science and Technology Museum မှ ကူညီထောက်ပံ့ခြင်းဖြစ်ကာ ပြတိုက် ပြင်ဆင်ထိန်းသိမ်း စရိတ်နှင့် အခြားသော ကုန်ကျစရိတ်များအတွက် မန္တလေးတိုင်းဒေသကြီး၊ ကိုယ်ပိုင်ကျောင်းများအသင်းနှင့် မြို့မိမြို့ဖများက လှူဒါန်းခြင်းဖြစ်ကြောင်း အမှတ်(၁၁) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ကြီးလည်း ဖြစ်သူ ဒေါက်တာသန်းထိုက်စိုးက ပြောသည်။
“၂၀၁၇က တရုတ်ပြည်မှာ ကျွန်တော်တို့ ကိုယ်စားလှယ် ငါးယောက် ပြတိုက်ကြီးများ ညီလာခံ တစ်ခုသွားတက်တယ်။ အဲ့ဒီမှာ ကျွန်တော်တို့ဆီမှာ ရွှေ့နိုင်ပြောင်းနိုင်တဲ့ ပြတိုက်လေး ကျွန်တော်တို့ နိုင်ငံမှာ မရှိသေးတော့ လိုချင်တာလေ။ အဲ့တာ ဆွေးနွေးတော့ နိုင်ငံ(၄၄)နိုင်ငံ ရှိတဲ့အထဲက ကျွန်တော်နိုင်ငံက ပထမဆုံးရတာပါ။ တရုတ်ပြည် ဘေကျင်းမြို့တော်မှာ အကြီးဆုံးပဲ။ ကမ္ဘာ့အဆင့်မီလေ။ အဲဒီ ပြတိုက်ကြီးကနေ လှူဒါန်းတာ။ ဒါက ပညာရေးသက်သက်ပါ” ဟု ၎င်းက ပြောသည်။

ရွေ့နိုင်ပြောင်းနိုင်သည့် အဆိုပါ ပြတိုက်ကို ၂၀၁၈ က နေပြည်တော်ရှိ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်းတွင် တစ်နှစ်ကြာ ဖွင့်လှစ်ပြသခဲ့ပြီး ယခုနှစ်တွင် မန္တလေးမြို့သို့ ပြောင်းရွေ့ဖွင့်လှစ်ခြင်း ဖြစ်သည်ဟု ဆိုသည်။ သို့သော် နည်းပညာပစ္စည်းများ ထိခိုက်မည်ကို စိုးရိမ်သဖြင့် အခြားမြို့ကြီးများသို့ ပြေားင်းရွေ့ဖွင့်လှစ်ခြင်း မပြုတော့ဘဲ မန္တလးတေက္ကသိုလ်၌သာ ထားရှိမည်ဖြစ်ကြောင်း ပြတိုက်ဖြစ်မြောက်ရေးကော်မတီ တာဝန်ရှိသူများက ပြောသည်။

၎င်းပြတိုက်ကို အခြေခံနှင့် အဆင့်မြင့်ပညာ ကျောင်းများမှ ကျောင်းသားကျောင်းသူများ အပြင် သာမန်ပြည်သူများလည်း လာရောက်လေ့လာနိုင်သည်ဟု ဆိုသည်။ ထို့အပြင် ပြတိုက်ရှိ အဆင့်မြင့်နည်းပညာ ပစ္စည်းများ ကိုင်တွယ်အသုံးပြုနိုင်ရန် တရုတ်နိုင်ငံ ပညာရှင်များက မြန်မာနိုင်ငံမှ ဝန်ထမ်း(၃၀)ဦးကို သင်တန်းပေးထားပြီး ၎င်းတို့မှတစ်ဆင့် ကျောင်းသားကျောင်းသူများနှင့် ဆရာ၊ဆရာမများကို ဆင့်ပွားသင်တန်းပေးရန် စီစဉ်နေကြောင်း ဒေါက်တာသန်းထိုက်စိုးက ပြောသည်။
.