မန္တလေးတိုင်းရှိ ကေတီဗွီ၊ အနှိပ်ခန်းနှင့် ဗွီဒီယိုရုံများ ပိတ်သိမ်းရန် ညွှန်ကြားပြီး မလိုက်နာပါက အရေးယူမည်

ခေတ္တပိတ်သိမ်းရမည့် စာရင်းတွင် စားသောက်ဆိုင်နှင့် အရက်၊ ဘီယာဆိုင်များ မပါဝင်ဟုဆို

မောင်မင်းမော်၊ မတ်- ၂၀

မန္တလေးတိုင်းအတွင်းရှိ ကေတီဗွီ၊ ဘား၊ အနှိပ်ခန်းနှင့် ဗွီဒီယိုရုံ စသည့်လုပ်ငန်းများကို ခေတ္တပိတ်သိမ်းရန် ညွှန်ကြားထားပြီး လိုက်နာခြင်း ရှိ၊မရှိ စစ်ဆေးကာ မလိုက်နာပါက အရေးယူမည်ဖြစ်ကြောင်း မန္တလေးခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်မွန်လတ်က Mandalay In-depth News အား ပြောသည်။

COVID-19 ရောဂါ ကာကွယ်ရေးအတွက် တိုင်းအတွင်းရှိ ရုပ်ရှင်ရုံ၊ ကာရာအိုကေ(KTV)၊ ကလပ်၊ ဘား၊ စင်တင်‌တေးဂီတ၊ အနှိပ်ခန်း၊ အကြောပြုပြင်ရေး လုပ်ငန်းများနှင့် ဗွီဒီယိုရုံများကို မတ်လ(၁၉)ရက်မှ ဧပြီ(၃၀)ရက်အထိ ပိတ်သိမ်းရန် မတ်လ(၁၉)ရက်စွဲဖြင့် တိုင်းအစိုးရက ညွှန်ကြားစာ‌ ထုတ်ပြန်ထားသည်ဟု  ၎င်းက ပြောသည်။

Photo – WHO

အဆိုပါ ညွှန်ကြားစာအား ယနေ့ မတ်လ(၂၀)ရက်တွင် သက်ဆိုင်ရာများသို့ ဆက်လက်ညွှန်ကြား ပေးပို့မည်ဖြစ်ပြီး လိုက်နာခြင်း ရှိ၊မရှိကိုလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြင့် လိုက်လံစစ်ဆေးကာ မလိုက်နာပါက ဥပဒေအရ အရေးယူမည်ဟု ဦးအောင်မွန်လတ်က ပြောသည်။

“အဓိကတော့ ပြည်သူအားလုံးရဲ့ ကျန်းမာရေးကိစ္စ ဖြစ်နေတော့ တိတိကျကျ လိုက်နာဖို့ကိုပဲ ပန်ကြားချင်တာပေါ့။ ညွှန်ကြားချက်ကို မလိုက်နာဘူး ဆိုရင်တော့ အရေးယူသွားမှာပါ။ သူ့ဥပဒေ ရှိပြီးသားပါ” ဟု  ၎င်းက ဆိုသည်။

ထိုသို့ ခေတ္တပိတ်သိမ်းရန် ညွှန်ကြားထားမှုတွင် အရက်၊ဘီယာဆိုင်နှင့် စားသောက်ဆိုင်များ မပါရှိသေးဘဲ မြန်မာနိုင်ငံ၏ COVID-19 အခြေအနေပေါ် မူတည်ကာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ ပြည်ထောင်စုအစိုးရနှင့် တိုင်းအစိုးရတို့၏ ညွှန်ကြားချက်အတိုင်း ဆက်လက်ဆောင်ရွက်မည်ဟု ဦးအောင်မွန်လတ်က ရှင်းပြသည်။

Photo – WHO

မန္တလေးတိုင်းအတွင်းရှိ စင်တင်၊ ကေတီဗွီ၊ နိုက်ကလပ်နှင့် ဘားများ မတ်လ(၁၉)ရက်မှ စတင်ကာ ပိတ်သိမ်းထားရန် ညွှန်ကြားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က မတ်လ(၁၉)ရက် ကတည်းက ပြောကြားထားသည်။

မြန်မာနိုင်ငံအတွင်း Covid-19 ရောဂါ ကူးစက်ဖြစ်ပွားသူ တစ်ဦးမျှ မရှိသေးသော်လည်း အဆိုပါ ရောဂါသည် လူစုလူဝေး များပြားသည့် နေရာများတွင် လျင်မြန်စွာ ကူးစက်နိုင်သည့်အတွက် သြင်္ကန်ပွဲတော် မဏ္ဍပ်ဆောက်လုပ်ခြင်းများ အပါအဝင် မြန်မာနိုင်ငံအတွင်း ပွဲလမ်းသဘင် အခမ်းအနားများ ဧပြီလကုန်အထိ ကျင်းပခွင့်ပြုမည် မဟုတ်ကြောင်း နိုင်ငံတော်သမ္မတရုံးက မတ်လ(၁၃)ရက်တွင် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် မတ်လ ၁၉ရက်အထိ COVID-19‌ စောင့်ကြည့်လူနာ (၁၇၃)ဦးနှင့် သံသယလူနာ(၂)ဦး စုစုပေါင်း(၁၇၅)ဦး ရှိခဲ့ပြီး စောင့်ကြည့်စစ်ဆေး နေစဉ်ကာလအတွင်း လူနာ(၈)ဦး သေဆုံးခဲ့သည်။ ၎င်းသေဆုံးသူများထဲတွင် မန္တလေးမြို့ ကန်တော်နဒီဆေးရုံ၌  သီးခြားထားရှိ ကုသနေသည့် အမျိုးသမီး(၂)ဦးလည်း ပါဝင်သည်။ သို့သော် အဆိုပါ သေဆုံးသူ(၈)ဦးသည် ဓာတ်ခွဲစစ်ဆေးချက်အရ COVID-19‌ ရောဂါကြောင့် သေဆုံးခြင်း မဟုတ်ဘဲ အခြားရောဂါများကြောင့် သေဆုံးခြင်းဖြစ်‌ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုန်ပြန်ထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းက တရုတ်နိုင်ငံ ဝူဟန်မြို့တွင် စတင်ဖြစ်ပွားခဲ့သည့် COVID-19 ရောဂါသည် လက်ရှိတွင် ကမ္ဘာနိုင်ငံ(၁၆၀)ကျော်သို့ ကူးစက်ပျံ့နှံ့ဖြစ်ပွားလျှက် ရှိပြီး ကမ္ဘာ တဝှမ်း Covid-19 ရောဂါ ကူးစက်ခံရသူ နှစ်သိန်းကျော်နှင့် သေဆုံးသူ တစ်သောင်းကျော် အထိ ရှိနေသည်။

Photo – WHO

မြန်မာနိုင်ငံတွင်း Covid-19 ရောဂါပိုး ကူးစက်ခံရကြောင်း အတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း ပြည်သူလူထုအနေဖြင့် ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး အသိပညာပေးချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။

Photo – WHO

#Mandalay_Indepth_News

.

One thought on "မန္တလေးတိုင်းရှိ ကေတီဗွီ၊ အနှိပ်ခန်းနှင့် ဗွီဒီယိုရုံများ ပိတ်သိမ်းရန် ညွှန်ကြားပြီး မလိုက်နာပါက အရေးယူမည်"

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်