တံတားဦးလေဆိပ်၌ ဖမ်းမိသည့် မူးယစ်ဆေး သယ်ဆောင်လာသူ တရုတ်နိုင်ငံသားကို လ.ဝ.ကဥပဒေဖြင့် ထပ်မံအမှုဖွင့်

သူရိန်မင်း၊ မတ်-၂၂

မန္တလေးမြို့ တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စိတ်ကြွမူးယစ်ဆေးပြား သုံးသောင်းခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့သည့် တရုတ်နိုင်ငံသား တစ်ဦးကို လူဝင်မှုကြီးကြပ်ရေး ဥပဒေဖြင့်ပါ ထပ်မံအမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

တရုတ်နိုင်ငံ ကွမ်တုန်ပြည်နယ်၊ ရှင်းကျိန်မြို့နေ အသက်(၃၀)အရွယ် Mr.Yuan Cheng Cheng ဆိုသူ တရုတ်နိုင်ငံသားတစ်ဦးကို လွန်ခဲ့သည့် ဇန်နဝါရီ(၄)ရက်က တံတားဦးလေဆိပ်တွင်  WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား (၂၉၈၀၀)ပြား၊ အလေးချိန် ၂ ဒဿမ ၆၈၂ ကီလိုဂရမ်ခန့် (ဒေသပေါက်ဈေး တစ်ပြားလျင် ၅၀၀၀ ကျပ်နှုန်းဖြင့် ကျပ်သိန်း ၁၄၉၀)ခန့်အတူ ဖမ်းဆီးရမိခဲ့သည်။

လွန်ခဲ့သည့် ဇန်နဝါရီ(၄)ရက် ည‌နေပိုင်းက တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ပြည်ပထွက်ခွာဆောင် X-Ray ရှာဖွေရေးစက်၌ ရဲတပ်ဖွဲ့နှင့် လေဆိပ်လုပ်ပိုင်ခွင့်ရ MJAS ကုမ္ပဏီ တာဝန်ရှိသူအချို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘန်ကောက်အဲဝေး လေကြောင်းလိုင်းဖြင့် တံတားဦးလေဆိပ်မှ ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်သို့ ထွက်ခွာမည့် ခရီးသည်များအား စစ်ဆေးရှာဖွေခဲ့ရာ အထက်ပါ တရုတ်နိုင်ငံသား၏ ခရီးဆောင်အိတ်အတွင်းမှ WY စာတန်းပါ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းမိသည့် တရုတ်နိုင်ငံသား/ Photo – မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ FB.
စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းမိသည့် တရုတ်နိုင်ငံသား/ Photo – မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ FB.

အဆိုပါ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံသား Mr.Yuan Cheng Cheng (၃၀)နှစ်ကို တံတားဦးလေဆိပ် နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်ခဲ့သည်။

ထို့နောက် ယခု မတ်လ(၂၀)ရက်တွင် အဆိုပါ တရုတ်နိုင်ငံသားသည် မြန်မာနိုင်ငံအတွင်း ဝင်ရောက်စဉ် လိုက်နာရမည့် ဗီဇာစည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ခြင်း မရှိဘဲ တည်ဆဲဥပဒေများကို ဖောက်ဖျက် ကျူးလွန်သည်ဟုဆိုကာ ၎င်းအား ဥပဒေအရ အရေးယူပေးပါရန်  မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ် လ.ဝ.ကမှူးမှ တိုင်တန်းသဖြင့် လေဆိပ်နယ်မြေရဲစခန်းတွင် လ.ဝ.ကအက် ဥပဒေပုဒ်မ ၁၃(၁)အရ အမှုဖွင့် အရေးယူခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းမိသည့် တရုတ်နိုင်ငံသား/ Photo – မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ FB.

#Mandalay_Indepth_News

#Mandalay_News #Chinese #တံတားဦးလေဆိပ်

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်