မန္တလေးတိုင်းတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုရန် ပျက်ကွက်သူ (၆၀၀၀)ကျော် ရှိ

မောင်မင်းမော်၊ မတ်- ၁၈

မန္တလေးတိုင်းဒေသကြီးတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုရန် ပျက်ကွက်သည့် ကျောင်းသား၊ကျောင်းသူ ဦးရေ (၆၀၀၀)ကျော် ရှိကြောင်း တိုင်းပညာရေးမှူးရုံးမှ သတင်းရရှိသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲများကို မတ်လ(၁၁)ရက်တွင် စတင်ဖြေဆိုခဲ့ပြီး ယနေ့ မတ်လ(၁၈)ရက် ဘာသာရပ်(၆)ခု ဖြေဆိုပြီးချိန်အထိ မန္တလေးတိုင်းအတွင်း စာမေးပွဲလာရောက်ဖြေဆိုခြင်း မရှိဘဲ ပျက်ကွက်သူ (၆၂၈၂)ဦး ရှိသည်ဟု ဆိုသည်။

ယနေ့ မတ်လ(၁၈)ရက်တွင် ဘောဂဗေဒ ဘာသာတွဲ ဖြေဆိုရန် ပျက်ကွက်သူ (၄၅၆၆)ဦးနှင့် ဇီဝဗေဒ ဘာသာတွဲ ဖြေဆိုရန် ပျက်ကွက်သူ (၁၇၁၆)ဦး ရှိခဲ့သည်ဟု ပညာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲ မြန်မာဘာသာ စတင်ဖြေဆိုသည့် မတ်လ(၁၁)ရက်က မန္တလေးတိုင်းအတွင်း စာမေးပွဲ ဖြေဆိုရန် ပျက်ကွက်သည့် ကျောင်းသားကျောင်းသူ (၆၀၀၄)ဦးသာ ရှိခဲ့ရာမှ ခြောက်ရက်မြောက် ဖြေဆိုအပြီးတွင် ပျက်ကွက်သူ (၆၂၈၂)ဦးအထိ ရှိလာသည်။ အဆိုပါ ပျက်ကွက်သူများတွင် ကျောင်းသားဦးရေမှာ (၃၈၀၀)ကျော်အထိ ရှိခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရန် လျှောက်ထားသူ (၁၃၃၄၁၅)ဦး ရှိခဲ့ပြီး စာစစ်ဌာန(၂၂၀)ခု ဖွင့်လှစ်ခဲ့သည်။

မန္တလေး တွင် တက္ကသိုလ် ဝင်တန်း စာမေးပွဲ ဖြေဆိုအပြီး ဆရာမအား ကန်တော့နေသည့် ကျောင်းသူလေးများ / Photo Mg Min Maw

၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲများကို အချို့သော ဘာသာရပ်များက မတ်လ(၂၀)ရက်အထိ ဆက်လက်ဖြေဆိုရမည် ဖြစ်သည်။

ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုမှုတွင် တိုင်းနှင့် ပြည်နယ်(၁၄)ခု၊ နေပြည်တော်ကောင်စီနယ်မြေနှင့် နိုင်ငံခြားစာစစ်ဌာန စသည့် တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် စာမေးပွဲဖြေဆိုရန် ပျက်ကွက်မှု အများဆုံးမှာ ချင်းပြည်နယ်ဖြစ်ပြီး စာမေးပွဲဖြေဆိုရန် လျှောက်ထားသူ၏ (၉၀)ရာခိုင်နှုန်းဝန်းကျင်သာ လာရောက်ဖြေဆိုခဲ့သည်ဟု ပညာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

မန္တလေးမြို့ပေါ်ရှိ ကျောင်းတစ်ကျောင်းတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုနေသည့် ကျောင်းသားကျောင်းသူများ/ Photo – Mg Min Maw

#Mandalay_Indepth_News #Mandalay_News #တက္ကသိုလ်ဝင်တန်းစာမေးပွဲ

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်