ဘုံကမ္ဘာထွန်း ၊ ဇန်နဝါရီ-၂၇
မန္တလေးမြို့ပေါ်ရှိ လူသွားလူလာများသည့် လမ်းမများပေါ်တွင် ညအချိန် ဆိုင်ကယ်စီး သွားလာနေသူများကို အုပ်စုဖွဲ့ ဝိုင်းဝန်းရိုက်နှက်ကာ ဆိုင်ကယ်လုယူမှု ယခုတစ်ပတ်အတွင်း နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။
မန္တလေးမြို့၏ အဓိကလမ်းမကြီးများဖြစ်သည့် လမ်း ၃၀နှင့် ၃၅လမ်း ပေါ်တွင် ညအချိန် ဆိုင်ကယ်စီး သွားလာသူများကို ရိုက်နှက်ကာ ဆိုင်ကယ်လုယက်မှု ဇန်နဝါရီ(၁၉)ရက်နှင့် ဇန်နဝါရီ(၂၄)ရက်တို့တွင် နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။ အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၉၄ (လုယက်မှု ကျူးလွန်ရာတွင် နာကျင်စေမှု)ဖြင့် အမှုဖွင့်ထားကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။
ချမ်းအေးသာစံမြို့နယ် ဌာနဆိုင်ရာ ရုံးပေါင်းစုံတည်ရှိရာ ၆၈လမ်းနှင့် လမ်း၇၀ကြား၊ လမ်း၃၀ပေါ်တွင် ဇန်နဝါရီ(၁၉)ရက် နံနက်(၁)နာရီဝန်းကျင်က အမျိုးသားနှစ်ဦး ဆိုင်ကယ်စီး သွားလာနေစဉ် လူငယ်(၄)ဦးစီးလာသော ဆိုင်ကယ်တစ်စီး နောက်မှကပ်လိုက်လာပြီး ခါးပတ်ဖြင့် ဝိုင်းဝန်းရိုက်နှက်ကာ ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့သည်။
အလားတူ ဇန်နဝါရီ(၂၄)ရက် နံနက်ပိုင်းကလည်း ချမ်းအေးသာစံမြို့နယ် ၆၂လမ်းနှင့်၆၃လမ်းကြား၊ ၃၅လမ်းပေါ်တွင် အမျိုးသားနှစ်ဦး ဆိုင်ကယ်စီး သွားလာနေချိန် ဆိုင်ကယ်နှစ်စီးဖြင့် အမျိုးသားလေးဦးက လက်သီး၊သံတုတ် ၊ကျောက်လှည့်များဖြင့် ဝိုင်းဝန်းထိုးကြိတ် ရိုက်နှက်ကာ ဆိုင်ကယ်လုယူမှု ဖြစ်ပွားခဲ့ သည်။
အဆိုပါ ရိုက်နှက်လုယက်မှုများနှင့် ပတ်သက်၍ ဇန်နဝါရီ(၁၉)ရက်က ဖြစ်ပွားခဲ့သည့် ဆိုင်ကယ်လုယက်သူများကို ညတွင်းချင်း ဖမ်းဆီးနိုင်ခဲ့သော်လည်း ဇန်နဝါရီ(၂၄)ရက် ရိုက်နှက်လုယက်မှုနှင့် ပတ်သက်၍မှု ကျူးလွန်သူများကို ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ဇန်နဝါရီ(၁၉)ရက်က ဌာနဆိုင်ရာ ရုံးပေါင်းစုံရှေ့ လမ်း(၃၀)ပေါ်တွင် ဖြစ်ပွားခဲ့သည့် ရိုက်နှက်လုယက်မှုတွင် ကျူးလွန်သူများမှာ မန္တလေးမြို့ပေါ် ရပ်ကွက်များတွင် နေထိုင်သည့် အသက်(၂၅)နှစ်ဝန်းကျင် အရွယ် အမျိုးသားများ ဖြစ်သည်ဟု ဆိုသည်။
မန္တလေးမြို့ပေါ်၌ ညအချိန် လူသွားလူလာနည်းပြီး အမှောင်ကျသည့် လမ်းမများတွင် ဆိုင်ကယ်စီးနင်းသူများ၊ ချိန်းတွေ့နေသည့် သမီးရည်းစားအတွဲများကို ရိုက်နှက်လူယူမှု၊ ခြိမ်းခြောက်လုယက်များ မကြာခနဖြစ်ပွားခဲ့ပြီး ယခုအခါ လူသွားလူလာများသည့် လမ်းမများတွင်ပါ ညအချိန် ရိုက်နှက်လုယက်မှုများ ဖြစ်ပွားလာခြင်း ဖြစ်သည်။

မန္တလေးတိုင်း ရဲတပ်ဖွဲ့အနေဖြင့် တရားဥပဒေ စိုးမိုးရေးနှင့် မှုခင်းဖြစ်စဉ်များ လျော့နည်းကျဆင်းစေရေးအတွက် အသွင်ယူဖမ်းဆီးခြင်း၊ လှည့်ကင်းဆောင်ရွက်ခြင်း၊ ဒုစရိုက်မှုများ ဖော်ထုတ်ဖမ်းဆီးခြင်း၊ လူဆိုးများ၊ ပြစ်ချက်ဟောင်းရှိသူများနှင့် မသင်္ကာသူများကို စောင့်ကြည့်ခြင်း၊ ဖမ်းဆီးခြင်း၊ ပြေး(၄)ပြေး တိုးမြင့်ဖမ်းဆီးခြင်းနှင့် နယ်မြေစိုးမိုးရေး စီမံချက်များ ချမှတ်လုပ်ဆောင်ခြင်းများ ဆောင်ရွက်လျှက် ရှိသည်ဟုဆိုသည်။
ပြီးခဲ့သည့် ၂၀၁၉ တွင် မန္တလေးတိုင်းဒေသကြီးအတွင်း လုယက်မှု (၁၇)မှု ဖြစ်ပွားခဲ့ပြီး (၉)မှုကို တရားစွဲဆို တင်ပို့နိုင်ခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ဌာနဆိုင်ရာ ရုံးပေါင်းစုံရှေ့ လမ်း(၃၀)ပေါ်တွင် ညအချိန် ဆိုင်ကယ်စီးလာသူနှစ်ဦးကို ဝိုင်းဝန်းရိုက်နှက်ကာ ဆိုင်ကယ်လုယက်သူများ/ Photo – ရဲတပ်ဖွဲ့။