အမ်တီ၊ နိုဝင်ဘာ-၁၁
မန္တလေးမြို့ အမရပူရမြို့နယ် နန်းတော်ရာ စံပြကွက်သစ်ရပ်ကွက် ဘုံကထိန်ပွဲတွင် ကပြဖျော်ဖြေရန် စွမ်းသဘင် ဇာတ်အဖွဲ့ကို တစ်ညလျှင် ကျပ်(၅၅)သိန်းဖြင့် ငှားရမ်းခဲ့ရာ ခေါင်းဆောင်မင်းသား စွမ်းဇာနည် လာရောက်ခြင်း မရှိ၍ ပွဲပျက်ခဲ့ကြောင်း ပွဲတော် ဖြစ်မြောက်ရေးကော်မတီ တာဝန်ရှိသူများက ပြောသည်။
အမရပူရမြို့ နန်းတော်ရာရပ်ကွက် ဓမ္မာရုံဝန်းအတွင်း နန်းတော်ရာ လူမှုကူညီရေးအသင်းမှ ကြီးမှူးကျင်းပသည့် (၅၁)ကြိမ်မြောက် သံဃာ့ဒါန ဆွမ်းလောင်းပွဲနှင့် စုပေါင်း မဟာဘုံကထိန်ပွဲတော်တွင် ကပြဖျော်ဖြေရန်အတွက် စွမ်းသဘင် ဇာတ်အဖွဲ့အား တစ်ညလျှင် ကျပ်(၅၅)သိန်းဖြင့် နိုဝင်ဘာ(၈)ရက်ညမှ စတင်ကာ (၃)ည ကပြရန် စာချုချုပ်ဆို ငှားရမ်းခဲ့ကာ စရံငွေ ကျပ်သိန်း(၅၀)ပေးချေခဲ့သည်ဟု ဆိုသည်။
သို့သော် ဇာတ်ပွဲကပြရမည့် အချိန်တွင် ဇာတ်သဘင်အဖွဲ့သားများ လာရောက်ခဲ့သော်လည်း ကျန်းမာရေးမကောင်းဟု ဆိုကာ မင်းသား စွမ်းဇာနည် လာရောက်ခြင်း မရှိသဖြင့် ပွဲပျက်ခဲ့ကြောင်း ပွဲတော်ဖြစ်မြောက်ရေး ကော်မတီ တာဝန်ရှိသူများက ပြောသည်။

ဇာတ်မင်းသား လာရောက်ခြင်း မရှိသဖြင့် နိုဝင်ဘာ(၉)ရက်တွင် ဇာတ်သဘင်အဖွဲ့သားများကို ကားတစ်စီးဖြင့် ပြန်လွှတ်လိုက်ကာ ဇာတ်ပွဲကပြနိုင်ခြင်း မရှိသဖြင့် ကျပ်သိန်း(၅၀၀) နစ်နာကြေးပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း ပွဲကော်မတီက ဆိုသည်။
“ကျွန်တော်တို့ဖက်က စည်းကမ်းဖောက်ဖျက်တာ မဟုတ်ဘူး၊ ဇာတ်ငှားစဉ်အခါက ချုပ်ဆိုခဲ့တဲ့ စည်းကမ်းချက်အတိုင်း လုပ်ဆောင်ရခြင်း ဖြစ်တယ်” ဟု ပွဲဖြစ်မြောက်ရေးကော်မတီ တာဝန်ရှိသူ ကိုသန်းထိုက်က ပြောသည်။

ဇာတ်သဘင်အဖွဲ့သားများကို ပြန်လွှတ်လိုက်သော်လည်း ဇာတ်အဖွဲ့ပိုင် ကား(၅)စီးနှင့် စက်ပစ္စည်းများ၊ ဇာတ်သဘင်အဖွဲ့ တာဝန်ခံအမျိုးသားနှင့် ဇာတ်မင်းသား၏ အဒေါ်ဖြစ်သူတို့ ကျန်ရှိခဲ့သည်ဟု ဆိုသည်။
ထို့နောက် နိုဝင်ဘာ(၁၀)ရက် ညနေပိုင်းတွင် ပွဲကျင်းပရေးကော်မတီ တာဝန်ရှိသူများနှင့် ဇာတ်သဘင်အဖွဲ့ တာဝန်ရှိသူများသည် မြန်မာနိုင်ငံ သဘင်အစည်းအရုံး မြို့နယ်အဆင့် တာဝန်ရှိသူများ ရှေ့တွင် တွေ့ဆုံညှိနှိုင်းခဲ့ပြီး ပွဲကျင်းပရေးကော်မတီက တောင်းဆိုသည့် နစ်နာကြေးငွေ ကျပ်သိန်း(၅၀၀)ကို (၁၄)ရက်အတွင်း ပေးအပ်ရန် နှစ်ဖက်သဘောတူ စာချုပ်ချုပ်ဆိုခဲ့သည်ဟု ပွဲကျင်းပရေးကော်မတီ တာဝန်ရှိသူ ကိုသန်းထိုက်က Mandalay In-depth News သို့ ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ စွမ်းသဘင် ဇာတ်အဖွဲ့မန်နေဂျာထံ ဆက်သွယ်မေးမြန်းခဲ့ရာ နှစ်ဖက်ညှိနှိုင်းပြေလည်မှု ရရှိပြီဖြစ်ကြောင်း ပြောသည်။
“ပြေလည်သွားပါပြီ။ နှစ်ဖက် ညှိညှိနှိုင်းနှိုင်းပေါ့။ ပစ္စည်းတွေကတော့ အဲ့မှာပဲ ကျန်ခဲ့သေးတယ်။ မင်းသားကလည်း ကျန်းမာရေး မကောင်းသေးဘူး”ဟု စွမ်းသဘင် ဇာတ်အဖွဲ့ မန်နေဂျာ ဦးလှိုင်ဝင်းက Mandalay In-depth news သို့ ပြောသည်။

အမရပူရမြို့ နန်းတော်ရာရပ်ကွက် ဘုံကထိန်ပွဲတွင် နိုဝင်ဘာ(၈)ရက်ညမှ စတင်ကာ ကပြဖျော်ဖြေရန် စီစဉ်ထားသည့် မူလပွဲအစီအစဉ် ပျက်ခဲ့သည့်အတွက် အစားထိုးအနေဖြင့် နိုဝင်ဘာ(၁၃)ရက်နှင့် (၁၄)ရက် (တန်းဆောင်မုန်း လပြည့်ကျော် ၂ရက်နှင့် ၃ရက်) ညများတွင် ဟန်ဇာမိုးဝင်း ဇာတ်အဖွဲ့ဖြင့် ရုံးဝင်ကြေး အခမဲ့ ဖျော်ဖြေတင်ဆက်မည် ဖြစ်ကြောင်း ပွဲကော်မတီ တာဝန်ရှိသူများက ဆိုသည်။
ဇာတ်ပွဲရုံနှင့် ဇာတ်ပွဲကမည့် ဓမ္မာရုံဝင်းအတွင်း ကျန်ရစ်သည့် စွမ်းသဘင် ကားများ။ Photo – MT (Mandalay In-depth News)