စဉ့်ကူးတွင် ကြက်ဝိုင်းမိပြန်၊ လူ(၈)ဦး၊ လောင်းကြေးငွေ ကျပ်(၂၇)သိန်းကျော်နှင့် ဆိုင်ကယ်အစီး(၃၀)ကျော် ဖမ်းမိ

တေဇ၊ မတ်-၁၉

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် စဉ့်ကူးမြို့နယ်တွင် ကြက်တိုက်လောင်းကစား ပြုလုပ်နေသူများကို မတ်လ(၁၈)ရက်တွင် ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ရာ အမျိုးသား (၈)ဦး၊ လောင်းကြေးငွေ ကျပ်(၂၇)သိန်းကျော်နှင့် ဆိုင်ကယ်(၃၃)စီး ဖမ်းဆီးရမိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

စဉ့်ကူးမြို့နယ်၊ ထုံးကြီးကျေးရွာရှိ အသက်(၅၀)အရွယ် အမျိုးသားတစ်ဦး၏ နေအိမ်ခြံဝန်းအတွင်း ကြက်တိုက်လောင်းကစားဝိုင်း ပြုလုပ်နေကြောင်း သတင်းအရ မတ်လ (၁၈)ရက် နေ့လည်ပိုင်းက မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များနှင့် ထုံးကြီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ဝင်ရောက်ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

ထိုသို့ ဝင်ရောက်ဖမ်းဆီးရာ နေအိမ်ရှေ့ရှိ မြေကွက်လပ်တွင် ကြက်တိုက်လောင်းကစား ပြုလုပ်နေသော ထုံးကြီးကျေးရွာနေ အသက်(၃၀)မှ အသက်(၆၀)ကျော်အရွယ် အမျိုးသား (၄)ဦး၊ စဉ့်ကူးမြို့နယ်နေ အသက်(၄၀)ကျော်အရွယ် အမျိုးသား (၂)ဦး၊ မတ္တရာမြို့နယ်နှင့် ဝက်လက်မြို့နယ်နေ အသက်(၄၀)ဝန်းကျင်အရွယ် အမျိုးသား(၂)ဦး၊ စုစုပေါင်း အမျိုးသား(၈)ဦးကို  ကြက်တိုက်လောင်းကစားရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေကျပ် (၂၇)သိန်းကျော်၊ ဖုန်း(၅)လုံး၊ ဆိုင်ကယ်မျိုးစုံ (၃၃)စီးတို့နှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်ဟု မန္တလေးတိုင်းရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ပစ္စည်းများ တွေ့ရှိသိမ်းဆည်းရမိသဖြင့် အထက်ပါ အမျိုးသား(၈)ဦးကို စဉ့်ကူးမြို့နယ်  ထုံးကြီးနယ်မြေ ရဲစခန်းတွင်  လောင်းကစားဥပဒေ ပုဒ်မ ၁၆(က)/၁၇(က)ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

စဉ့်ကူးမြို့နယ် ထုံးကြီးကျေးရွာ ကြက်တိုက်လောင်းကစားဝိုင်း ဖမ်းဆီးရမိမှု/ Photo – Mandalay Police
စဉ့်ကူးမြို့နယ် ထုံးကြီးကျေးရွာ ကြက်တိုက်လောင်းကစားဝိုင်း ဖမ်းဆီးရမိမှု/ Photo – Mandalay Police

ပြီးခဲ့သည့် မတ်(၁၆)ရက်ကလည်း မန္တလေးမြို့ အမရပူရမြို့နယ် ဒေါင်းရွေးကျေးရွာရှိ သရက်ခြံအတွင်း ကြက်တိုက်လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ရာ ကြက်တိုက်လောင်းကစား ပြုလုပ်နေသည့် အမျိုးသား(၅)ဦး ဖမ်းမိခဲ့ပြီး ၎င်းတို့နှင့်အတူ လောင်းကြေးငွေ ကျပ်(၁၃)သိန်းကျော်၊ ကား(၅)စီး၊ ဆိုင်ကယ်အစီး(၁၀၀) နှင့် လောင်းကစားရာတွင် အသုံးပြုသည့် ပစ္စည်းများ ဖမ်းဆီးရမိခဲ့သဖြင့် မြစ်ငယ်နယ်မြေရဲစခန်းတွင် အမှုဖွင့်ခဲ့ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

စဉ့်ကူးမြို့နယ် ထုံးကြီးကျေးရွာ ကြက်တိုက်လောင်းကစားဝိုင်း ဖမ်းဆီးရမိမှု/ Photo – Mandalay Police

စဉ့်ကူးမြို့နယ် ထုံးကြီးကျေးရွာ ကြက်တိုက်လောင်းကစားဝိုင်း ဖမ်းဆီးရမိမှု/ Photo – Mandalay Police

#Mandalay_Indepth_News

#Mandalay_Crimes_News

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်