Mandalay In-depth News၊ မတ်-၂၁
Covid-19 အပါအဝင် ကပ်ရောဂါများမှ ကင်းဝေးစေရန် ပုဂံညောင်ဦးမြို့တွင် သံဃာတော်များက မိုးပျံဘောလုံးများဖြင့် လိုက်ပါကာ အန္တရာယ်ကင်း ပရိတ်ရွတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
မတ်လ(၂၂)ရက် နံနက်တွင် မြို့နယ်သံဃာ့နာယက ဆရာတော်များအပါအဝင် သံဃာတော်အပါး(၄၀)က မိုးပျံဘောလုံး သုံးလုံးဖြင့် ပုဂံမြို့ပေါ် လှည့်လည်ကာ အန္တရာယ်ကင်းပရိတ်ရွတ် ပူဇော်မည်ဖြစ်ကြောင်း အန္တရာယ်ကင်းပရိတ်ရွတ်ရန် စီစဉ်နေသူများက Mandalay In-depth News အား ပြောသည်။
“ဘောလုံး တစ်လုံးကို သံဃာတော်(၁၄)ပါး လိုက်ပါမယ်။ ဘောလုံး သုံးလုံးနဲ့ မနက် နေမထွက်ခင် တက်ပြီး ပရိတ်ရွတ်မှာပါ။ အဓိကတော့ Covid-19 ရောဂါ အန္တရာယ်က ကင်းဝေးစေဖို့အတွက်ပါ။ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ သံဃာ့နာယကအဖွဲ့တွေ ပူးပေါင်း စီစဉ်တာ ဖြစ်ပါတယ်”ဟု ယင်းအစီအစဉ်နှင့် ပတ်သက်၍ ပူးပေါင်းလုပ်ဆောင်နေသည့် မိုးပျံဘောလုံးကုမ္မဏီ တာဝန်ရှိသူတစ်ဦးက ပြောသည်။
Balloons Over Bagan (BOB)၊ Shin Than Thu (STT Ballooning)နှင့် Oriental Ballooning ကုမ္မဏီတို့မှ ဘောလုံးတစ်လုံးစီဖြင့် သံဃာတော်များအား ပင့်ဆောင်ကာ ပုဂံမြို့ပေါ် ပျံသန်း၍ ပရိတ်ရွတ် ပူဇော်မည်ဖြစ်သည်ဟု ဆိုသည်။
“အဓိကတော့ Covid-19 ရောဂါ ကာကွယ်ရေးအတွက် တတ်နိုင်သမျှ ပါဝင်လုပ်ဆောင်တာ ဖြစ်ပါတယ်”ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။
မတ်လ(၂၁)နံနက် နေမထွက်မီ ရွှေစည်းခုံဘုရား တောင်ဘက်မုခ်အနီး သင်္ခါရလမ်းဆုံမှ စတင်ပျံတက်မည်ဖြစ်ပြီး လေစီးကြောင်းအတိုင်း ပုဂံမြို့ပေါ် ပျံသန်းမည်ဟု ဆိုသည်။

မန္တလေးတိုင်းဒေသကြီး ပုဂံဒေသတွင် မိုးပျံဘောလုံး ပျံသန်းသည့် ကုမ္မဏီ (၄)ခုရှိပြီး လက်ရှိတွင် Covid-19 ဂယက်ကြောင့် နိုင်ငံခြားသား ခရီးသွား ဝင်ရောက်မှု လျှော့နည်းကျဆင်းလျှက်ရှိရာ အချို့သော မိုးပျံဘောလုံး ကုမ္မဏီများ ပျံသန်းမှု ယာယီရပ်နားထားရသည်ဟု ကုမ္မဏီ တာဝန်ရှိသူများက ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းက တရုတ်နိုင်ငံ ဝူဟန်မြို့တွင် စတင်ဖြစ်ပွားခဲ့သည့် Covid-19 ရောဂါသည် လက်ရှိတွင် ကမ္ဘာ့နိုင်ငံ (၁၇၀)ကျော်သို့ ကူးစက်ပျံ့နှံ့ဖြစ်ပွားလျှက် ရှိပြီး ကမ္ဘာတဝှမ်း ယင်းရောဂါ ကူးစက်ခံရသူ နှစ်သိန်းကျော်နှင့် သေဆုံးသူ တစ်သောင်းကျော်အထိ ရှိနေသည်။
မြန်မာနိုင်ငံတွင်မူ လက်ရှိအချိန်ထိ Covid-19 ရောဂါ ကူးစက်ခံရကြောင်း ဓါတ်ခွဲ အတည်ပြုလူနာတစ်ဦးမျှ မရှိသေးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
သို့သော် Covid-19 ရောဂါ ကာကွယ်နိုင်ရေး အစိုးရက သြင်္ကန်ပွဲတော်အပါအဝင် ပွဲလမ်းသဘင်အခမ်းအနား ကျင်းပခွင့်ပိတ်သိမ်းထားသလို နယ်စပ်ဂိတ်များနှင့် ဆိုက်ရောက်ဗီဇာ၊ အီလက်ထေရောနစ် ဗီဇာဖြင့် နိုင်ငံခြားသား ခရီးသွား ဝင်ရောက်မှုများ ပိတ်ပင်ထားသည်။ ထို့အပြင် တရုတ်၊ အမေရိကန်၊ အီတလီအပါအဝင် Covid-19 ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်း များပြားသည့် ကမ္ဘာ့နိုင်ငံ (၁၆)နိုင်ငံကိုလည်း ပြည်ဝင်ခွင့် တင်းကြပ်ထားသည်။

ပုဂံဒေသတွင် ပျံသန်းလျှက်ရှိသည့် မိုးပျံဘောလုံးများ/ Photo – BOB,
#Mandalay_Indepth_News
.