အမ်တီ၊ သြဂုတ်-၁၄
မန္တလေးမြို့ အောင်မြေသာစံမြို့နယ် မင်းတဲအီကင်းရပ်တွင် လက်ဖက်ရည်ဆိုင်ထိုင်နေသည့် NLDပါတီ ခရိုင်အလုပ်အမူဆောင် အဖွဲ့ဝင်တစ်ဦးကို လူငယ်ငါးဦးမှ ဓါး၊လက်သီးတို့ဖြင့် ဝိုင်းဝန်းထိုးကြိတ်မူ သြဂုတ်(၁၃)ရက် ညကိုးနာရီကျော်အချိန်က ဖြစ်ပွားခဲ့သည်။
လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ၏ မန္တလေးခရိုင် အလုပ်အမူဆောင်အဖွဲ့ဝင် ဦးမျိုးလွင်သည် မိတ်ဆွေအချို့နှင့်အတူ လက်ဖက်ရည်ဆိုင်ထိုင်နေချိန် ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာသည့် အမည်မသိလူငယ်ငါးဦးမှ ဝိုင်းဝန်းထိုးကြိတ်ရန်ပြုခဲ့ခြင်းဖြစ်သည်ဟု အောင်မြေသာစံမြို့နယ် အမှတ်(၅)ရဲစခန်းမှ သတင်းရရှိသည်။

ဓါးဖြင့်ခုတ်၊ လက်သီးဖြင့် ထိုးခံရမူကြောင့် ဦးမျိုးလွင်တွင် လက်ညှိုးပြတ်ရှဒဏ်ရာ၊ တံတောင်ဆစ်ပြတ်ရှ ဒဏ်ရာများ ရရှိခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ရသော်လည်း မန္တလေးဆေးရုံကြီးတွင် ဆေးဝါးကုသမူ ခံယူနေရသည်။ ကျူးလွန်သူ လူငယ်ငါးဦးကိုမူ ဖမ်းဆီးရမိခြင်းမရှိသေးဘဲ မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အမှတ်(၅)ရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၂၄/၃၂၄/၁၁၄ (တုံးသောလက်နက်ဖြင့် နာကျင်စေမူ၊ ချွန်ထက်သော လက်နက်ဖြင့်နာကျင်စေမူ၊ အားပေးကူညီမူ)တို့ဖြင့် အမူဖွင့်ထားသည်။
ဦးမျိုးလွင်မှာ NLD ပါတီ၏ မန္တလေးခရိုင် အလုပ်အမူဆောင်အဖွဲ့ဝင်တစ်ဦး ဖြစ်ကြောင်း ပါတီတာဝန်ရှိသူများက Mandalay In-depth News သို့ ပြောသည်။ သို့သော် အကြောင်းမဲ့ရန်ပြုတိုက်ခြင်းလား၊ မည်သည့်အတွက် ရန်ပြုခံရသည် ဆိုသည်ကိုမူ မသိရသေးဟု ၎င်းတို့က ဆိုသည်။
သြဂုတ်(၁၃)ရက် ညကိုးနာရီခန့်က အောင်မြေသာစံမြို့နယ် ၈၉လမ်း၊ ၁၇လမ်းနှင့် ၁၈လမ်းကြားရှိ လက်ဖက်ရည်ဆိုင်တွင် NLD ပါတီ ခရိုင်အလုပ်အမူဆောင်အဖွဲ့ဝင် ဦးမျိုးလွင်အပါအဝင် အမျိုးသားသုံးဦး လက်ဖက်ရည်သောက်နေချိန် ဆိုင်ကယ်နှစ်စီးဖြင့် အမည်မသိ လူငယ်ငါးဦး ရောက်ရှိလာကာ “ချချ ခုတ်ခုတ်”ဟု အသံပြု၍ ဝိုင်းဝန်းထိုးခုတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့နောက် ပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီ တောင်းခံချိန်တွင် လူငယ်ငါးဦးမှာ ဆိုင်ကယ်များဖြင့် ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူများကို ဖမ်းဆီးနိုင်ရန် ဆောင်ရွက်နေကြောင်း ရဲစခန်း တာဝန်ရှိသူက ဆိုသည်။
ဝိုင်းဝန်းထိုးကြိတ်ခံရမူကြောင့် ဒဏ်ရာရရှိသူကို ဆေးရုံကြီးသို့ ပို့ဆောင်စဉ်။ ဓါတ်ပုံ – Sein Hla Aung FB.