ဘုန်းနေ (Mandalay In-depth News)
မန္တလေးတိုင်းဒေသကြီး လွှတ်တော်၌ စက်တင်ဘာ(၃၀)ရက်က တက်သုတ်ရိုက် အတည်ပြုခဲ့သော ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မန္တလေးတိုင်း ဒေသကြီး၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ခန့်မှန်းခြေငွေစာရင်း (ဘတ်ဂျက်)တွင် ထူးခြားသည့် ကိန်းဂဏန်းအချက်အလက် များစွာ ပါဝင်နေသည်။

ယခုနှစ် မန္တလေးတိုင်း ဘတ်ဂျက်အရ မန္တလေးတိုင်းအစိုးရသည် သက်တမ်းလေးနှစ်အတွင်း စံချိန်တင် ငွေကြေးသုံးစွဲမည် ဖြစ်သည်။ ပြည်ထောင်စုမှ ထောက်ပံ့ငွေ စံချိန်တင် ရယူရသည့် ဘဏ္ဍာနှစ် ဖြစ်သည်။ တိုင်းအစိုးရအဖွဲ့မှ ရေးဆွဲတင်ပြသည့် ဘတ်ဂျက်ကို တိုင်းလွှတ်တော်မှ ဖြတ်တောက်မူ အနည်းဆုံးပမာဏဖြင့် အတည်ပြုခဲ့သည့် ဘတ်ဂျက်ဖြစ်သည်။ တိုင်းအစိုးရမှ တင်ပြတောင်းခံသည့် ပမာဏထက် ဘဏ္ဍာရေးကော်မရှင်က ငွေကျပ်သန်းသုံးသောင်းနီးပါး ပိုမိုချထားပေးသည့် ဘဏ္ဍနှစ်ဖြစ်သည်။
အောက်တိုဘာ(၁)ရက်ကတည်းက စတင်အသက်ဝင်နေပြီဖြစ်သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်သည် လက်ရှိ မန္တလေးတိုင်း အစိုးရအဖွဲ့အတွက် ကိုယ်တိုင် ဘတ်ဂျက်ရေးဆွဲ၊ ကိုယ်တိုင် သုံးစွဲခွင့်ရသည့် နောက်ဆုံးဘဏ္ဍာနှစ် ဖြစ်သည်။
၁။ သုံးငွေနှင့် လိုငွေ စံချိန်တင်သည့် မန္တလေးတိုင်းဘတ်ဂျက်
၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ် မန္တလေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ခန့်မှန်းခြေငွေစာရင်း အရ မန္တလေးတိုင်းအစိုးရသည် စံချိန်တင် ငွေကြေးသုံးစွဲမည်ဖြစ်ပြီး ပြည်ထောင်စုမှ ထောက်ပံ့ငွေ တောင်းခံရသည့် ပမာဏမှာလည်း စံချိန်တင်ဖြစ်သည်။ ယခု ဘဏ္ဍာနှစ် မန္တလေးတိုင်းဘတ်ဂျက်အရ သုံးငွေ စုစုပေါင်းသည် ကျပ်သန်း (၃၆၂၇၀၀)ကျော်ဖြစ်ပြီး ရငွေစုစုပေါင်းမှာ ကျပ်သန်း(၂၂၅၆၀၀)ကျော်ဖြစ်သည်။ ထို့အတွက် လိုငွေပမာဏသည် ကျပ်သန်း (၁၃၇၀၀၀)ကျော် ဖြစ်ပြီး ယင်းလိုငွေကို ပြည်ထောင်စုမှ ဖြည့်ဆည်းပေးမည် ဖြစ်သည်။

ယင်းအချက်အလက်များအရ မန္တလေးတိုင်းဒေသကြီး ဘတ်ဂျက်ပါ ဌာနအဖွဲ့အစည်း (၃၃)ခုအနေဖြင့် ယခင်နှစ်ထက် ငွေကျပ်သန်း (၄၀၀၀၀)ခန့် ပိုမိုသုံးစွဲမည်ဖြစ်ပြီး လိုငွေအတွက် ပြည်ထောင်စု၏ အထောက်အပံ့ ရယူရသည့် ပမာဏမှာလည်း ယခင်နှစ်ထက် ကျပ်သန်း(၂၂၀၀၀)ကျော် ပိုမိုများပြားမည်ဖြစ်သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မန္တလေးတိုင်းဒေသကြီး ဘတ်ဂျက်အရ ရငွေ ကျပ်သန်း(၂၀၇၉၀၀)ကျော်၊ သုံးငွေ ကျပ်သန်း(၃၂၂၈၀၀)ကျော် ဖြစ်ပြီး လိုငွေပမာဏ ကျပ်သန်း (၁၁၄၉၀၀)ဖြစ်သည်။
၂။ တိုင်းလွှတ်တော်မှ ဖြတ်တောက်မူ အနည်းဆုံး ဘတ်ဂျက်
၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် မန္တလေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ခန့်မှန်းခြေငွေစာရင်းသည် ပြီးခဲ့သည့် (၂)နှစ်နှင့် နှိုင်းယှဉ်လျှင် ဖြတ်တောက်ခံရမူ အနည်းဆုံးဖြစ်သည်။
ယခုနှစ် မန္တလေးတိုင်းဘတ်ဂျက်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း ဘတ်ဂျက်ပါ ဌာန၊အဖွဲ့အစည်း (၃၃)ခုမှ သုံးစွဲရန် တင်ပြတောင်းခံသည့် ငွေပမာဏ ကျပ်သန်း(၃၆၀၀၀၀)ကျော် ရှိခဲ့ပြီး တိုင်းလွှတ်တော်မှ စိစစ်ဖြတ်တောက်သည့် ပမာဏမှာ ကျပ်သန်း(၃၇)ကျော်သာ ရှိသည်။
လွှတ်တော်ကိုယ်စားလှယ်များသည် သက်ဆိုင်ရာ အစိုးရအဖွဲ့မှ တင်ပြတောင်းခံလာသည့် ဘတ်ဂျက်စာရင်းများကို စိစစ်သုံးသပ်ကာ အမှန်တကယ် ကုန်ကျနိုင်ခြေ ရှိ၊မရှိ၊ အမှန်တကယ် သုံးစွဲရန် လိုအပ်ခြင်း ရှိ၊မရှိနှင့် ကာလပေါက်ဈေးများနှင့် အညီ တောင်းပြတောင်းခံခြင်း ဟုတ်၊ မဟုတ် စိစစ်ကာ လိုအပ်ပါက ဖြတ်တောက် ကန့်သတ်နိုင်သည်။ သို့သော် ယခုနှစ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဘတ်ဂျက်ကိုမူ လွှတ်တော်ကိုယ်စားလှယ်များမှ စိစစ် ဖြတ်တောက်မူ အလွန်နည်းပါးသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်(၂)နှစ်ကို ပြန်လည်လေ့လာကြည့်လျင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မန္တလေးတိုင်းဘတ်ဂျက်တွင် တိုင်းလွှတ်တော်မှ ငွေကျပ်သန်း(၇၃၉၀)ကျော် ဖြတ်တောက်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မန္တလေးတိုင်းဘတ်ဂျက်တွင်လည်း တိုင်းလွှတ်တော်ကိုယ်စားလှယ်များမှ စိစစ်ဖြတ်တောက်မူ ကျပ်သန်း(၁၀၁၉၀)ကျော်အထိ ရှိခဲ့သည်။
ယခုနှစ် မန္တလေးတိုင်း ဘတ်ဂျက်တွင် တိုင်းလွှတ်တော်မှ စိစစ်ဖြတ်တောက်ခဲ့သည့် ကျပ်(၃၇)သန်းကျော်မှာ တိုင်းဒေသကြီး ဥပဒေချုပ်ရုံး အာစီနှစ်ထပ်အဆောက်အဦး ဆောက်လုပ်ရန်နှင့်ပတ်သက်သည့် နောက်ဆက်တွဲ လုပ်ငန်းသုံးခုအတွက် သုံးစွဲမည့် ငွေကြေးဖြစ်သည်။
၃။ ဘတ်ဂျက်ဖြတ်တောက်ရန် လွှတ်တော်၏ အဆုံးအဖြတ် နှစ်ကြိမ် ရယူခဲ့ပြီး နှစ်ကြိမ်လုံး ရှုံးနိမ့်ခြင်း
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မန္တလေးတိုင်းဒေသကြီး ဘတ်ဂျက်တွင် ထည့်သွင်း တောင်းခံခဲ့သည့် သုံးငွေ စာရင်းများအနက် အသုံးစရိတ် နှစ်ခုကို ဖြတ်တောက်ရန် မလှိုင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီတာငြိမ်းက လွှတ်တော်သို့ နှစ်ကြိမ် တင်ပြခဲ့ပြီး လွှတ်တော်၏ အဆုံးအဖြတ် ခံယူခဲ့ရာတွင် နှစ်ကြိမ်စလုံး ရှုံးနိမ့်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး လွှတ်တော် လက်ထောက်ညွှန်ကြားရေးမှုးများ အသုံးပြုရန်အတွက် ကား(၄)စီး ဝယ်ယူရန် သုံးစွဲမည့် ကျပ်သိန်း(၈၀၀)နှင့် လွှတ်တော် သဘင်ဆောင်တွင် အသုံးပြုရန် စားပွဲ အလုံး(၅၀)နှင့် ထိုင်ခုံ အလုံး(၁၀၀) ဝယ်ယူရန် သုံးစွဲမည့် ကျပ်သိန်း(၁၀၀) တို့ကို ဖြတ်တောက်ရန် လွှတ်တာ်၏ အဆုံးအဖြတ် ရယူခဲ့ခြင်း ဖြစ်သည်။ သို့သော် တိုင်းလွှတ်တော် ကိုယ်စားလှယ်များက ငွေကြေးဖြတ်တောက်ခြင်း မပြုဘဲ မူလလျာထားသည့်အတိုင်း သုံးစွဲရန် ခွင့်ပြုပေးခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မန္တလေးတိုင်းဘတ်ဂျက်အား တိုင်းလွှတ်တော်၏ အတည်ပြုချက်ရယူရာတွင် ဆွေးနွေးသည့် လွှတ်တော်ကိုယ်စားလှယ် လေးဦးသာ ရှိခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မန္တလးတိုင်း ဘတ်ဂျက်အား တိုင်းလွှတ်တော်မှ အတည်ပြုခဲ့စဉ်ကမူ ပါဝင်ဆွေးနွေးခဲ့သည့် ကိုယ်စားလှယ် အရေအတွက်(၈)ဦး အထိ ရှိခဲ့သည်။ ထို့အပြင် ၂၀၁၈-၂၀၁၉ ဘတ်ဂျက်အား ဆွေးနွေးစဉ်က ဘတ်ဂျက်ဖြတ်တောက်ရန် လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်သည့် အကြိမ်ရေ (၅)ကြိမ်ရှိခဲ့ပြီး (၅)ကြိမ်လုံး အနိုင်ရခဲ့ကာ ကျပ်သန်းထောင်ချီသည့် အသုံးစရိတ်များကို ဖြတ်တောက်ရန် တိုင်းလွှတ်တော်ကိုယ်စားလှယ်များက ဆုံးဖြတ်ခဲ့သည်။
၄။ အသုံးစရိတ် နှစ်ဆကျော် ပိုရခဲ့သည့် ဆည်မြောင်းနှင့် ရေအသုံးချမူဌာန
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်းမြောင်းဝန်ကြီးဌာန လက်အောက်ရှိ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနသည် လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း အသုံးစရိတ်ငွေ ကျပ်သန်း (၂၃၀၀၀)ကျော် ရရှိခဲ့သည်။ ယင်းဘဏ္ဍာငွေများကို သာမန်အသုံးစရိတ်အနေဖြင့် တောင်းခံခြင်းဖြစ်ပြီး တိုင်းလွှတ်တော်မှ စိစစ်ဖြတ်တောက်မူ မရှိ ခွင့်ပြုပေးခဲ့သည်။

ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က ဘဏ္ဍာငွေ ကျပ်သန်း (၉၈၀၀)ကျော်သာ ရရှိခဲ့ရာ တစ်နှစ်အတွင်း သာမန်အသုံးစရိတ် ကျပ်သန်း (၁၃၀၀၀)ကျော်၊ ယခင်နှစ်ထက် နှစ်ဆကျော် ပိုမို ရရှိခြင်းဖြစ်သည်။ သို့သော် ငွေလုံးငွေရင်း သုံးငွေမဟုတ်ဘဲ သာမန်သုံးငွေ ဖြစ်သည့်အတွက် ယင်းဌာနအနေဖြင့် သုံးစွဲခွင့် ရရှိသည့် ဘဏ္ဍာငွေကျပ်သန်း (၂၃၀၀၀)ကျော်ကို စီမံကိန်းအသစ်များ တည်ဆောက်လုပ်ကိုင်မည် မဟုတ်ဘဲ ဆည်မြောင်းနှင့် ရေအသုံးချမူဆိုင်ရာ လုပ်ငန်းများအား ပြုပြင်၊ ထိန်းသိမ်းရေး လုပ်ငန်းများတွင်သာ သုံးစွဲမည်ဖြစ်သည်။
၅။ ဘဏ္ဍာရေးကော်မရှင်မှ မန္တလေးတိုင်းအတွက် ငွေကျပ်သန်း(၂၁၀၀၀)ကျော် ပိုမိုချထားပေးခြင်း
ဘဏ္ဍာရေးကော်မရှင်သည် ပြည်သူများအတွက် ချက်ချင်းလက်ငင်း အကျိုးဖြစ်ထွန်းစေမည့် ကိစ္စများတွင် အသုံးပြုရန် အတွက်ဟုဆိုကာ မန္တလေးတိုင်းဒေသကြီးအတွက် ဘဏ္ဍာငွေကျပ်သန်း (၂၁၀၀၀)ကျော်ကို ထပ်မံ ခွဲဝေချထားပေးခဲ့သည်။
မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် အတည်ပြုထားသည့် မန္တလေးတိုင်းဘတ်ဂျက်ကို ဘဏ္ဍာရေးကော်မရှင်သို့ တင်ပြခဲ့ရာ တောင်းခံသည့် ပမာဏထက် ဘဏ္ဍာငွေ ကျပ်သန်း(၂၁၀၀၀)ကျော် ထပ်မံဖြည့်စွက် ပေးအပ်ခဲ့သည်ဟု မန္တလေးတိုင်းအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက ပြောသည်။ ထို့အတွက် ယခုဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ရန် ရရှိသည့် ဘဏ္ဍာငွေ စုစုပေါင်းသည် ကျပ်သန်း(၂၇၀၀၀)ကျော် ဖြစ်သည်။
အများပြည်သူ ချက်ချင်းလက်ငင်း အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ဟုဆိုကာ ဘဏ္ဍာငွေ ကျပ်သန်း(၂၁၀၀၀)ကျော်ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ မန္တလေးတိုင်းဘတ်ဂျက်သို့ ထည့်သွင်းချထားပေးခဲ့သလို ပုဂံဇုန်ဝင်ကြေး၏ (၄၀)ရာခိုင်နှုန်းဖြစ်သည့် ကျပ်သန်း(၂၈၀၀)ကျော်ကို ပြည်ထောင်စုအစိုးရအဖွဲ့မှ မန္တလေးတိုင်းအစိုးရအဖွဲ့သို့ ပထမဆုံးအကြိမ် ခွဲဝေချထားပေးခြင်း၊ အရေးပေါ်ရန်ပုံငွေ ကျပ်သန်း(၁၀၀၀)ကို ပြည်ထောင်စုမှ မန္တလေးတိုင်းအစိုးရအဖွဲ့ထံ ခွဲဝေချထားပေးခြင်းများကြောင့် မူလတောင်းခံသည့် ပမာဏထက် ဘဏ္ဍာငွေအများအပြား ပိုမိုရရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါ ဘဏ္ဍာငွေ ကျပ်သန်းပေါင်း(၂၇၀၀၀)ကျော်ကို ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သော ကျေးလက်လမ်း ကဏ္ဍအတွက် ငွေကျပ်သန်း(၁၅၀၀၀)၊ ကျေးလက်မီးလင်းရေး လုပ်ငန်းအတွက် ကျပ်သန်း (၆၅၀၀)၊ ပညာရေးအတွက် ကျပ်သန်း(၁၀၀၀)၊ ကျန်းမာရေးအတွက် ကျပ်သန်း(၅၀၀)၊ စိုက်ပျိုးရေးနှင့် သောက်သုံးရေ ရရှိရေး အတွက် ကျပ်သန်း(၂၀၀၀)နှင့် အခြား လုပ်ငန်းများအတွက် ကျပ်သန်း (၂၁၀၀)ကျော် သုံးစွဲမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒေသန္တရ စီမံကိန်း၊ အရအသုံး ငွေစာရင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထိုသို့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများကို အများပြည်သူ လက်ငင်းအကျိုးဖြစ်ထွန်းစေမည့် နေရာများတွင် သုံးစွဲနိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာနိုင်ငံရေး ပါတီများမှ တာဝန်ရှိသူများ ပူးပေါင်းကာ လွှတ်တော်သို့ တင်ပြခဲ့ခြင်းဖြစ်သည်။
သာသနာရေးနှင့် ယဉ်ကျေးမူဝန်ကြီးဌာနမှ မန္တလေးတိုင်းအစိုးရအဖွဲ့ထံ ပထမဆုံးအကြိမ်အဖြစ် ခွဲဝေပေးခဲ့သည့် ပုဂံဇုန်ဝင်ကြေး၏ (၄၀) ဖြစ်သော ကျပ်သန်း(၂၈၀၀)သန်းကို ပုဂံဒေသ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် သုံးစွဲမည်ဟု မန္တလေးတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက ပြောသည်။
ထူးခြားသည့် ဘဏ္ဍာနှစ် (သို့) ရွေးကောက်ပွဲကာလ ဘတ်ဂျက်
၂၀၂၀ နှစ်ကုန်ပိုင်းတွင် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ကြေငြာထားသည်။ လက်ရှိ အစိုးရအနေဖြင့်လည်း ၂၀၂၁ တွင် ငါးနှစ်တာသက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။
လက်ရှိဘဏ္ဍာနှစ်မှာ ရွေးကောက်ပွဲ မကျင်းပမီ လပိုင်းအလိုတွင် ကုန်ဆုံးမည်ဖြစ်ရာ အာဏာရအစိုးရအနေဖြင့် ကိုယ်တိုင်ဘတ်ဂျက် ရေးဆွဲပြီး ကိုယ်တိုင်သုံးစွဲကာ ရွေးကောက်ပွဲ မတိုင်မီ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို စိတ်ကြိုက် လုပ်ဆောင်ခွင့် ရရှိသည့် ဘဏ္ဍာနှစ်လည်း ဖြစ်သည်။
ရွေးကောက်ပွဲ ကာလဖြစ်သည့် အရေးကြီးသည့် ဘတ်ဂျက်နှစ်တွင် သမ္မတ ဦးဝင်းမြင့် ဦးဆောင်သည့် ဘဏ္ဍာရေး ကော်မရှင်ကလည်း မန္တလေးတိုင်းအတွက် ဘဏ္ဍာငွေများ တောင်းသည့်ပမာဏထက် ပိုမိုချထားပေးခဲ့သည်။
သို့သော် ဘဏ္ဍာရေးကော်မရှင်အနေဖြင့်မူ မန္တလေးတိုင်း တစ်ခုတည်းကို ပိုမိုချထားပေးခြင်း မဟုတ်ဘဲ ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံးအတွက် ဘဏ္ဍာငွေ ပိုမို ချထားပေးခြင်း ဖြစ်သည်။ ရွေးကောက်ပွဲကာလဖြစ်သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘတ်ဂျက်တွင် လိုငွေနှင့် GDP အချိုးသည် (၅)ရာခိုင်နှုန်းထက် ကျော်လွန်မည်ဖြစ်ပြီး စံချိန်တင် လိုငွေပြမည်ဖြစ်သည်။

လက်ရှိဘဏ္ဍာနှစ်အတွင်း လုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်နိုင်ရန် လိုငွေနှင့် GDP အချိုးကို (၅)ရာခိုင်နှုန်းထက် ကျော်လွန် ခွင့်ပြုထားကြောင်းနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ မြှင့်တင်ရေးအတွက် ပြည်သူများကို ချက်ချင်း လက်ငင်းအကျိုးဖြစ်ထွန်းစေမည့် အသုံးစရိတ်များဖြစ်သည့် လျှပ်စစ်မီးရရှိရေး၊ လမ်းတံတားလုပ်ငန်းများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ပိုမိုတိုးမြှင့် သုံးစွဲသွားမည်ဖြစ်ပြီး တစ်ဖက်တွင်လည်း နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်း များတွင်လည်း ယခင်နှစ်များထက် များစွာ ပိုမို သုံးစွဲမည်ဖြစ်ကြောင်း ဘဏ္ဍာရေးကော်မရှင် ဥက္ကဌ၊ နိုင်ငံတော် သမ္မတ၊ ဦးဝင်းမြင့်က ဇွန်လအတွင်းက ကျင်းပခဲ့သည့် ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘတ်ဂျက်တွင် ရငွေစုစုပေါင်း ငွေကျပ်(၂၅၃၁၃)ဘီလီယံ၊ သုံးငွေ စုစုပေါင်း ငွေကျပ်(၃၂၃၄၀)ဘီလီယံ၊ စုစုပေါင်းလိုငွေပမာဏ ငွေကျပ်(၇၀၂၇)ဘီလီယံ ဖြစ်ပြီး လိုငွေနှင့် ဂျီဒီပီအချိုး ၅ ဒသမ ၉ ရာခိုင်နှုန်း ဖြစ်ကြောင်းနှင့် ပြည်ထောင်စုမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ စုစုပေါင်းထောက်ပံ့ပေးမည့် ငွေမှာ ငွေကျပ် (၂၁၁၄)ဘီလီယံ ဖြစ်ပြီး ယမန်နှစ်က ထောက်ပံ့ငွေ ကျပ်(၁၇၉၄)ဘီလီယံ ဖြစ်ရာ ယမန်နှစ်ထက် ငွေကျပ်(၃၂၀)ဘီလီယံ ပိုမို ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း ဘဏ္ဍာရေးကော်မရှင်မှ သတင်းထုတ်ပြန်ထားသည်။