ဘုန်းနေ (Mandalay In-depth News)
ကမ္ဘာ့လူသားများကို စိမ်ပြေနပြေ ဝါးမြိုကိုက်စားနေသည့် ကိုရိုနာဗိုင်းရပ်စ် မိစ္ဆာဆိုးကြီး မန္တလေးမြို့ဆီ ကူးစက်ရောက်ရှိလာမည်ကို စိုးရိမ်နေကြသူများထဲ သားသမီးနှစ်ဦးဖခင် ကိုမြတ်မင်းတစ်ယောက် အပါအဝင် ဖြစ်သည်။
မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်၊ ကျောင်း၊ ဈေး စသည့် လူစည်ကားရာ နေရာများ၌ ဝူဟန်ရောဂါအကြောင်း အသိပညာပေးမှု မရှိသလောက် အားနည်းနေပြီး ကပ်ရောဂါကို ရင်ဆိုင်တုန့်ပြန်ရန် အဆင်သင့်ဖြစ်သေးချိန် အန္တရာယ်ကျရောက်လာမည်ကို စိုးရိမ်မိသည်ဟု ချမ်းအေးသာစံမြို့နယ် အရှေ့ပိုင်း ရပ်ကွက်တစ်ခုတွင် နေထိုင်သူ ကိုမြတ်မင်းက ဆိုသည်။
“အစိုးရ လူကြီးတွေက မစိုးရိမ်နဲ့ ပြောပေမယ့် ကလေးအတွက် စိုးရိမ်တယ်။ အသိပညာပေး လုပ်ဆောင်တာ မရှိဘူး။ ယုတ်စွဆုံး လက်ကမ်းစာစောင်တောင် မဝေသေးဘူး။ မိဘတွေက တဆင့် ကျောင်းသားကို ကူးစက်ပြီး ကျောင်းတွေက ရောဂါဖြန့်တဲ့ နေရာဖြစ်လာမှာ စိုးတယ်။ မိုးတော့ မပြိုသေးဘူးပေါ့။ တကယ်ဖြစ်လာရင်လည်း ကိုယ့်နိုင်ငံက သေဖို့ပဲ ရှိတယ်” ဟု ကိုမြတ်မင်းက မချိတင်ကဲ စကားဆိုသည်။
ကျန်းမာရေးစောင့်ရှောက်မှုစနစ် နိမ့်ပါးချို့တဲ့လွန်းသည့် မြန်မာနိုင်ငံအနေဖြင့် ဝူဟန်ရောဂါ ကူးစက်ခံရပါက ထိန်းချုပ်နိုင်ဖွယ်မရှိဘဲ လည်စင်းခံရုံသာ ရှိမည်ဟု သူက ပြောသည်။ အစိုးရ တာဝန်ရှိသူများက ရောဂါကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေး လုပ်ငန်းများကို ပုမိုအလေးထား လုပ်ဆောင်သင့်သည်ဟု ကိုမြတ်မင်းက အကြံပြုသည်။
တရုတ်နိုင်ငံ အလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့၌ ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းတွင် စတင်ဖြစ်ပွားခဲ့သည့် ဝူဟန်ရောဂါခေါ် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (2019 n CoV) ကူးစက်မြန် ပြင်းထန်အဆုတ်ရောင် ရောဂါသည် လက်ရှိ အချိန်ထိ ထိန်းချုပ်နိုင်ခြင်း မရှိသေးဘဲ ကမ္ဘာ့နိုင်ငံများသို့ပါ ကူးစက်ပျံ့နှံ့လျှက် ရှိသည်။ ရောဂါစတင်ဖြစ်ပွားချိန်မှ ဖေဖေါ်ဝါရီ(၂)ရက်အထိ တရုတ်နိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း (၂၄)နိုင်ငံအထိ ကူးစက်ပျံ့နှံ့နေပြီ ဖြစ်ပြီး လူ(၁၄၀၀၀)ကျော် ကူးစက်ခံရကာ သေဆုံးသူ (၃၀၀)ကျော်အထိ ရှိနေပြီ ဖြစ်သည်။
ဝူဟန်ရောဂါနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကပ်ရောဂါအဖြစ် သတ်မှတ်ကာ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ကြေညာခဲ့သည်။
ဝူဟန်ရောဂါ ကာကွယ်ရေး မန္တလေးမြို့၏ ကြိုတင်ပြင်ဆင်မှု
တရုတ်နိုင်ငံနှင့် အဓိက ကူးလူးဆက်ဆံနေပြီး လူဦးရေ တစ်သန်းခွဲဝန်းကျင် နေထိုင်သည့် မြန်မာနိုင်ငံ၏ ဒုတိယ အကြီးဆုံးမြို့တော် မန္တလေးမြို့တွင် ဝူဟန်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ အသိပညာပေးမှု မရှိသလောက် နည်းပါးကြောင်း မြို့ခံများက ပြောသည်။
မန္တလေးမြို့တွင် ကျင်းပခဲ့သည့် သံဃာသုံးသောင်း ဆွမ်းလောင်းပွဲကဲ့သို့ ပွဲလမ်းသဘင်နှင့် ပျော်ပွဲရွင်ပွဲ အခမ်းအနားများနှင့် ပတ်သက်၍ ဗွီနိုင်း ဆိုင်းဘုတ်ထောင်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကဲ့သို့ လူအများအပြား ပါဝင်လာစေရန် စည်ရုံးလေ့ရှိသော်လည်း ဝူဟန်ရောဂါနှင့်ပတ်သက်၍မူ ထိုသို့လုပ်ဆောင်နေသည်ကို မတွေ့ရဘဲ နှာခေါင်းစည်း (Mask) အချို့ ဖြန့်ဝေသည်ဟုသာ ကြားသိရကြောင်း ဒေသခံများက ဆိုသည်။

မန္တလေးမြို့၏ အကြီးဆုံးနှင့် လူအစည်ကားဆုံးဈေးကြီး ဖြစ်သည့် ဈေးချိုတော်တွင် ဝူဟန်ရောဂါနှင့် ပတ်သက်၍ အစိုးရက အသိပေး လုပ်ဆောင်မှု မရှိသေးကြောင်းနှင့် ယင်းရောဂါနှင့် ပတ်သက်၍ အသိပညာပေးရန် အစိုးရ၏ တိုက်ရိုက် ညွှန်ကြားမှု တစ်စုံတရာ မရှိသေးကြောင်း ဈေးအကျိုးတော်ဆောင် ကော်မတီ ဒု-ဥက္ကဌ ဦးမင်းမင်း က ပြောသည်။
“အစိုးရက နိုင်ငံခြားသားနဲ့ ဝင်ထွက်သွားလာတဲ့ နေရာတွေမှာတော့ ဦးစားပေး လုပ်နေတယ်။ ကူးစက်ရောဂါနဲ့ ပတ်သက်ရင် ဘာလုပ်ရမယ်ဆိုတာ အဆင့်တွေ ရှိတော့ အစိုးရကဆီက ညွှန်ကြားချက်တော့ လာမှာပါ။ ဈေးသူ၊ ဈေးသားနဲ့ အကျိုးဆောင်တွေကတော့ သတင်းတွေကို အမြဲမပြတ် နားစွင့်ထားတယ်။ လူတွေ သိန်းချီဝင်ထွက်နေတာဆိုတော့ သတိတော့ ထားနေရတာပေါ့” ဟု ဦးမင်းမင်းက ဆိုသည်။
ဝူဟန်ရောဂါနှင့်ပတ်သက်၍ မန္တလေးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၌လည်း မည်သည့် ပညာပေးလုပ်ဆောင်မှုမှ မရှိသေးသလို ရောဂါကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ကျောင်းသူ၊ကျောင်းသားများအား ဆောင်ရန်၊ ရှောင်ရန် ပညာပေးရန် မည်သည့်ဌာနကမှ ညွှန်ကြားလာခြင်း မရှိသေးကြောင်း မန္တလေးမြို့ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်တွင် နေထိုင်သည့် မူလတန်းပြ ဆရာမ တစ်ဦးက ပြောသည်။
“အခုထိတော့ ညွှန်ကြားချက်ဆိုုပြီး ပညာပေးအစီအစဉ်တွေ လုပ်ခိုင်းတာ ဘာမှမရှိသေးဘူး။ အရင်နှစ်တွေက ဖြစ်ခဲ့တဲ့ H1N1 ရောဂါတုန်းကတော့ ညွှန်ကြားတာ မရှိပေမယ့် ကိုယ့်အစီအစဉ်နဲ့ကိုယ် လုပ်ကြတယ်။ အခုကတော့ မလိုသေးဘူး ထင်လို့ ဖြစ်ပါလိမ့်မယ်” ဟု ဆရာမက ပြောသည်။
ဝူဟန်ရောဂါ ကူးစက်မှုနှင့်ပတ်သက်၍ အများပြည်သူ ကျန်းမာရေးအတွက် အရေးပေါ် အခြေအနေ ကြေညာခဲ့သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ ထုတ်ပြန်ချက်၌ တရုတ်နိုင်ငံတွင်း ရောဂါကူးစက်ဖြစ်ပွားနေသည့် အခြေအနေများအပြင် ကျန်းမာရေးစောင့်ရှောက်မှု အားနည်းသည့် နိုင်ငံများသို့ ကူးစက်ပျံ့နှံ့မည်ကို စိုးရိမ်သည့်အတွက် ဖြစ်ကြောင်း ဖော်ပြထားသည်။
“စိုးရိမ်စရာ အကောင်းဆုံး ကတော့ ကျန်းမာရေး စောင့်ရှောက်မှုစနစ် အားနည်းပြီး ရောဂါပိုးကို ရင်ဆိုင်ဖြေရှင်းဖို့ ပြင်ဆင်မှု အားနည်းတဲ့ နိုင်ငံတွေဆီ ဗိုင်းရပ်စ်ပိုး ကူးစက်ရောက်ရှိသွားမယ့် အခြေအနေဖြစ်ပါတယ်”ဟု WHO အဖွဲ့ ညွှန်ကြားရေးမှူးက ဇန်နဝါရီ(၃၀)ရက် ဝူဟန်ရောဂါ အရေးပေါ်အခြေအနေ ကြေညာစဉ် ပြောသည်။
ပွဲကျင်းပခွင့် ပိတ်မည့် တိုင်းအစိုးရနှင့် ကျောင်းသား(၆၀)အတွက် အဓိကလုပ်နေသည်ဟု ဝေဖန်ခံရသော SRT
ဝူဟန်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး အတွင်း ဌာနပေါင်းစုံ ပါဝင်သော ရောဂါ စောင့်ကြည့် စစ်ဆေး ကုသရေး ကြီးကြပ်မှု ကော်မတီ SRT (Survellance and Respond Team) ကို ဇန်နဝါရီ(၂၈)ရက်ကတည်းက ဖွဲ့စည်းကာ လိုအပ်သည်များ စနစ်တကျ လုပ်ဆောင်နေသည်ဟု မန္တလေးတိုင်း ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောသည်။
အဆိုပါ SRT ကော်မတီတွင် မန္တလေးတိုင်း အစိုးရအဖွဲ့ဝင် ဝန်ကြီးနှစ်ပါး ဦးဆောင်ပါဝင်ပြီး စည်ပင်သာယာရေးဝန်ကြီး၊ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ဥက္ကဌ၊ မန္တလေးတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်း၊ မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဦးမှူးနှင့် အခြား ဌာနဆိုင်ရာ အစုံအလင်ပါဝင်သည်ဟု ၎င်းက ဆိုသည်။

SRT ကော်မတီက မန္တလေးတိုင်း ဝင်ပေါက်၊ ထွက်ပေါက်များတွင် စစ်ဆေးသလို ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက လမ်းညွှန်ထားသော ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရမည့် လုပ်ငန်းလမ်းညွှန်ချက်များကို တိုင်းအတွင်းရှိ ပြည်သူ့ ဆေးရုံများနှင့် ပုဂ္ဂလိက ဆေးရုံများ အပါအဝင် ဌာနဆိုင်ရများထံ ဖြန့်ဝေထားပြီး ဖြစ်သည်ဟု ဆိုသည်။
လက်ရှိတွင် မန္တလေးတိုင်းအတွင်းရှိ တံတားဦးလေဆိပ်နှင့် ပုဂံညောင်ဦးလေဆိပ်၊ ကုန်လမ်းဖြစ်သည့် ပြင်ဦးလွင်အနီး ဝက်ဝံကျေးရွားဂိတ်၊ သာစည်မြို့နယ်၊ ဝမ်းတွင်းမြို့နယ်စသည့် လေကြောင်း၊ ကုန်းကြောင်း၊ ရေကြောင်းခရီး ဝင်ပေါက်ထွက်ပေါက်များတွင် ကျန်းမာရေး ဆိုင်ရာ စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိသလို ဝူဟန်ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရန် အသိပညာပေး စစ်ဆေးခြင်းများ လုပ်ဆောင်နေသည်ဟု SRT အဖွဲ့ တာဝန်ရှိသူများက ပြောသည်။
ရောဂါကူးစက်ခံရသည့် သံသယလူနာ တွေ့ရှိပါက ကုသပေးနိုင်ရန် မန္တလေးမြို့ပေါ်ရှိ ဆေးရုံကြီးများ၌ ကြိုတင်ပြင်ဆင်ထားသည်ဟု ဆိုသော်လည်း မည်သို့ ပြင်ဆင်ထားသည် ဆိုသည်ကိုမူ SRT တာဝန်ရှိသူများက အသေးစိတ် ထုတ်ဖော်ပြောကြားခြင်း မရှိပါ။

ဝူဟန်ဗိုင်းရပ်စ် ကာကွယ်ရေးနှင့် ပတ်သက်၍ မန္တလေးတိုင်းအတွင်း လူစုလူဝေးဖြင့် ကျင်းပသော ပွဲလမ်းသဘင်များကို လျော့ချမည်ဖြစ်ကြောင်း ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ဇန်နဝါရီ(၃၁)ရက်တွင် ပြောကြားခဲ့ပြီး မန္တလေးမြို့ မဟာအတုလဝေယံ (အတုမရှိ)ကျောင်းကြီး၌ ဖေဖေါ်ဝါရီ(၇)ရက်တွင် ကျင်းပရန် စီစဉ်ထားသည့် သာသနာတော်ဆိုင်ရာ မဟာဘွဲ့နှင်းသဘင်အခမ်းအနားကို ရက်ပြောင်းရွှေ့ ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။
“WHO ကလည်း နိုင်ငံတကာ ဘေးအန္တရာယ် ကပ်ရောဂါအဖြစ် ကြေညာလိုက်တယ်။ အထူးသတိပြုရမယ်။ ဒီကိစ္စ ဖြစ်လာပြီဆိုတော့ လူစုလူဝေးနဲ့ ပြုလုပ်တဲ့ ပွဲလမ်းသဘင် တွေကိုလျော့ချရမယ်။ ပြည်သူကလည်း ရောဂါကို မထိန်းချုပ်နိုင်သေးခင် ကာလအထိ လူစုလူဝေးရှိရာကို မသွားသင့်ဘူး။ နှာစေးချောင်းဆိုး ဖြစ်ရင်လည်း Mask တပ်မယ်။ အဲဒီ Mask ကို စနစ်တကျ စွန့်ပစ်မယ်။ ဒီလို ကျန်းမာရေးအသိလေးတွေ နဲ့ ဆောင်ရွက်သွားမယ်ဆိုရင်၊ ဒီလို ကပ်ရောဂါကို ကာကွယ်နိုင်မှာဖြစ်တယ်” ဟု ဦးဇာနည်အောင်က ပြောသည်။
မန္တလေးတိုင်းအစိုးရအဖွဲ့ အနေဖြင့် လွန်ခဲ့သည့် ၂၀၁၇ တုပ်ကွေးရောဂါ (H1N1) ဖြစ်ပွားစဉ်အချိန်ကလည်း တောင်ပြုံးပွဲတော် ကျင်းပခွင့် ပိတ်သိမ်းခဲ့ဖူးသည်။
ဝူဟန်ရောဂါနှင့် ပတ်သက်၍ ဖွဲ့စည်းထားသည့် မန္တလေးတိုင်း SRT ကော်မတီ ဥက္ကဌ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကမှု ဝူဟန်ရောဂါအရေး စိုးရိမ်စိတ် မလွန်ကဲကြဘဲ သတိရှိစွာ နေထိုင်ကြရန် တိုက်တွန်းထားသည်။
“ပြည်သူတွေက မသိတော့ စိတ်ပူလွန်တာ မမှားပါဘူး။ ဘာပဲဖြစ်ဖြစ် သတိဆိုတာ ပိုတယ် မရှိပါဘူး” ဟု ဒေါက်တာရဲလွင်က သူ၏ ဖေ့စ်ဘွတ်ခ်တွင် ရေးသားထားသည်။
သို့သော် ဝူဟန်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ မန္တလေးတိုင်းအတွင်း မည်သို့ လုပ်ဆောင်နေသည် ဆိုသည်ကို မြို့တော်ဝန် ဒေါက်တာရဲလွင်က သတင်းထုတ်ပြန်ခြင်း မရှိဘဲ သူ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဝူဟန်မှ ပြန်လာသည့် ကျောင်းသားများအတွက် လုပ်ဆောင်ပေးနေမှုများကိုသာ ဦးစားပေးဖော်ပြလျှက် ရှိသည်။
တရုတ်နိုင်ငံ ဝူဟန်မြို့၌ ပိတ်မိနေသော မြန်မာပညာတော်သင် ကျောင်းသား(၆၀)ကျော်ကို ဖေဖေါ်ဝါရီ(၁)ရက် ညပိုင်းတွင် အထူးလေယာဉ်ဖြင့် မန္တလေးမြို့သို့ ပြန်လည်ခေါ်ဆောင်လာပြီး လက်ရှိတွင် မန္တလေးမြို့ ချမ်းမြသာည်မြို့နယ် (၆၂)လမ်းပေါ်ရှိ ကန်တော်နဒီဆေးရုံတွင် (၁၄)ရက်ကြာ သီးခြားထားရှိကာ ရောဂါကူးစက်ခံခဲ့ရမှု ရှိ၊မရှိ စောင့်ကြည့်စစ်ဆေးလျှက် ရှိသည်။

မန္တလေးတိုင်း SRT ကော်မတီ ဥက္ကဌအဖြစ် ဒေါက်တာရဲလွင်အနေဖြင့် တိုင်းအတွင်း နေထိုင်သည့် ပြည်သူထုအား ဝူဟန်ရောဂါအရေး အသိပညာပေးရန်ထက် အထက်ပါ ကျောင်းသားများအရေးကိုသာ အလေးထားလုပ်ဆောင်နေသည်ဟု ထင်မြင်မိကြောင်း မန္တလေးမြို့ခံအချို့က ဝေဖန်သည်။
“မန္တလေး ဒေသခံတွေ အတွက် ကျန်းမာရေး အသိပညာပေးဖို့ လုပ်တာတွေ အားနည်းတယ်။ မရှိသလောက်ပဲ။ ဝူဟန်ကျောင်းသူ ကျောင်းသားတွေ အတွက် Focus(ဦးစားပေး)ထားပြီး လုပ်တဲ့သဘောမျိုး ဖြစ်နေတယ်”မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ကျုံးအနီး (၂၇)လမ်းတွင် နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။
ဝူဟန်ရောဂါ အရင်းအမြစ် တရုတ်နိုင်ငံနှင့် မန္တလေး
မြန်မာနှင့် တရုတ်နိုင်ငံကြား မိုင်ထောင်နှင့်ချီကာ နယ်နမိတ်ချင်း ထိစပ်နေုသော်လည်း နှစ်နိုင်ငံကြား အဓိက ကူးလူးဆက်ဆံသည့်မြို့မှာ မန္တလေးဖြစ်သည်။ တရုတ်နိုင်ငံ ကူမင်းမြို့နှင့် ညီအစ်မမြို့တော် ဖွဲ့ထားသော မန္တလေးမြို့မှာ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး၏ အဓိကအရေးပါသော မြို့ဖြစ်သလို မန္တလေး တံတားဦးလေဆိပ်နှင့် တရုတ်နိုင်ငံရှိ မြို့(၂၀)ကျော်အကြား လေကြောင်းလိုင်း (၁၀)လိုင်းက တိုက်ရိုက်ခရီးစဉ်များ ပျံသန်းလျှက်ရှိသည်။
သာမန်နေ့ရက်များ၌ မန္တလေးမြု့ိသို့ နေ့စဉ် တရုတ်နိုင်ငံသား ခရီးသွား တစ်ထောင်ကျော် လာရောက်သည်။ ထိုသို့ တရုတ်နိုင်ငံနှင့် မန္တလေးမြို့အကြား ကူးလူးဆက်ဆံမှု အလွန်များပြားသော်လည်း ဖေဖေါ်ဝါရီလဆန်းအထိ မန္တလေးမြို့၌ ဝူဟန်ရောဂါ ကူးစက်ခံရသူ တစ်ဦးတစ်ယောက်မျှ မရှိသေးဟု တိုင်းအစိုးရ တာဝန်ရှိသူများက ပြောသည်။
ပြည်ထောင်စုအစိုးရ၏ ထုတ်ပြန်ချက်များအရလည်း ဇန်နဝါရီလကုန်ပိုင်းမှ စတင်ကာ မြန်မာနိုင်ငံအတွင်း ဝူဟန်ရောဂါ ကူးစက်ခံရကြောင်း သံသယရှိလူနားများ စတင်တွေ့ရှိလာသော်လည်း မန္တလေးတိုင်းအတွင်း ဝူဟန်ရောဂါ သသယလူနာ မတွေ့ရှိသေးဟု ဆိုသည်။
ဝူဟန်ရောဂါ ကူးစက်ပျံ့နှံ့မည်ကို စိုးရိမ်သည့်အတွက် ဖေဖေါ်ဝါရီ(၁)ရက်မှစတင်ကာ တရုတ်နိုင်ငံသား ခရီးသွားဧည့်သည်များကို ဆိုက်ရောက်ဗီဇာ (Visa On Arrival) ခွင့်ပြုပေးမှု ယာယီရပ်ဆိုင်းမည် ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ကြေညာသည်။ ထို့အပြင် အဆိုပါ ရောဂါ ကူးစက်မှုကြောင့် ဇန်နဝါရီ(၂၄)ရက်နောက်ပိုင်း မန္တလေးနှင့် တရုတ်နိုင်ငံကြား တိုက်ရိုက်ပျံသန်းမည့် လေကြောင်း ခရီးစဉ် ရာနှင့်ချီကာ ဖျက်သိမ်းခဲ့သည်။

မန္တလေးတိုင်းအတွင်း ဝူဟန်ရောဂါ ကူးစက်ခံရသူ မရှိသေးဟုဆိုသော်လည်း ဝူဟန်ရောဂါ ဂယက်ကြောင့် မန္တလေးမြို့၌ သိသာမြင်သာသည့် ထိခိုက်နစ်နာမှုများ ကြုံတွေ့နေရပြီ ဖြစ်သည်။ တရုတ်ခရီးသွား ဝင်ရောက်မှု ရပ်တန့်သွားခြင်းကြောင့် မန္တလေးမြို့ရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းအချို့ ထိခိုက်နစ်နာမှုများနှင့် စတင်ကြုံတွေ့နေရသလို နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများလည်း ရပ်တန့်လုနီးပါး တုန့်ဆိုင်းသွားသည့်အတွက် ကုန်သွယ်ရေးနှင့် အရောင်းအဝယ်လုပ်ငန်းများ ထိခိုက်မှု ရှိလာသည်။
ဝူဟန်ရောဂါ ကူးစက်ခံရပါက ပိုမိုထိခိုက်နစ်နာမည် ဖြစ်ရာ ရောဂါကြိုတင် ကာကွယ်ရေးနှင့် အသိပညာပေး လုပ်ငန်းများကို အလေးထား လုပ်ဆောင်ပေးစေလိုသည်ဟု မြို့ခံများက ဆိုသည်။
လက်ရှိတွင်မူ ဝူဟန်ရောဂါ ကာကွယ်ရေးအတွက် အသုံးပြုရန် မန္တလေးမြို့ခံများက နှာခေါင်းစည်း (Mask)များ အလုအယက် ဝယ်ယူလျှက်ရှိရာ ဈေးကွက်အတွင်း နှာခေါင်းစည်း (Mask)များ အဆမတန် ဈေးမြင့်တက်လျှက် ရှိသည်။ ယခင်က ကျပ် (၃၀၀)ဝန်းကျင်သာ ဈေးရှိသည့် နှားခေါင်းစည်း (Mask) ၁၀ ခုပါ တစ်ထုပ်မှာ လက်ရှိတွင် ကျပ်(၃၀၀၀)ခန့်အထိ၊ N95 နှာခေါင်းစည်းမှာ ယခင်က (၁၈၀၀)ကျပ်ဝန်းကျင်မှ လက်ရှိတွင် ကျပ်(၄၀၀၀)ခန့်အထိ ဈေးနှုန်းမြင့်တက်နေသည်။

မန္တလေးမြို့ပေါ်ရှိ ဆေးပစ္စည်းအရောင်းဆိုင် အချို့သို့ Mandalay In-depth News မှ သွားရောက်မေးမြန်းခဲ့ရာ တစ်ပါတ်အတွင်း နှာခေါင်းစည်း (Mask) ဈေးနှုန်း ဆယ်ဆခန့် ဈေးတက်သွားသလို အချို့ဆိုင်များမှာ ပစ္စည်းပြတ်သွားပြီ ဖြစ်ကြောင်း ဆေးရောင်းသူများက ပြောသည်။
“တရုတ်မှာ ဝူဟန်ဖြစ်တော့ mask (နှာခေါင်းစည်း) တွေ ဈေးတအား တက်သွားတယ်။ အချို့ ပစ္စည်းက ပြတ်နေတယ်။ ပစ္စည်းရှိတဲ့သူက ဈေကိုင်ပြီး ရောင်းနေကြတာ” ဟု ဆေးရောင်းသူတစ်ဦးက ဆိုသည်။
ရောဂါကာကွယ်ရေးအတွက် အသုံးပြုသည့် နှာခေါင်းစည်း (Mask) များ ဈေးနှုန်းကြီးမြင့်နေမှုနှင့် ပတ်သက်၍ အစိုးရက မည်သို့ ဆောင်ရွက်ပေးကို သိရှိလိုကြောင်း Mandalay In-Depth News က ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်အား မေးမြန်းရာ ဒီမိုကရေစီနိုင်ငံဖြစ်၍ ဈေးတင်မရောင်းရန် တားခွင့်မရှိဘဲ စီးပွားရေးသမားများအနေဖြင့် အများဒုက္ခရောက်နေချိန် အခွင့်အရေးမယူသင့်ဟု ပြန်လည်ဖြေကြားသည်။
“ဒီမိုကရေစီနိုင်ငံ ဖြစ်တဲ့အတွက် ပိုမရောင်းနဲ့ ဖမ်းမယ်လို့ ပြောလို့မရဘူး။ ဒီလို မလုပ်သင့်ဘူး ဆိုတာ အသိပညာတွေ ပြောင်းလဲသွားအောင် ပြောပေးရမှာ။ တစ်မျိုးသားလုံး ဒုက္ခရောက်နေတာကို အခွင့်ကောင်းယူပြီး မလုပ်ကြပါနဲ့” ဟု ၎င်းက ပြောသည်။
လှုပ်ရွ၊လှုပ်ရွဖြင့် လူသားများကို ဝါးမြိုကိုက်စားနေပြီး ကမ္ဘာ့ကြီးကို ခြိမ်းခြောက်နေသည့် ဝူဟန်ရောဂါ ခေါ် ကိုရိုနာဗိုင်းရပ်စ်ကို လက်ရှိအချိန်ထိ ထိန်းချုပ်နိုင်ခြင်း မရှိသေးပါ။ ရောဂါ ကူးစက်ခံရသည့် နိုင်ငံနှင့် ရောဂါကူးစက်ခံရသူ အရေအတွက် တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာနေသည်။

မန္တလေးမြို့ခံများ အနေဖြင့် ဝူဟန်ရောဂါကို ကာကွယ်နိုင်ရန် အလေးထားလုပ်ဆောင်ရမည် ဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က အကြံပြုထားသည့်အတိုင်း လက်ကို ဆပ်ပြာဖြင့် သန့်စင်အောင် ဆေးခြင်း၊ အအေးမိ တုပ်ကွေးရောဂါ လက္ခဏာရှိသူများကို ရှောင်ကြဉ်ခြင်း၊ အသား၊ငါးနှင့် ဥများကို ကျက်အောက်ချက်ပြုတ်ခြင်းဖြင့် ဝူဟန်ရောဂါ အလွယ်တကူ ကူးစက်မခံရစေရန် ကာကွယ်နိုင်မည် ဖြစ်သည်။
.
ဝူဟန်ရောဂါ ကာကွယ်ရေး မန္တလေးမြို့ ပွဲစား၊ကုန်သည် စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေး ပဲ၊နှမ်းကုန်စည်ဒိုင်)တွင် နှာခေါင်းစည်း (Mask) များကို အလှူရှင်များက အခမဲ့ဖြန့်ဝေပေးနေစဉ်/ Photo – Bhone Nay
ဝူဟန်ပြန် ကျောင်းသားကျောင်းသူများကို သီးသန့်ထားရှိကာ စောင့်ကြည့်စစ်ဆေးနေသည့် ကန်တော်နဒီဆေးရုံ/ Photo – Nyi Thit, Mg Min Maw
ဝူဟန်ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များ/ Photo – Myanmar CDC.